Wednesday, March 7, 2012

အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ ( မကဒတ )

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ ထုတ်ပြန်ကြေငြာချက် ( ၁/၂၀၁၂) ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) သည်၊ အမှန်တရားနှင့် တရား မျှတမှု ဖော်ထုတ်နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၂)၊ ဆုံးဖြတ်ချက် အမှတ်(၂)အရ အောက်ပါ ရည်မှန်း ချက်များကိုဖော်ဆောင်နိုင်ရန် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ (က) သမိုင်းစာမျက်နှာပေါ်တွင်အကြောင်းနှင့်အကျိုးဆိုင်ရာဖြစ်ရပ်မှန်များကိုစုံစမ်းဖော်ထုတ်သွားနိုင်ရေး။ (ခ) ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့်အမှန်တရားပေါ်ထွန်းရေး။ (ဂ) သက်ဆိုင်သူများအားလုံးနားလည်ကျေနပ်မှုနှင့်ပြန်လည်သင့်မြတ်မှုရရှိစေရေး။ (ဃ) မကဒတ၊ ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ခိုင်မာသောစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းတည်ဆောက်သွား နိုင်ရေး။ (င) အနာဂတ်မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးတို့-ဖြစ်သည်။ ၂။ အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့သည် ၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပျက်ခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ် များအား မကဒတ လက်နက်ကိုင်တော်လှန်ရေးအတွင်း ၀မ်းနည်းကြေကွဲဖွယ်ရာ သမိုင်းဖြစ်ရပ်တခုအဖြစ် ရှုမြင်သုံးသပ်ပြီး အောက်ဖော်ပြပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ (က) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍ ဓမ္မဓိဌာန်ကျသည့် သမိုင်းမှတ်တမ်းတခုဖော်ထုတ်မှတ်တမ်းတင်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။ (ခ) နစ်နာခဲ့ရသူများအတွက် တရားမျှတမှုရရှိရေးအတွက် အလေးထားပြီး လေးနက်တည်ကြည်စွာရပ်တည် ဆောင်ရွက် သွားမည်။ (ဂ) မကဒတ အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲဘော်များ၊ ရဲဘော်ဟောင်းများနှင့် မြန်မာနိုင်ငံ ကျောင်းသားထု အကြား ခိုင်မာမြဲမြံသော နားလည်မှုနှင့်စည်းလုံးညီညွတ်ရေးကို စဉ်ဆက်မပြတ် တစိုက်မတ်မတ် တည်ဆောက်သွား မည်။ (ဃ) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍တာဝန်ရှိမှု၊တာဝန်ယူမှုနှင့်တာဝန်ခံမှုကိုဖော်ထုတ်သွားမည်။ (င) အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့၏ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ဆောင်ရွက်သွားမည်။ ၃။ အထက်ပါ လုပ်ငန်းစဉ်များအား အချိန်မီအောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန်တရား နှင့် တရားမျှတမှု ကို မြတ်နိုးသူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်အပ်ပါသည်။ ဖြောင့်မတ်တည်ကြည်စွာဖြင့် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ မကဒတ (ကျောင်းသားတပ်မတော်)။ ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ မတ် လ ၇ ရက်။ ဆက်သွယ်ရန်။ ။ ရဲဘော်မြင့်ဟိန်း Tel +66 810 229 208၊ Email: julianoo98@gmail.com ရဲဘော်ကျော်ကျော်လင်း Tel +66 862 140 161၊ Email: kyawlin7@gmail.com -- ABSDF-HQ e-mail: absdfhq@csloxinfo.com website: www.absdf8888.org

No comments: