Wednesday, March 7, 2012

ABSDF(မြောက်ပိုင်း)သတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း- အပိုင်း( ၂ )

ABSDF(မြောက်ပိုင်း)သတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း- အပိုင်း( ၂ ) by Ko Lin Wai Aung on Tuesday, March 6, 2012 at 6:26am · ( ၁၈.၃.၁၉၉၂ ) ၄း၀၀နာရီထိုးတော့ တည်းခိုခန်းကထွက်ပြီး ညဈေးဘက်သွားကြတယ် အဝေးပြေးဂိတ်မှာကားတစ်စင်း ငှားပြီးနယ်စပ်ဂိတ်ဘက်သွားကြတယ် မြန်မာဂိတ်ကမဖွင့်သေးတော့ တရုပ်ပြည်ဘက်ကိုလမ်းကြိုလမ်းကြားက ဖြတ်ပြီးနာရီဝက်လောက်သွားရတယ် တရုပ်ပြည်ကြယ်ခေါင်ဂိတ်ကို ရောက်သွားတယ် မူဆယ်နဲ့ကြယ်ခေါင်က မြေတစ်ဆက်တည်းဘာမှမခြားဘူး နယ်ခြားကျောက်တိုင်လေးဘဲခြားထားတယ် တရုပ်ပြည်ထဲရောက်တော့ ဂိတ်မဖွင့်သေးလို့စောင့်နေရသေးတယ် စောင့်ရင်းနဲ့အိမ်သာသွားကြတော့ အိမ်သာကဗမာအိမ်သာတွေနဲ့လုံးဝမတူဘူး တစ်ခုနဲ့တစ်ခုဘေးအကာနိမ့်နိမ့်လေးတွေဘဲကာထားတယ်ရှေ့တည့်တည့်မှာအကာလုံးဝမထားဘူး ညစ်ပတ်တာလည်းအလွန်ဘဲ ရေလုံးဝမသုံးဘူး နောက်တစ်ကြိမ်မသွားချင်တော့ဘူး။ ၆း၀၀နာရီထိုးတော့ဂိတ်ဖွင့်တယ် နေ့ကူးလက်မှတ် တစ်လှည့်စီ သွားလုပ်ကြတယ်ပြီးတော့ တရုပ်ကားနဲ့ရွှေလီကို ဆက်ထွက် ခဲ့တယ် နာရီဝက်လောက်နေတော့ ရွှေလီမြစ်ကိုဖြတ်တဲ့ တံတားကိုဖြတ်ရတယ် နောက်တော့ ရွှေလီမြို့ထဲကိုရောက်လာကြတယ်။ ယိုးဒယားတန်းကိုဖြတ်ပြီး ချစ်လ္ဘက်ရည်ဆိုင်ကိုသွားကြတယ် ချစ်လ္ဘက်ရည် ဆိုင်က ABSDF ကဖွင့်ထားတဲ့ဆိုင်ပေါ့ အဲဒီမှာစခန်းနဲ့ ဆက်သွယ်ပေးမည့်သူနဲ့သွားတွေ့ရတယ် ရောက်ရောက်ချင်း မတွေ့ရသေးဘူး CS သံချောင်းရဲ့ ရဲဘော်လေး မိုးကြိုးဆိုတာနဲ့တွေ့တယ် အသက်၂၀တောင်ရှိပုံမရဘူး မိုးညှင်းဘက်ကလို့ ပြောတယ် လ္ဘက်ရည်ဖျော်တဲ့ မောင်ညွန့်ဆိုတာတွေ့တယ် နံပြားတို့ပလာတာတို့လုပ်တဲ့ ကိုကျော်စိန် ဆိုတာလည်းရှိတယ် ဒီဆိုင်မှာဘဲအစားအသောက်မှာစားကြတယ် မကြာခင်မှာဘဲ အရပ်ရှည်ရှည် ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးနဲ့ ကုလားတစ်ယောက် ရောက်လာတယ် ကိုမောင်မောင်နဲ့ပြောကြပြီးနောက် မိတ်ဆက်ပေးတယ် သားသမီးတွေနေကောင်းကြရဲ့လားလို့မေးကြတယ် အားလုံးကောင်းပါတယ်လို့ ပြောတယ် နောင်တောင်းမှာ PASSPORT လုပ်ကြဘို့ ကိုမောင်မောင်ကစီစဉ်တယ် တရုပ်ငွေလဲဘို့လုပ်ကြရတယ်။ ကိုယ်တို့ကတော့ဆိုင်မှာဘဲကျန်နေခဲ့ကြတယ် မကြာခင်မှာ ရှေ့နားက စားပွဲကနေ ကျောင်းသား၃ယောက် ကွက်ကြည့်ကွက်ကြည့်နဲ့လုပ်နေတယ် ကျော်မြင့်နဲ့လည်း တိုးတိုးပြောနေကြတယ် အဲဒီမှာအောင်နိုင်ကိုတွေ့တယ် ကျန်တဲ့သူတွေကိုမသိဘူး အောင်နိုင်ကို သိတာက သားကဘောင်ဒရီလမ်း သူတို့ပါတီမှာနေတုံးက ကိုယ်သွားရင်းလာရင်းနဲ့ မန္တလေး(ဆေး)က အောင်နိုင်လို့ ပြောပြထားလို့သိတာပါ ဒါပေမယ့်သူက မမှတ်မိတာလား မသိချင် ဟန်ဆောင်နေတာလား မသိဘူး ကိုယ်ကလည်းသိပေမယ့် မသိဟန်ဆောင်နေပါတယ် သူ့ကို ဥက္ကဋ္ဌဆိုတာလည်း သိပါတယ် ဘာကြောင့်လည်းဆိုတော့ မြက်ခင်းသစ်ထဲမှာ သူတို့အကြောင်းပါထားတာကိုး သွားခါနီး သမီးအကြီးက အောင်နိုင်အဲဒီမှာဥက္ကဋ္ဌ ဖြစ်နေတာလို့ပြောလိုက်သေးတယ် ဒါပေမယ့်သူတို့အဖွဲ့က ကိုယ်တို့အဖွဲ့ကိုဘာမှ နှုတ်ဆက်တာမရှိဘူး စိတ်ထဲမှာတော့တော်တော်လူပါးဝတယ်လို့ သူတို့ကိုယ်သူတို့ ဥက္ကဋ္ဌတွေဆိုပြီး မိဘတွေကို မခန့်လေးစားလုပ်တယ်ဆိုပြီးတော့ပေါ့လေ။ ကိုမောင်မောင်တို့ပြန်လာတော့ မနက်ဖြန်သွားဘို့တိုင်ပင်ကြတယ် ကားခကတရုပ်ငွေ၅၀၀ကျပ်ကျတယ်တဲ့ ကိုယ်တို့အဖွဲ့က၃၀၀ခံရမယ် သူတို့က၂၀၀ကျခံမယ်တဲ့ ငွေ၃၀၀နဲ့အခြေအတင်ပြောနေရင်စိတ်ခုပြီးကလေးတွေကိုတခုခု လုပ်မှာစိုးလို့ ပေးပါ့မယ်လို့ပြောကြတယ် သိရတာက ကိုယ်တို့ကို ရွှေလီကနေ စခန်းအရောက် စရိတ်ကို သူတို့ကုန်ကျခံမှာလို့ ပြောထားတာ ဘာစိတ်ကူးပေါက်သွားလည်းမသိဘူး စရိတ်တ၀က်ခံခိုင်းတာ ပြီးတော့ နောင်တောင်းကို ညအိပ်လက်မှတ်သွားလုပ်ကြရတယ် နောင်တောင်းကရွှေလီရဲ့အနောက်ဘက်လို့ထင်တယ် နာရီဝက်လောက် သွားရတယ် မြေပြန့်ဒေသဆိုတော့ ပဲ၊ဂျုံ၊ဟင်းသီးဟင်းရွက် အသီးအနှံ တွေစိုက်ထားတာ တွေ့ရတယ် နောင်တောင်းရောက်တော့ ကလေးမလေးတွေက စက်ဘီးငှားမလားဆိုပြီး အပြေးအလွှားမေးကြတယ် နောက်မှသိရတာက စက်ဘီးငှားစီးသွားရင် နမ့်ခမ်းထိသွားလို့ရတယ်လို့သိရတယ် တရုပ်ရဲစခန်းရောက်တော့ ၁၂း၀၀နာရီထိုးပြီ အရာရှိက ပုံစံစာရွက်တွေ သော့ခတ်ထားခဲ့လို့ ညနေ၃း၀၀ မှရမယ်ဆိုလို့ စောင့်ရတယ် ကားသမားက၄း၀၀နာရီမှပြန်လာခေါ်မယ်ဆိုပြီးကားဆွဲဘို့ထွက်သွားတယ် ကိုယ်တို့လည်းဗမာပြည်လိုမှတ်ပြီး အမြန်ပြီးအောင် ပိုက်ဆံနဲနဲ ပေးလိုက်ပါလား လို့ပြောတော့ တရုပ်ပြည်ကဒီလို လာပ် ပေးလာတ်ယူ လုပ်လို့မရဘူးတဲ့ ဒါနဲ့ခရီးကလည်းပန်း ခြေထောက်ကလည်းညောင်းမို့ ရုံးရှေ့ကခုံရှည်ပေါ်မှာထိုင်ရင်း ခြေထောက်ကိုအပေါ်တင်ပြီး တင်ပလ္လင်ခွေထိုင်နေလိုက်တယ် အဲဒါတရုပ် ရဲဝန်ထမ်းတစ်ယောက် ရှူးရှူးရှဲရှဲရောက်လာပြီး ဒီလိုမထိုင်ရဘူး ခြေထောက်အောက်ချထိုင်ရ မယ် ပြောလို့ အရေးတကြီးချထိုင်ရတယ်…သြော်.. သူတို့ယဉ်ကျေးမှုကို တော်တော်အလေးပေးသားဘဲပေါ့ ဒါပေမယ့်အိမ်သာကတော့ ကမ္ဘာပေါ်မှာအညံ့ဆုံးနဲ့ အညစ်ပတ်ဆုံးပါဘဲ အိမ်သာမဖြစ်မနေသွားတော့လည်း အထဲမှာ အဖွားကြီး၃ယောက်တန်းစီ ငုတ်တုတ်ထိုင်နေတာတွေ့တယ် ပထမတော့လန့်သွားတာပေါ့ နောက်တော့မထူးပါဘူးဆိုပြီး သူတို့ဘေးကအလွတ်မှာဝင်ထိုင်ပြီး အပေါ့ အလေးသွားရတယ်။ နယ်စပ်ကယူနန်တရုပ်တိုင်းရင်းသားတွေက ရင်ဖုံး(သို့)ရင်စေ့ အင်္ကျီနဲ့ထဘီဝတ်တယ် ဘီးကျော့ပတ် တွေနဲ့ အညာအဖွားကြီး တွေနဲ့တူတယ်….နမ့်ခမ်းနဲ့နီးတော့တရုပ်လိုရော ရှမ်းလိုရောပြောတတ်ကြတယ် ၃း၀၀နာရီမှာတရုပ်အရာရှိရောက်လာလို့ FORM တွေဖြည့်ရတယ် ကိုမောင်မောင် အရင်လာတုံးက စာအုပ်ရှိထားလို့ထပ်လုပ်စရာမလိုဘူး FORM ဖြည့်ပေးမယ့် ကားသမားမရှိလို့ စတိုးဆိုင်က တရုပ်မလေးကို တစ်ယောက်၃၀ကျပ်စီ ပေးပြီးဖြည့်ခိုင်းရတယ် အားလုံးပြီးတော့ ကားသမားကိုစောင့်ပြီး ရွှေလီက ချစ်လ္ဘက်ရည်ဆိုင်ကိုပြန်ခဲ့ကြတယ်။ အဲဒီမှာ ဥက္ကဋ္ဌ နဲ့အဖွဲ့ကိုတွေ့တယ် ဘာမှမပြောဘူး ကျော်မြင့်က မနက်၆း၃၀ လာဘို့ချိန်းတယ် ငြိမ်းချမ်းတည်းခိုခန်းမှာ သွားတည်းကြတယ် ညနေစာကို ၇၈၆ ဆိုင်မှာသွားစားကြတယ် ဦးအေးနိုင်က တရုပ်လိုမမှာတတ်လို့ လက်ညှိုးထိုးပြပြီးမှာရတယ် အနားက စားပွဲမှာလက်တွေမြှောက်ပြီး အော်ဟစ်နေတာတွေ့လို့ မေးတော့ အဲဒါကစားနည်းတစ်မျိုးတဲ့ ရှုံးတဲ့သူကအရက်သောက်ရတယ်တဲ့ မူးလဲတဲ့အထိတဲ့ သူတို့ကစားနည်းကတစ်မျိုးပါလားပေါ့ မသိတဲ့သူဆို ရန်ဖြစ်နေကြတယ်ဆိုပြီး ဆိုင်ထဲကထွက်ပြေးသွားမလားဘဲ စားသောက်ပြီးကြတော့ ပိုက်ဆံရှင်းဘို့ ခေါ်တော့ အမျိုးသမီးက ဘာဟင်းတွေနဲ့စားကြတာလည်းလို့ ဗမာလိုပြောရော ဦးအေးနိုင်ကဒေါသအရမ်းဖြစ်သွားပြီး ထပြီးရိုက်ချင်စိတ်တောင် ပေါက်လာတယ်လို့ပြောတယ် ဟင်းမှာ တုံးက ဗမာလိုလုံးဝမတတ်သလိုနေနေပြီး ငွေရှင်းမယ်ဆိုတော့မှဗမာလိုပြောတယ်ဆိုပြီးပေါ့ ရွှေလီမှာအဲဒီလို အကျင့်ရှိတယ်တဲ့ ပြီးတော့ တည်းခိုခန်း ပြန်အိပ်ကြတယ် ။ ( ၁၉.၃.၁၉၉၂ ) နံက်၆း၃၀မှာချစ်လ္ဘက်ရည်ဆိုင်ကို သွားကြတယ် ဒီနေ့ကလေးတွေနဲ့ တွေ့ကြရမယ်ဆိုပြီး ၀မ်းသာနေကြတယ် အဲဒီမှာစောင့်ရင်းနဲ့ ၁၀း၀၀နာရီထိုးတော့တာဘဲ ဥက္ကဋ္ဌနဲ့အဖွဲ့ကလည်းအစဉ်သင့်ဘဲ ဥက္ကဋ္ဌကပြောတယ်တဲ့သူ့ကိုဥက္ကဋ္ဌလို့လည်းမသိပါစေနဲ့ ဘယ်သူနဲ့မှလည်းမိတ်မဆက်ပေးပါနဲ့လို့ပြောတယ်တဲ့ သူ့ကိုသွားစကားမပြောဘို့ကိုမောင်မောင်က ပြောတယ် သူလည်းကိုယ်တို့နဲ့အတူ စခန်းကို ပြန်လိုက်မယ်လို့ ပြောတယ်တဲ့ ဗျူဟာ( ၂ ) ဘက်ကပြန်လာတာလို့နောက်မှသိရတယ် ဗျူဟာ(၂)ကဗန်းမော်ဘက်မှာရှိတာလို့ သိရတယ် တည်းခိုခန်းမှာကတည်းက တိုင်ပင်လာတာက ကလေးတွေပါလာရင် ရွှေလီမှာ၂ရက်၃ရက်နေပြီး စားချင်တာစား ၀ယ်ချင်တာဝယ်ပြီးမှ ပြန်မယ်လို့ပြောထားကြတယ် ၁၀း၃၀လောက်ရွှေလီကထွက်လာကြတယ် တောတောင်တွေ တွေ့လိုက်၊ မြို့ရွာတွေ တွေ့လိုက်နဲ့ပေါ့ ကား ကက်ဆက်ထဲကနေ ကျောင်းသားတွေဆိုတဲ့ ဒီမိုကရေစီ သီချင်းတွေဖွင့်ပြတယ် နောက်တော့ဥက္ကဋ္ဌက ကိုမောင်မောင်ကို မိဘတွေနဲ့မိတ်ဆက်ခိုင်းတယ် တဦးချင်းမိတ်ဆက်ပြီး စကားနဲနဲပြောတယ်နောက်ဘယ်သူမှစကားမပြောဖြစ်ကြတော့ဘူး။ ကလေးတွေနဲ့တွေ့ရဘို့အတွက် စိတ်ကူးနေကြတယ် ပုတီးစိတ် ဂါထာရွတ်သူကရွတ်ပေါ့ ကလေးတွေနဲ့တွေ့တဲ့အခါ အကောင်းပကတိမှတွေ့ရပါ့မလား ခြေကျိုးလက်ကျိုးမျက်စေ့ကန်းနဲ့ တွေ့ရမလား….ဟာ… ကျနော်တို့စစ်ရင်းနဲ့ လက်လွန်သွားလို့ဆိုပြီး မြေပုံဘဲတွေ့ရမလား လာပေါင်းများစွာနဲ့တွေးရင်းလိုက်လာရတယ် ဥက္ကဋ္ဌကလည်း ခပ်တည်တည်နဲ့ ဖေါ်ဖေါ်ရွေရွေမရှိတော့ ပိုပြီးသံသယ၀င်တာပေါ့ ဒီလိုနဲ့ယင်ကျန်းကို၁း၃၀နာရီလောက်ရောက်တယ် တရုပ်စားသောက်ဆိုင်တခုမှာဝင်ပြီးစားကြတယ် ဥက္ကဋ္ဌနဲ့အဖွဲ့ကလည်း ဟင်းကောင်းကောင်းမှာပြီး ကျွေးပါတယ် ကားသမားအပါအ၀င် ၁၁ယောက်စားကြတာ ၆၀၀ကျပ်လောက်ကျတာ ဥက္ကဋ္ဌကဘဲထုတ်ရှင်းလိုက်တယ် ၂း၃၀လောက် ကားဆက်ထွက်လာတာ ၄နာရီလောက်ကြာတော့ ဆမားဆိုတဲ့မြို့ကိုရောက်တယ် ဆမားမှာ PASSPORT စာအုပ်လေးတွေ ပြန်အပ်ခဲ့ရတယ် သွားအပ်နေတုံးမှာနောက်နားက ကျောင်းသားတစ်ယောက်က စပြီးနှုတ်ဆက်တယ်။ ကားပေါ်မှာ ဥက္ကဋ္ဌရယ်၊သူ့ရဲဘော်လေးရယ်၊၅၀၁ရင်းမှူးရယ်ပါတယ် ကိုယ်တို့နောက်က တစ်ယောက်က(၅၀၁)ရင်းမှူး သိုက်ထွန်းဦးဆိုတာ သိရတယ် သူလည်း တလမ်းလုံးစကားမပြောဘဲ လိုက်လာတာ ဆမားရောက်မှ ကိုယ့်ကိုအန်တီက ကိုရဲအမေလား ကိုရဲဖမ်းတုံးကသူမျက်ရည်ကျရတဲ့အကြောင်း ကိုရဲနဲ့သူနဲ့အတူအိပ် အတူစား နေခဲ့ရတဲ့အကြောင်း ရှေ့တန်းသွားလည်း အတူတူဖြစ်တဲ့အကြောင်း သူကရင်ပြည်နယ်ဘက်ကလာခဲ့တဲ့အကြောင်းနဲ့ MASTER တက်နေတာဖြစ်တဲ့အကြောင်း ကိုရဲပြောပြလို့ မခိုင်ကို အာယုတို့အတန်းကလို့သိရကြောင်း သူတို့ကို စာဂျပိုးတွေမို့ သိပ်မသိကြောင်း ၀င်းဝင်းကြိုင်ကိုတော့ သိကြောင်း ပြောပြတယ် အာယုလည်း အမေရိကားကို ပညာသင်ပါသွားကြောင်းပြောပြတယ် ( ကိုအာယု ဆိုတာက ကိုဇာဂနာရဲ့ညီတစ်ဝမ်းကွဲပါ)။ နောက်မိနစ်၄၀လောက်မောင်းရင် စခန်းကိုရောက်မှာဖြစ်ကြောင်း ပြောတယ် ဒါနဲ့သားနေကောင်းရဲ့လားမေးတော့ ဟိုတလောကထုံဖြစ်လို့ဆေးထိုးရတဲ့အကြောင်း သူတို့ကိုဘယ်လိုမှ မထင်ပါနဲ့တဲ့ စိတ်မရှိပါနဲ့တဲ့ဖမ်းထားတာဆိုတော့ အချုပ်ထောင်ထဲမှာနေရတာဆိုတော့ အပြင်မှာလိုမဟုတ်ကြောင်း ပြောတယ် ၀ဏ္ဏဇော်အကြောင်းလည်းပြောပြတယ် ဒီလိုနဲ့ဆက်ထွက်လာကြတာ ရှားဟော့ပါဆိုတဲ့ရွာ ကိုဖြတ်ပြီးတဲ့နောက် ကချင်ဒေသဖြစ်တဲ့ လိုင်စင်စခန်းကိုဝင်လာခဲ့တယ် KIA ဂိတ်ကိုပထမတွေ့ရတယ် KIA ရဲမေတွေစောင့်တယ် ကားဝင်ဘို့တံခါးမောင်းတံဖွင့်မပေးဘူး အဲဒါဥက္ကဋ္ဌဆင်းပြီး ဖုန်းဆက်တော့မှ တံခါးဖွင့်ပေးတယ် ကားဝင်ခွင့်ပေးတယ် ကိုက်၅၀လောက်သွားပြီးတော့ ABSDF ဂိတ်ကိုရောက်တယ် မိန်းကလေးစောင့်နေတာ တန်းဖွင့်ပေးတယ် နဲနဲကားလှိမ့်လာတော့ ရောက်ကာနီးမှကားစက်ရပ်သွားတယ်။ ညာဘက်ကတောင်ကုန်းပေါ်မှာABSDF ခွပ်ဒေါင်းအလံ လွှင့်ထားတာတွေ့တယ် အဲဒီရှေ့မှာကျောက်တုံးတွေနဲ့ABSDF စာလုံးဖေါ်ထားတာတွေ့တယ် ကိုယ့်ကိုယ်ကိုအိပ်မက်မက်နေသလားထင်မိတယ် တခါမှမမျှော်မှန်းမိတဲ့ အရပ်ဒေသ အဖွဲ့အစည်း သူပုန်စခန်းကိုရောက်နေတာ အရမ်းအံ့သြမိတယ် ဒါနဲ့ကားစက်ပြန်နှိုးလို့ရတော့ တောင်ကွေ့တစ်ခုလည်း ကွေ့လိုက်ရော ခန်းမတစ်ခုရှေ့မှာကားကိုထိုးရပ်လိုက် တယ် ကားပေါ်ကဆင်းတော့ မိန်းကလေးတွေယောင်္ကျားလေးတွေ ၀ိုင်းလာကြတယ် သူတို့ကKIAကအဖွားကြီးတွေပါလာတယ်ထင်လို့ နောက်မှမိဘတွေမှန်းသိပြီးအထုတ်တွေ ၀ိုင်းဆွဲကြပြီး စစ်ရုံးဆီခေါ်လာကြတယ် စစ်ရုံးရှေ့မှာ ပါလာတဲ့အထုတ်တွေကိုရှာဖွေကြတယ် နောက်အခန်းထဲခေါ်သွားပြီး ကိုယ်တို့အမျိုးသမီးတွေကို ကျောင်းသူလေးတွေက တစ်ယောက်စီ ကိုယ်ပေါ်မှာရှာကြတယ် အားလုံးရှာဖွေပြီးတော့ ကိုမောင်မောင်နဲ့ဦးအေးနိုင်ကိုထားခဲ့ပြီး ကိုယ်တို့၅ယောက်ကို စစ်ရုံးထက်မြင့်တဲ့ တောင်ကုန်းပေါ်ခေါ်သွားတယ် စခန်းလည်းရောက်ရောအေးလိုက်တာအလွန်ပါဘဲ အပေါ်ရောက်တော့ နေရာထိုင်ခင်းပေးတယ်။ ၀ါးနဲ့လုပ်ထားတဲ့အိပ်စင်လေးတွေပေါ့ တစ်ခန်းမှာအိပ်စင်၂ခုရှိတယ် ၂ခန်းရှိတယ် တစ်ယောက်ပိုနေတော့ ကိုယ်နဲ့အန်တီစန်းက အိပ်စင်တစ်ခုမှာ၂ယောက်အိပ်ရတယ် ကိုယ်တို့ကို စောင့်ရှောင့် ကျွေးမွေးဘို့ ရဲမေ၂ယောက်ထားတယ် ထမင်းလည်းအရေးတကြီးချက်ကျွေးတယ် ရောက်ခါစ ဆိုတော့ မိန်းကလေးတွေရော ယောင်္ကျားလေးတွေရောလာကြ သတင်းမေးကြပေါ့ ထောက်လှမ်းရေးတာဝန်ခံ သန်းဇော် ကလည်း ရေအဆင်သင့် သုံးရအောင် ရေတစ်ပုံးဆွဲပြီးလာပို့တယ် ညရေးညတာထရင် မိန်းကလေး၂ယောက်ကိုနှိုးဘို့ပြောတယ် ဆေးဆရာမ ဘောက်မိုင်တို့လည်းလာလည်ကြတယ် အနွေးထည်တွေလာပေးကြတယ် ဘာမှအားမနာဘို့ သားသမီးတွေနဲ့ နောက်နေ့ပေးတွေ့မှာဖြစ်တဲ့ အကြောင်းပြောပြကြတယ် မိန်းကလေးအုပ်စုက သူတို့မိဘတွေလာသလို မျိုးပျော်နေကြတယ် အဲဒီနေ့ကမောမောနဲ့အိပ်ရာဝင်လိုက်ကြတယ်။ ( ၂၀.၃.၁၉၉၂ ) မနက်စောစောထတော့ ကုတင်ခြေရင်းမှာ ရေတွေနင်းမိလို့အန်တီစန်းကိုပြောလိုက်တယ် အန်တီစန်းကတရေးနိုးတော့အပြင်မထွက်ရဲဘူး ကင်းတွေနဲ့တွေ့ရင်လူမှားပစ်မှာစိုးလို့ဆိုပြီး ကျွတ်ကျွတ်အိတ်ထဲ အပေါ့သွားပြီး ကုတင်တိုင်မှာချိတ်ထားလိုက်တာတဲ့ ကျွတ်ကျွတ်အိပ်ကို ကြည့်တော့အပေါက်ကြီးနဲ့ ဘာမှမရှိတော့ဘူး မြေကြီးမှာရောက်ကုန်တာပေါ့ ပြောပြောပြီးရီမိကြတယ် မနက်ကျတော့ဥက္ကဋ္ဌလည်းတဲပေါ်တက်လာတယ် အေးအေးဆေးဆေး အားမနာဘဲနေကြဘို့ ကလေး တွေကိုပေးတွေ့မှာဖြစ်တဲ့အကြောင်းပြောတယ် ကိုယ့်ကိုလည်းအန်တီ့ကိုမြင်ဘူးတယ်တဲ့….ဟုတ်တယ်။ ဘောင်ဒရီလမ်းကကိုရဲတို့ဆီလာလာနေတာလို့ပြောတယ် အောင်ဇော်မင်းကိုလည်းသတိရကြောင်း ပြောပေးပါလို့ ပြောတယ် နောက်စကားနဲနဲပြောပြီးပြန်ဆင်းသွားတယ် အဲဒါအပြင်ထွက်ကြည့်ပြီး ကလေးတွေကို ဘယ်မှာထားသလဲ မေးတော့ ကိုယ်တို့ရှေ့က အလံတိုင်ရှိတဲ့ တောင်ကုန်းရဲ့နောက်က အနိမ့်ပိုင်းထဲမှာထားတယ်လို့ပြောတယ် ကလေးတွေ မိဘတွေရောက်တာသိပြီးပြီလားမေးတော့ မပြောရသေးဘူးလို့ပြောတယ် ကလေးတွေနဲ့ ဒီနေ့ပေးတွေ့မယ်ပြောတော့ ၀မ်းသာနေကြတယ် ရဲမေ၂ယောက်က ထောက်လှမ်းရေးတဲမှာ ထမင်းသွားချက်နေတုံး သက်လင်း(တာတီးပိုး)နဲ့ ဖိုးနှောင်းတို့က တစ်လှည့်စီ လာစောင့်ကြတယ် သူတို့ကိုလည်း သားတွေအကြောင်းမေးရတာပေါ့ ကိုရဲဆိုရင် ထုံဖြစ်လို့ ခြေတွေလက်တွေမြှောက်မရလို့ ဆေးထိုးလိုက်မှပျောက်သွားတယ်လို့ပြောတယ် ထောက်လှမ်းရေးလို့ထင်တဲ့ ကျောင်းသားတွေကိုဖမ်းပြီး ဘယ်လိုရိုက်တာ ဘယ်လိုစစ်တာ ဘယ်လိုသေနတ်နဲ့ပစ်လိုက်တာဆိုတာကို ဒီ၁၇နှစ်သားသာရှိသေးတဲ့ ထောက်လှမ်းရေးတပ်စုက တပ်သားတာတီးပိုးကမြိန်ရေယှက်ရေပြောပြနေတာ နားထောင်ရတာကျောထဲကစိမ့်ပြီး အရမ်းကိုရွံရှာမုန်းတီးသွားတယ် ကျောင်းသားအရွယ် လူငယ် အဖွဲ့အစည်းတွေထဲမှာ ၀ါရင့်လူသတ်သမားကြီးတွေလို ရက်စက်ယုတ်မာတဲ့လူသတ်ဝါဒဟာ ၀င်ရောက်နေပါလား ဘ၀တူဇာတ်တူသားကို စားနေကြတာပါလား။ ကွန်မြူနစ်ဝါဒတွေမှိုင်းမိ နေကြတာလား သူတို့အဖွဲ့အစည်းထဲမှာကွန်မြူနစ်တွေများ စိမ့်ဝင်နေသလားလို့ထင်ရတယ် ကိုယ်တို့အားလုံးကရောက်တာနဲ့ဘုရားရှီခိုး…ပုတီးစိပ်…ဂါထာရွတ်နဲ့တောင်ကုန်းတစ်ခုလုံး တရားသံ တွေဝေနေတယ် အဲဒါပဋ္ဌာန်း(၂၄)ပစ္စည်းမှာပါတဲ့ အဓိပတိပစ္စယောလို့ရွတ်တာကို ဒီထောက်လှမ်းရေးက ကလေးက မထိတထိပစ္စယောလို့ ပြောင်ဆိုသေးတယ်…..သြော်…တော်တော်အသိနက်တဲ့ကလေးပါလားလို့…သူ့ပြောကြားချက်အရ ကျောင်းသားတစ်ယောက်ကိုဖမ်းပြီး လက်ပြန်ကြိုးတုတ်ထားတာ အဲဒီကျောင်းသားက ဂါထာမန္တယားတွေရွတ်တော့ ကြိုးပြေသွားတာကို မင်းဂါထာကတယ်အစွမ်းထက်ပါလား နောက်မင်း ကြိုးမပြေရအောင် ရွတ်ချင်တဲ့ဂါထာရွတ်ဆိုပြီး လက်ဝါးကပ်တိုင်မှာကပ်ပြီး လက်ကောက်ဝတ်နှစ်ဘက်ကို ဓါးမြှောင်နဲ့ထိုးစိုက်ပြီး တစ်ညလုံးပစ်ထားလိုက်တာ သွေးလွန်ပြီးသေသွားတယ်လို့ ဂုဏ်ယူပြီးပြောတာ ရွံရှာစွာနဲ့ဘဲ နားထောင်နေရတယ် ။ မနက်၉း၀၀နာရီလောက် မနက်စာထမင်းကျွေးတယ် မုန်ညင်းနဲ့အာလူးကအမြဲပါတယ် ၀က်သား အာလူး၊ အမဲသားအာလူး၊ ကြက်ဥကြော် တစ်ပတ်(၂)ခါလောက် စားရတယ် ကျန်တာကမုန်ညင်းကို ချဉ်ရည်ချက်လိုက် ကြော်လိုက်၊ဂေါ်ဖီကြော်၊ မြေပဲကြော်၊အမျိုးမျိုးကို ရှိတာလေးနဲ့ဖြစ်အောင်ချက်ကျွေးတတ်တဲ့ တင်စန်းဦးနဲ့မငွေ တို့ကိုမမေ့ပါဘူး အေးကလည်းအေးတော့ ရောက်တဲ့နေ့ကစပြီး မီးဖိုမှာမီးလှုံရင်း စကားပြောရတယ် ရန်ကုန်မှာနွေဖြစ်ပေမယ့် အဆများစွာအေးတယ် ညရောက်တော့ဂွမ်းကပ်တွေကရေခဲတုံးလိုအေးစက်နေတယ် တော်တော်နဲ့ မနွေးလာဘူး ထုတ်တန်းမှာဝါးလုံးတန်းပြီး တန်းမှာသံကြိုးတချောင်းချပြီး အဖျားမှာချိတ်တစ်ခုတပ်ပြီး ရေနွေးအိုးတည်ရတယ် ရုပ်ရှင်ထဲကသူပုန်စခန်းတွေမှာ ရေနွေးအိုးတည်တဲ့အတိုင်းဘဲ သားသမီးတွေ အသက်ရှင်ရေးအတွက် သက်စွန့်ဆံဖျား သူပုန်စခန်းလာပြီး သူတို့ဓလေ့ သူတို့ထုံးစံအတိုင်း နေရတာလို့ အောင့်မေ့မိတယ် ညနေစာစားပြီးတော့ ဒေါ်မြင့်မြင့်ကြည်ကို ဘိုဘိုနဲ့တွေ့ဘို့ခေါ်တယ် မကြာဘူးအရီကို ၀ဏ္ဏဇော်နဲ့တွေ့ဘို့ခေါ်တယ် နောက်တော့အန်တီကြီးနဲ့ အန်တီစန်းကို သူတို့သားသမီးတွေနဲ့ တွေ့ဘို့ခေါ်တယ် (၃)နှစ်ကျော်လောက် သားသမီးတွေနဲ့မတွေ့ရတော့တာ ခုမှပြန်တွေ့ရတော့ ဝမ်းသာဝမ်းနဲဖြစ်ကြတာပေါ့ အန်တီကြီးကနှလုံးရောဂါရှိတော့ စိတ်ထိမ်းပါလို့မှာရတယ် မမြင့်ကြည်နဲ့အရီကို သူတို့သားတွေနဲ့ပေးတွေ့ပြီး ဥက္ကဋ္ဌ တဲမှာ VIDEO ကြည့်ဘို့ ခေါ်သွားတယ်တဲ့ အန်တီကြီးနဲ့အန်တီစန်းကည၁၀း၀၀နာရီကျော်တဲ့အထိပြန်မလာဘူး တဲမှာက ကိုယ်ရယ် ကိုမောင်မောင်ရယ် ရဲမေ၂ယောက်ရယ်ကျန်တယ် အဲဒါဒီနေ့တော့ မတွေ့ရတော့ဘူး ထင်ပြီး အိပ်ယာထဲ ၀င်အိပ်နေလိုက်တယ် ၁၅မိနစ်လောက်ကြာတော့ ကျောင်းသားရဲဘော်တစ်ယောက်က အန်တီစိန်ရေဆိုပြီးလာခေါ်တယ် မှောင်မဲမဲမှာသူတို့ကိုတွဲပြီးတောင်အောက်ဆင်းလိုက်သွားတယ် အောက်ရောက်တော့ မနေ့ကတည်းကကွဲသွားတဲ့ ဦးအေးနိုင်ကိုတွေ့တယ်။ ခဏနေတော့ ဦးအေးနိုင်သား ကျော်နိုင်ဦးနဲ့ ကိုယ့်သား ရဲလင်းတို့နှစ်ယောက်တွဲဝင်လာတယ် ၀င်လာလာချင်းမိဘတွေကို ထိုင်ကန်တော့ကြတယ် သားတို့မေမေတို့လာမှန်းသိလားဆိုတော့ မနက်ကသိတယ်တဲ့ ခုလည်းသူများတွေ လာလာခေါ်လို့ သူတို့ကိုလည်းလာခေါ်မှာဘဲဆိုပြီး စောင့်နေကြတာတဲ့ အသားကလည်းမဲတူး ခြေတွေလက်တွေကလည်း မဲတူးညစ်ပတ်လို့ မီးသွေးအိတ်ထမ်းတဲ့လူတွေရဲ့ ခြေလက်တွေကမှ သန့်ဦးမယ် တွေးရင်းစိတ်မကောင်းဖြစ်လိုက်တာ မငိုမိအောင်စိတ်ထိမ်းထားရတယ် ထောက်လှမ်းရေးတာဝန်ခံသန်းဇော်ရယ် ရုံးအုပ်တစ်ယောက်လက်နှိပ်စက်ရိုက်တယ် ကျန်တာက နေဒွန်းတို့သက်ထွန်းတို့ပေါ့ သူတို့ရှေ့မှာဘဲ ကဲ မင်းတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေ မင်းတို့မိဘတွေကိုပြော လိုက်ဆိုတော့ သားက သူန၀တထောက်လှမ်းရေးအလုပ်ကို ၁၉၈၅ထဲကလုပ်တာတဲ့ ငွေယားတောင်ကို ဗိုလ်သင်တန်းသွားဖြေတာမဟုတ်ဘူး ထောက်လှမ်းရေးသင်တန်း(၆)လသွားတက်ရတာ အဲဒီထောက်လှမ်းရေးအလုပ် လုပ်ဖို့ အဖေကဆက်သွယ်ပေးတာ ဘဏ်မှာလုပ်တာက ထလရ အလုပ်ကိုကာဘာယူဘို့လုပ်တာ လစာ၅၅၀ ကျပ်ရတာကိုလည်း အမေမသိအောင် သုံးပစ်တာတဲ့ သူပြောတာတွေနားထောင်ပြီး ကြောက်လို့ လန့်လို့ လိမ်ပြီးပြောတဲ့ လိမ်စဉ်ဇာတ်လမ်းဆိုတာ ကိုယ့်ရင်ထဲမှာသိနေတယ် ယုံလည်းမယုံဘူး ရင်ထဲမှာ သရောသရီရီနေရတယ် တစ်လျှောက်လုံးလည်း VIDEO ကရိုက်နေတယ် ဒါပေမယ့်ကိုယ်ကပြန်ပြောလိုက်တယ် သားကိုမေမေသိတာက ကျောင်းသားအရေးကိစ္စနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတာလို့ဘဲသိတယ် မင်းကိုဒီလိုအလုပ် လုပ်နေတယ်ဆိုတာလည်း မသိဘူး မင်းအဖေလည်းဒီစာရတော့ တက်တခေါက်ခေါက် ဖြစ်နေတယ် လို့ပြောလိုက်တယ်။ အဲဒီတော့သန်းဇော်က ဒီအလုပ်လုပ်ခိုင်းတာ မိဘတွေမသိဘဲ လုပ်ခိုင်းတာဘဲ ဘယ်မိဘသိမလဲလို့ပြောတယ် ကိုယ့်စိတ်ထဲမှာ ငါ့သားဟာ န၀တ ထောက်လှမ်းရေးမဟုတ်ဖူး ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေတဲ့ ကျောင်းသားဘဲ လို့ငြင်းလိုက်ချင်တာအသဲကိုယားနေတာဘဲ ဒါပေမယ့်ကိုယ်တို့က လက်နက်မဲ့ သူတို့မှာအချိန်မရွေးသတ်လို့ရတဲ့ လက်နက်တွေရှိတယ် သူတို့လက်ခုတ်ထဲကရေဖြစ်နေတော့ ရေငုံနှုတ်ပိတ် နေရတယ်။ အိမ်ကအစ်မတွေ ညီတွေညီမတွေအကြောင်းမေးတယ် အစ်ကိုနဲ့အစ်မအိမ်ထောင်ကျသွားပြီဆိုတဲ့အကြောင်း အဖေနဲ့အမေအသက်ကြီးလာပြီဖြစ်လို့ သားကိုဘဲအားကိုးစရာရှိတဲ့အကြောင်း….ပြောတော့ သားကသူတို့ဘက်လှည့်ပြီး ကျနော်ဘဲအကြီးဆုံးရှိတော့တာ အမေအဖေတို့ကိုလုပ်ကျွေးဘို့ ပြန်လိုက်သွားမယ်လို့ပြောတယ် အဲဒါပြောဆိုပြီးတော့ သူ့ကိုလည်းထောင်ထဲပြန်ထည့် ကိုယ်တို့လည်း တောင်ကုန်းပေါ်ပြန်တက်ခဲ့ ရတယ် တဲကိုပြန်ရောက်တော့ ၀ိုင်းမေးကြတာပေါ့ ကလေးတွေအားလုံးက ပြန်မယ်ပြောတဲ့အကြောင်း ကလေးတွေကျန်းမာရေးအခြေအနေ မကောင်းတဲ့အကြောင်း ပြောကြတယ် ထောက်လှမ်းရေးတဲမှာဘဲ မိဘတစ်ဦးချင်းရဲ့ကိုယ်ရေးရာဇ၀င်ရေးပြီး ကိုယ့်ရဲ့သားသမီးတွေပြောပြချက်အရ ထောက်လှမ်းရေးလုပ်မှန်းသိရပါတယ် နောက်နောင်ကို မလုပ်စေရပါဘူး ဒီကိုလာတာလည်းန၀တက သွားချင်သွား…မသွားနဲ့လို့လည်းမပြောဘူး….သွားပါလို့လည်းမပြောပါဘူးလို့ ပြောတယ်ဆိုတဲ့အကြောင်း ၀န်ခံလက်မှတ်ရေးထိုးခဲ့ရတယ် အားလုံးလည်း ဒီစာသားအတိုင်း လက်မှတ်ရေးထိုးခဲ့ရတာပါ ကလေးတွေနဲ့တွေ့ရတော့ နဲနဲစိတ်ချမ်းသာပြီး အိပ်ပျော်သွားကြတယ်……

No comments: