Saturday, September 22, 2012

မြောက်ပိုင်းပြန် ဘိုဘို

မြောက်ပိုင်းပြန် ဘိုဘို အပိုင်း (၃) ကျနော်အဖမ်းခံရတာကလည်း ရွှေဒင်္ဂါးလက်ဖက်ရည်ဆိုင်မှာ အဖမ်းခံရတာ။ အဲဒီနေ့က အဖမ်းခံရတာကလည်း နေ့လည် ၁၁နာရီလောက်မှာ ကျနော်တို့ Strike လုပ်ကြတယ်၊ အဲဒီနေ့ကလည်း မိုးတွေ ရွာနေတယ်။ ကျနော်တို့ တရားဟောတယ်၊ တရားဟောပြီးတော့ ပြန်အဆင်းပြီးမှ ညနေ ၃နာရီခွဲ ၄နာရီလောက်မှာ ကျနော်တို့ရဲ့ ဗကသ တိုင်းရုံးရှိတဲ့ မောင်ထော်လေးလမ်းက ဂေါ်စတာကို ပြန်လာကြတာ။ အပြန်လမ်းမှာ ရွှေဒင်္ဂါးလက်ဖက်ရည်ဆိုင်ထဲမှာ အပြန် လက်ဖက်ရည်ဝင်သောက်ကြတဲ့အချိန်မှာ ကျနော်တို့ကို ၀င်ဖမ်းသွားတာ။ ဖမ်းပြီးတော့ ကျနော်တို့ကို ပန်းပဲတန်းရဲစခန်းကို ခေါ်သွားတယ်။ အဲဒီကနေ ကျနော်တို့ အင်းစိန်ကို ပါသွားတယ်။ အဲဒီလို အဖမ်းခံရပြီးသိပ် မကြဘူးဗျာ၊ ဇူလိုင်မှာ ပြန်လွတ်လာတယ်။ အထဲမှာ ၁၄ ရက် နေရပြီး ပြန်လွတ်လာတာ။ အဲဒီမှာ လူက ဘာဖြစ်သွားလဲဆိုတော့ အသက်ကလည်း ငယ်သေးတယ်၊ အထက်တန်းကျောင်းသား ဒါပေမဲ့ လှုပ်ရှားမှုတွေမှာ ပါနေတော့ ထောက်လှမ်းရေးမှာ စာရင်းပေါက်သွားတယ်။ စာရင်းပေါက်နေသော လှုပ်ရှားလို့လည်း မကောင်းတော့ဘူး။ အဲဒီမှာ စမ်းချောင်းက သူငယ်ချင်း ချိုကြီးနဲ့ ကျနော်နဲ့ နေရာလဲဖို့ဖြစ်သွားတယ်။တကယ်တော့ ချိုကြီးက တောထဲသွားဖို့ပေါ့၊ ကျနော်ကတော့ ကျောင်းတက်ရင်း မြို့ပေါ်မှာ လှုပ်ရှားမယ်ဆိုပြီး စီစဉ်ထားကြတယ်။ခုတော့ ကျနော်က လှုပ်ရှားရတာ ကြပ်သွားတော့  ချိုကြီးနဲ့ နေရာလဲပြီးတော့ ကျနော်က တောထဲကို ရောက်သွားခဲ့တာ။ အဲဒီလို တောထဲစပြီး သွားတဲ့အချိန်မှာ ကျနော့်ဆီမှာ လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်တာတို့ AB တို့ဘာတို့ မရှိဘူးဗျ။ ကျနော့် စိတ်ထဲမှာ ရှိတာက မတရားမှုကို တော်လှန်ချင်တယ်ဗျာ။ပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ ကျနော့်သူငယ်ချင်းတွေကို ကျနော် ပြန်ထုတ်ချင်တယ်ဆိုတဲ့ စိတ်ပဲ ရှိခဲ့တာ။ ထောင်ထဲကနေ ထွက်တော့လည်းကျနော် တကယ်ကို မျက်ရည်ကျခဲ့တာကိုး။ ထောင်ထဲမှာလည်း အတူတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ကျန်ခဲ့တယ်။ တကယ်တော့ ထောင်ထဲက ထွက်လိုက်တော့ ကျနော်ပိုဆိုးသွားတယ်။ ပိုဆိုးသွားတယ်ဆိုတာက ဘယ်လိုပြောရမလဲဗျာ၊စောစောတုန်းက ကျနော်က စိတ်နာတာ ပဲရှိတယ်။ ထောင်ထဲရောက်သွားပြီးတဲ့အခါ ပိုနာလာတယ်။ဘယ်လိုခေါ်မလဲ စိတ်ထဲမှာတော်တော်လေးကို နာသွားတာ ကိုယ့်သူငယ်ချင်းတွေကလည်း ထောင်ထဲမှာကိုး။ အဲဒီတုန်းက မှတ်မှတ်ရရ ဗိုလ်မှူးဝေလှိုင်၊ အန်အယ်ဒီက ၊နောက် ကိုအောင်ဇံအေးတို့ ပြီးတော့ အရေးအခင်းတုန်းက ဗိုလ်ကြီး စည်သူ ဆိုပြီးတော့မှ ဖြစ်တဲ့ အဖွဲ့ရှိသေးတယ်။ သူတို့အဖွဲ့က မဂိုလမ်းထိပ်မှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို စာရွက်တွေနဲ့ လိုက်ပြီး ဖြန့်ပေးတာ အဲဒါက ဗိုလ်ကြီးစည်သူပေါ့။ သူက ၂၉ လမ်းနဲ့ မဂိုလမ်းမှာ ရှိနေတဲ့ အဖွဲ့တွေက ဖမ်းလိုက်တာပြီးတော့ ၈၈ ပြီးချိန်မှာ ဗိုလ်ကြီးစည်သူတို့အဖွဲ့ကို တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ပြန်စွဲချက်တင်တာ။ ထောင်ထဲမှာ ကျနော်နဲ့အတူတူနေခဲ့တာက ဗိုလ်မှူးဝေလှိုင်နေခဲ့ရတယ်၊ နောက်အင်းစိန်က အန်အယ်ဒီ စည်းရုံးရေးမှူးလားမသိဘူး နောက် ခွန်စံနေခဲ့ရတယ်နောက် အကသက ကိုဝဏ နေခဲ့ရတယ်။ ပြန်ထွက်လာတဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာ နေလို့မရတော့ဘူး၊ နေမရဘူးဆိုတာက လူငယ်လည်း လူငယ်ဖြစ်တယ်။ ခံစားမှုကလည်း အရမ်းမြင့်တယ်၊ ခံစားတယ်။ ငါ့သူငယ်ချင်းတွေ ကျန်တယ်..အဲလိုဆိုတော့ ပြန်ထွက်လာရပေမဲ့ စိတ်ပျက်တာတွေချည်း ခံစားရတယ်။နောက် အဖွဲ့တွေကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့တွေမှာ ကွဲတာလေးတွေ ရှိနေတယ် ထုံးစံအတိုင်းပေါ့နော်။ ပြီးတော့ အဲဒီမှာ ကျနော်ခံစားရတာက ကျနော့်ကို လက်မှတ်ထိုးပြီး ထွက်လာတယ်လို့ စွပ်စွဲကြတာ ရှိတယ်။ နောက် ထောက်လှမ်းရေး ပုံသဏ္ဍဖြစ်တယ်လို့ ပြောတာ ရှိတယ်။ထောက်လှမ်းရေးဖြစ်သွားတယ်၊ အင်ဖော်မာဖြစ်သွားတယ်လို့ ကျနော့်ကို ပြောကြတာတွေ စွပ်စွဲကြတာတွေ ရှိတယ်။ အဲဒီလို ပြောခံရတော့ ကျနော့်အနေနဲ့ အဲဒီ ကျနော်ရဲ့ Nature လေးကို နည်းနည်းလေး ပြောပြချင်တယ်။အဲဒါက ဖြစ်မှာပဲ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်တုန်းက ထောက်လှမ်းရေး ၇ က တပ်ကြပ်ကြီး စန်းကြွယ်ဆိုတာ ရှိတယ်။အဲဒီတုန်းက ကျနော်တို့ စမ်းချောင်းမြို့နယ်ကို ကိုင်တာ။ သူက ကျနော်တို့တွေကို ဘာလာပြောလဲဆိုတော့ ဘယ်အစိုးရ တက်တက်၊ ငါတို့ အစိုးရပဲ၊ ငါတို့ဟာ မင်းတို့နဲ့ အတူတူ ရှိတယ်။ ..ပေါ့၊ သိတယ်မဟုတ်လား…။ အဲဒီလိုမျိုး စကားတွေနဲ့ ပုံဆန်တွေ လာလာ လာလာ ပြောတာရှိတယ်။ လာလာ ပြောတာ ရှိတယ်ဆိုတော့ ကျနော်တို့အနေနဲ့လည်း သူတို့လာပြောတာကို မပြောနဲ့လို့ ပြောဖို့ခက်တယ်။ ခင်ဗျား ကျနော်နဲ့ လာမပြောနဲ့လို့ ပြောဖို့ခက်တယ်လေ၊ အရမ်း ရိုင်းရာ ကျသွားလိမ့်မယ်လို့ ကျနော် စဉ်းစားခဲ့တယ်။ နောက် သူက ကျနော်တို့အဖွဲ့တွေ လက်ဖက်ရည်သောက်တဲ့အချိန်မျိုးတွေမှာ လာလာ ရှင်းသွားတယ်။ လက်ဖက်ရည်ဖိုးတွေ ရှင်းရှင်းသွားတာ ကျနော်က မသိရဘူး။ မသိရဘူးဆိုတာက လက်ဖက်ရည်ဖိုး ရှင်းမယ်ဆိုတဲ့ အချိန်ရောက်တော့မှ ရှင်းပြီးသွားပြီ။ ဘယ်သူ ရှင်းသလဲ ဆိုမှ အဲဒီထောက်လှမ်းရေးက ရှင်းသွားတာ။အဲဒီ ပုံသဏ္ဍန်ပေါ့။ ဒါက ကျနော် ထောင်ထဲ မကျခင်မှာက ဖြစ်ခဲ့တဲ့ ပုံသဏ္ဍန်ပေါ့။ တကယ်တော့ ကျနော်ထောင်မကျခင်မှာကတည်းက ကျနော်တို့က အိမ်တွေမှာ မနေကြတော့ဘူး။ နေလို့လည်းမရတော့ဘူးပေါ့။ဒါကတော့ နိုင်ငံရေးလုပ်တဲ့ ကျောင်သားတိုင်းက အိမ်တွေမှာ မနေကြတော့တာများတယ်။ ဘယ်တွေမှာ နေကြလဲ ဆိုတော့ ပါတီတွေမှာ နိုင်ငံရေးလုပ်တဲ သူငယ်ချင်းတွေရဲ့ အခန်းတွေမှာ လျှောက်နေကြတာများတယ်။ ကျနော်သွားနေတဲ့ပါတီက ဗမာ့မျိုးချစ် လူငယ်များအစည်းအရုံး။ ဒေါက်တာ ချိုတူးဇော်ရဲ့ အိမ်။ ဟီးဟီး…သူ့အိမ် သူ့အိမ်၊ သူ့အိမ်မှာ ကျနော်တို့အဖွဲ့က အဲဒီမှာ သွားနေတယ်။ ကျနော်က အဲဒီမှာ ပုံမှန်နေတာများတယ်။နေတာများတယ်ဆိုတာက ညအိပ်တယ်ပေါ့ဗျာ။ ထမင်းကတော့ သိတဲ့အတိုင်း တွေ့ရာနေရာမှာ ဖြစ်သလို စားတယ်ပေါ့ဗျာ။ အစားအသောက်လည်း ဂရုမစိုက်မိကြပါဘူး။ အဲလို နေကြတယ်ပေါ့။ အဲဒီမှာ ထောက်လှမ်းရေးက အဲဒီလိုနေရာထိ လာပြီးတော့ ထိတွေ့ဆက်ဆံတာတွေ ရှိတယ်။ အဲလို ထိတွေ့ဆက်ဆံတယ်ဆိုတာ ကျနော်တယောက်တည်းကိုပဲ ထိတွေ့ဆက်ဆံတာမဟုတ်ဘူး။ အဲဒီမှာ ရှိနေတဲ့ သူတွေအားလုးကို ထိတွေ့ဆက်ဆံတယ် အဲဒီပုံစံအတိုင်းပဲ။ လူတိုင်းကို သူတို့က အဲဒီပုံစံနဲ့ ထိတွေ့ဆက်ဆံပြီး လုပ်နေတာပဲ ကျနော် ဆိုလိုချင်တာလေ။ အဲဒါကို ကျနော်တို့ ချင်းလည်း ပြောနေကြတာပဲ ။ ပြောနေကြတာပဲဆိုတာကလည်း ဟာ ဒီကောင်ကတော့ အင်ဖော်မာဖြစ်မလား မသိဘူးဆိုတာမျိုး ပြောနေကြတာပဲ။ ဥပမာ အဖမ်းခံရခါနီးတယောက်ဆိုရင် ပြောလိုက်တယ်ဗျာ သူ့ကို သတိထားခိုင်းလိုက်ဦး ငါတို့ ဒီမှာစောင့်ကြည့်နေတယ်ပေါ့။ ကျနော်ကနေ နောက်တယောက်ကို ပြောလိုက်တယ်ပေါ့ နောက် ကျနော်နဲ့ တိုက်ရိုက်မသိဘူးဆိုရင်လည်း ကျနော်တို့က နောက်တယောက်ကို ပြောခိုင်းလိုက်တယ်။ အဲလို ပြောလိုက်တဲ့အချိန်မှာ ဒီလူက အဖမ်းခံရသွားပြီဆိုရင်တော့ ဟာ ဒီသတင်း source က ဘယ်ကရလဲ့ နောက်ဆုံးက ကျနော့်ဆီကပေါ့ အဲလို ဖြစ်ကုန်တာ။ အမှန်က ကျနော်ကလည်း ကျနော့်သူငယ်ချင်းမို့ဖြစ်စေ စိတ်ပူပြီး ပြောလိုက်မိတာပဲ။ အမှန်တော့ သူတို့က အားလုံးနဲ့ ထိတွေ့ဆက်ဆံပြီးတော့ ကျနော်တို့အားလုံးကလည်း သူတို့ကစာတဲ့ အကွက်ထဲကို တောက်လျှောက်ကျနေခဲ့တာ။ နောက် ကျနော်တို့ကို သူတို့က စိတ်ကောင်းစေတနာနဲ့ အလှူငွေထည့်ချင်တယ် ဆိုတာမျိုးတွေလည်း ရှိတာကိုး။ တခါတလေမှာ ကျနော်တို့မှာ သူတို့ ထည့်တဲ့ အလှူငွေကို ယူခဲ့တယ် အဲဒီတုန်းက အဲလိုမှ မယူရင်လည်း တကယ်ကို ဘာမှကို လုပ်လို့မရတော့လို့ ။ ကိုယ့်ဆီမှာ ပိုက်ဆံရှိရင်တော့ မယူဘူးပေါ့၊ ဟာမလိုဘူးကိစ္စ မရှိဘူးပေါ့…။ အဲဒီတုန်းက ကျနော်တို့ ထုတ်တဲ့ ကဗျာစာအုပ်လေးတွေ ရှိတယ် သွေးမော်ကွန်းတို့ ဘာတို့ပေါ့၊ အဲဒီကဗျာ စာအုပ်တွေ ဘာတွေဆိုရင်လည်း သူတို့က ၀ယ်ပေးတယ်ပေါ့ဗျာ။ ကျနော်တို့အနေနဲ့ သူတို့ကို သိသိချည်းနဲ့ ရောင်းလိုက်ရတာမျိုးတွေလည်း ရှိတယ်။ အဲဒီအချိန်မှာ ကဗျာ စာအုပ်တအုပ် ၂၅ ကျပ် ဆိုတာ နည်းနည်းနောနော ပိုက်ဆံ မဟုတ်ဘူး။ လက်ဖက်ရည်တခွက်တောင်မှ ငွေ ၁ကျပ် ခေတ်ဆိုတော့ ၂၅ ကျပ်ဆိုတာ တော်တော်များတယ်။ အဲဒီလိုလုပ်တာကလည်း ကျနော်တို့ စာရွက်တွေ ဝေချင်လို့ စာရွက်ဝေဖို့ ကျနော်တို့မှာပိုက်ဆံလိုတယ်။ အဲဒါတွေလည်း ရှိခဲ့တယ်ပေါ့။ နောက် ကျနော် ထောင်ထဲက ပြန်ထွက်လာတော့လည်း အဲဒီမှာပိုပြီး နည်းနည်းလေး ဆိုးသွားတာက နောက်မှ ကျနော်ပြန်သိရတာက ဟုတ်၏ ..မဟုတ်၏ ကျနော် သေချာ မသိဘူးနော်။ ကျနော်နဲ့ အတူတူ ထောင်ကျတဲ့ သူငယ်ချင်း တယောက်ရှိတယ် ငြိမ်းငြိမ်းဇင် ဆိုတာ သူက ကျနော်နဲ့ အမှုတွဲပေါ့။ သူ့အိမ်က လိုက်တယ်ပြောတယ်။ သူ့အိမ်က အဲလို မိန်းကလေးလည်း မိန်းကလေး ဆိုတော့လေ၊ သူ့အိမ်က လိုက်တယ်ပေါ့။ အဲလို ပြောခံရပြီး ကျနော်က ပြန်ထွက်လာရတယ်။ အခြား အကသ တွေက အထဲမှာ ရှိနေတယ်။ ကျနော်တို့ အမှုတွဲ ၃ယောက်က လွတ်လာတယ် ဒါပေမဲ့ ဘာဖြစ်လို့လွတ်လာသလဲ ဆိုတာ ကျနော်မသိဘူး၊ ငြိမ်းငြိမ်းအိမ်က လိုက်တယ် ဘာညာဆိုတာကလည်း ထောင်ထဲက လွတ်လာပြီးမှ သူများပြောသံကြားရတာပေါ့ ကျနော်တကယ်မသိခဲ့တာပါ။ နောက် ကျနော် ထောင်ကနေ လွတ်လာတဲ့အတွက် အခြားသူတွေကတော့ မလွတ်ဘူး သူကတော့လွတ်လာတယ်ပေါ့ အဲလိုလို အဖွဲ့တည်းမှာလည်း မေးစရာလေးတွေ မေးငေါ့တာလေးတွေ ရှိလာတာပေါ့။ အဲဒီမှာ ကျနော့်ကို တံဆိပ်ကပ်လိုက်ကြတယ်။ ဒါပေမဲ့ ကျနော်မှာ ခံစားနေရတာ ဆိုးတာက ကျနော်က ယူနီဖောင်းမြင်ရင်ကို မခံစားနိုင်တော့ဘူးဖြစ်လာတာ။ ပြေးထိုးပစ်လိုက်ချင်တာမျိုးတို့…အဲလို တခုခု လုပ်ပစ်လိုက်ချင်တာ ကျနော့်စိတ်ထဲမှာ။ ဘယ်လိုမှ နေမရဘူးဗျာ။ ခံစားဖူးကြတဲ့ သူတွေ ရှိရင်တော့ သိလိမ့်မယ်။ ဘယ်လိုမှကို နေမရခဲ့တာ။ကသိကအောင့်လည်း အရမ်းဖြစ်တယ်။ စိတ်တိုတယ်။ အဲလို တအားဖြစ်တော့ နောက်ဆုံးကျတော့ ကျနော်သွားရမဲ့ လမ်းက ဒီတလမ်းပဲ ရှိတော့တယ်။ အဲဒီမှာ တကယ်တော့ကျနော်က တောင်ပိုင်းကိုသွားရမှာ၊ ဒါပေမဲ့ မြောက်ပိုင်းရောက်သွားတယ်။ တောထဲကို ရောက်သွားတာကလည်း တကယ်တော့ နံပတ်တစ်က ဒီမတရားမှု တခုကို ဆန့်ကျင်တော်လှန်ချင်တဲ့ စိတ်ဓါတ်တခု၊ နံပတ် ၂က ထောင်ထဲမှာ ရှိတဲ့ ညီအကိုတွေကို ပြန်ပြီးတော့ ကယ်ချင်တဲ့စိတ်ပေါ့…ပြောရရင်တော့ ကလေးအတွေးပေါ့။ ပြန်ကယ်ထုတ်ချင်တယ်ပေါ့နော်၊ အဲဒီစိတ်နဲ့ ကျနော်တောထဲကို ရောက်သွားခဲ့တယ်။ အပိုင်း(၄) ကျောင်းသား ရှိတဲ့ နေရာကို ကျောင်းသား ရောက်သွားခဲ့တာပဲ။ ABရယ် ဘာရယ့် ညာရယ် မရှိဘူး။ တောထဲမှာ ငါတို့ ကျောင်းသားတွေ ရှိတယ် ငါတို့ ကျောင်းသားရှိတဲ့ နေရာကို သွားမယ်ဆိုပြီး ရောက်သွားတာပဲ။ တကယ်ကို တော်လှန်ချင်တဲ့ စိတ်နဲ့ မဟုတ်ဘဲ ကျောင်းသားစိတ်ဓါတ်နဲ့ပဲ ရောက်သွားတာပဲ။ အဲဒီအချိန်တုန်းက ကျနော်နဲ့ အတူတူ ထွက်တဲ့ သူငယ်ချင်းက ငါတော့ မြောက်ပိုင်းကိုသွားမယ်တဲ့ တောင်ပိုင်းမှာက လူများတယ်တဲ့။ မြောက်ပိုင်းက လူပိုလိုလိမ့်မယ်တဲ့…အဲဒါနဲ့ မြောက်ပိုင်းကိုသွားကြတာ။ ကျနော့်သူငယ်ချင်းနဲ့အတူ မြောက်ပိုင်းလိုက်ချသွားတာ။ ကျနော်တို့ ရန်ကုန်က အဖွဲ့ပေါ့ ကိုရဲလင်းတို့ကလည်းမြောက်ပိုင်းသွားမယ်ပေါ့နော်။ မြောက်ပိုင်းကို ကမ့်ထဲရောက်တဲ့ အထိ ကားနဲ့ပဲ သွားကြတာ။ ကျနော်တို့က လျှာရှည်ပြီး လမ်းလျှောက်တာပေါ့လေ။ လမ်းကလည်း နည်းနည်းပဲ လျှောက်ရပါတယ်။နောက်ကားနဲ့ ခေါ်တော့ ကားနဲ့ရောက်သွားတာ။အဲဒီမှာ ဘာဆက်ဖြစ်လဲ ဆိုတော့…။ ၇.၈.၁၉၈၉ မှာ ကျနော် မြောက်ပိုင်းက ပါဂျောင်စခန်းကို ကျနော်ရောက်သွားကြတယ်။ ကိုမျိုးဝင်းရဲ့ တဲထဲမှာ ကျနော်တို့စတည်းကြတယ်။ ၈.၈.၈၉ မှာ အဲဒီစခန်းမှာ ကျဗန်းစကားပြောရှိတယ်။ ၈ လေးလုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပေါ့နော်။ ကျနော်လည်း ၀င်ပြိုင်တယ်ပေါ့၊ အဲဒီနေ့က ကျနော် ကျခဲ့တဲ့ ခေါင်းစဉ်ကို ကျနော် ခုထိ မှတ်မိသေးတယ်။ “ကျနော်သာ ဥက္ကဌ ဖြစ်ခဲ့သော်“ တဲ့...အဲဒါပဲ။ ကျနော်က အဲဒီမှာ ပြောတယ်၊ အဲဒီမှာလည်း ကျနော်က ဆုရတယ်ပေါ့လေ၊ ပထမဆုပေါ့။ဒါတွေကတော့ထားလိုက်ပါတော့ဗျာ။ အဲဒါတွေကို ကျနော်သိပ်မပြောချင်ပါဘူး။ ပထမ စခန်းကို စရောက်တဲ့ နေ့ကတည်းက ကျနော် အရမ်းပျော်တယ်။ စိတ်ထဲမှာကို လွတ်လပ်ပေါ့ပါးပြီးတော့ကို ပျော်တာ။ စိတ်ထဲမှာလည်း ကိုယ့်ညီအကိုတွေ၊ ကိုယ်နဲ့ အတွေးတူ အမွေးတူ ကိုယ့်သူငယ်ချင်းတွေပေါ့နော် အဲလို စိတ်ထဲရှိတယ်လေ။ ပျော်တာပေါ့။ ဒါပေမဲ့ နည်းနည်းလေး ကြာတဲ့အခါမှာ သတိထားမိတာက ဘာသွားပြီး သတိထားမိလဲဆိုတော့ စခန်းမှာနည်းနည်းလေး gap ရှိတယ်ဆိုတာ သွားတွေ့တယ်။ ကျနော်တို့နဲ့ သူတို့မှာက …ဘယ်လိုပြောရမလဲ ကျောင်းသားတပ်ဆိုပေမဲ့ လို့ ကျောင်းသားချည်း ရှိတဲ့ တပ်မဟုတ်ဘူးလေ။ အဲဒီ gap ကို ABSDF မြောက်ပိုင်း ပါဂျောင်စခန်းမှာ ကျနော်ရောက်ပြီး နည်းနည်းကြာတဲ့အခါမှာ တွေ့လာရတယ်၊ သတိထားမိလာတယ်ပေါ့။ တကယ်တော့ ကျနော်တို့ အကြောင်းအမျိုးမျိုးကြောင့် စစ်အာဏာရှင် စနစ်ကို တော်လှန်ချင်တဲ့အတွက် ကျောင်းသားအနေနဲ့ ရောက်လာတာတွေ ရှိတယ်။ အချို့က ကျောင်းစာသင်ခန်းနဲ့ ဝေးကွာနေတဲ့ လူမျိုးလေးတွေ ရှိတယ်။ ကျနော်ပြောချင်တာက အဲဒီလိုလူတွေနဲ့ ကျနော်တို့ကျောင်းသားတွေက Knowledge မှာ သွားကွာတယ်ဗျာ။ ဥပမာ ကျနော်တို့က တောထဲမှာ မီးမမွှေးတတ်ဘူး။ မီးမမွှေးတတ်ဘူးဆိုတာ ကျနော်တို့ဆီမှာ မီးမွှေးစရာမလိုဘူးလေ၊ ရန်ကုန်မှာဆိုလို့ရှိရင် Rice-Cooker နဲ့ ချက်ချင် ချက်မယ်၊ Hot-plate နဲ့ချက်ချင် ချက်မယ်။ အဲဒါကို ကျနော်တို့ကို မင်းတို့က ရန်ကုန်ကလာပြီး မီးမမွှေးတတ်ဘူးလား ဆိုတော့ …ဟာ ဟေ့ကောင် ငါတို့က ရန်ကုန်မှာ မီးမွှေးတတ်စရာမလိုဘူး လို့ ငါတို့ ဆီမှာ hot-plate ရှိတယ်၊ ငါတို့က အိုးထဲကို ဆန်ထည့်လိုက် ရေထည့်လိုက် ခလုတ်နှိပ်လိုက် ဒါဆို ထမင်းကျက်တယ်လို့ ပြောတော့ ကန်တော့ပါရဲ့ဗျာ၊ ရန်ကုန်သား စောက်ကြွားတဲ့…။ အဲလိုတွေ ဖြစ်ကုန်ရော။ အဲဒီလိုလေးတွေကနေ စဖြစ်လာတာကို နောက်တော့ မင်းတို့ ရန်ကုန် ဘယ်ရွာကလဲပေါ့။ နောက်ပိုင်းတော့လည်း အဲလိုလေးတွေကနေ အရမ်းရင်းနှီးသွားတာတွေ ချစ်ခင်သွားတာတွေ ရှိပါတယ်။ အဲဒီမှာ အဲလို သွားရင်းနဲ့ ဇာတ်လမ်းက စဖြစ်တာက အပတ်စဉ် (၅) မှာ ဇာတ်လမ်းက စဖြစ်တယ်။ အပတ်စဉ် (၅)မှာ စစ်ရုံးမှာ ရေးထားတဲ့ စာတမ်းရှိတယ်ဗျာ။ ကျနော်မှတ်မိသေးတယ်။ အဲဒီစာတမ်းဖတ်ပြီးကတည်းက ပြဿနာက စတက်တာပဲ။ သူက အိုင်ဒီရောလော်ဂျီမှာ ပြောတာကလည်း ငါတို့ ရန်သူကို စစ်ပညာနဲ့ တိုက်ခိုက်ရတော့မယ်၊ အဲဒီတော့ မင်းတို့ စစ်သားကောင်းဖြစ်ဖို့ လိုအပ်တယ်။ စစ်သားကောင်းဆိုတာ ဘာလဲ ဆိုတော့ အမိန့်နာခံတတ်ရမယ်..တဲ့။ အဲဒါကို ကျနော်လက်ခံလို့မရဘူး။ အဲဒီမှာ ကိုမျိုးဝင်းနဲ့ ကျနော်တို့နဲ့ ဇာတ်လမ်းက စတော့တာပဲ။ ကျနော်တို့တွေက ပြောတာက စစ်သားကောင်းဖြစ်ဖို့ မလိုအပ်ဘူး။ စစ်သားကောင်းဖြစ်ချင်ရင်ငါတို့ ဒီကို မလာဘူး။ တပ်ထဲပဲသွားဝင်မယ်။ စစ်သားဖြစ်ချင်ရင် DSA တို့ဘာတို့သွားမှာပေါ့။ မင်းတို့ ဆီတောင် မလာဘူး။ ငါတို့ လိုချင်တာ တော်လှန်ရေးသမား၊ တော်လှန်ရေးသမားကောင်းဆိုတဲ့ အင်္ဂါရပ်ထဲမှာ စစ်သားလည်း ပါချင်ပါမယ်။ ကျောင်းဆရာလည်းဖြစ်ချင်ဖြစ်မယ်။ တောင်သူလယ်သမားလည်း ဖြစ်ချင်ဖြစ်မယ်။ ငါတို့လိုချင်တာက တော်လှန်ရေးသမား။ တော်လှန်ရေးသမားပဲ ဖြစ်ရမယ်…ဆိုပြီးတော့ အဲဒီမှာ စပြီးတော့စကွဲကြတာ။ ကွဲတဲ့အခါကျတော့ ကွဲတုန်းကတော့ ကျနော်တို့တွေက အားသာတယ်။ လက်ခံကြတယ်။ တော်လှန်ရေးသမားကောင်းဖြစ်ရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ကိုမျိုးဝင်းက ပြောတာ စစ်သားကောင်းတဲ့ဗျာ။ ပိုပြီး ဆိုးကုန်တာက အဲဒီအချိန်မျာ နောက်ထပ် ပြဿနာထပ်ဖြစ်သေးတယ်။ အဲဒီအချိန်မှာ ကျနော်တို့မှာ လက်ထဲမှာ ပိုက်ဆံလည်း တပြားမှ မရှိတော့ဘူး။ ရောင်းစရာလည်း ကုန်သွားပြီ။ ရှိသမျှလည်း ကျနော်တို့ အကုန်ရောင်းပြီးသွားပြီ။ အိမ်ကပါလာတာတွေ အကုန်လုံး ရောင်းစားလိုက်ပြီးလို့ကို တကယ့်ကို ရောင်းစရာ ဘာမှ မရှိတော့တာ။အဲဒါက ကျနော်တို့လို ရန်ကုန်၊ မန္တလေးကနေ သွားကြတဲ့ ကျောင်းသားတိုင်း ကြုံရတဲ့ အခက်အခဲပဲ။ အဲဒီမှာ ကချင်ကလာတဲ့ ကျောင်းသားကြတော့ သူတို့ရဲ့ အိမ်နဲ့ နီးတယ်လေ။ ပြီးတော့ အမြဲတမ်း အဆက်အသွယ်ရှိတော့ ဖျားရင်ပဲဖြစ်ဖြစ် လာပြီးတော့ ကြည့်ရှု့ နိုင်တာပေါ့လေ။ အဲဒီတုန်းက နို့မှုန့်ပေါ့ဗျာ၊ နို့မှုန့်တို့ သကြားတို့ အဲလိုလေး လာပေးနိုင်တယ်။ သူတို့မှာလည်း ပိုက်ဆံလိုရင် အိမ်ကို လှမ်းမှာလို့ရတယ်။ အဲဒီမှာ ထပ်ပြီးတော့ဖြစ်တာက ABSDF ကချင်မှာ စစ်ကိုင်းတိုင်း ယာယီကော်မတီရှိတယ်။ အဲဒီ စစ်ကိုင်းတိုင်း ကော်မတီကလည်း သူ့ကော်မတီကတဆင့် ဖျားတဲ့ သူ နေထိုင်မကောင်းတဲ့ သူကို ထောက်ပံ့ပေးရတာ။ ရန်ကုန်ကကြတော့ ရန်ကုန်မှာက ဘယ်သူမှ မရှိဘူး၊ ကျနော်တို့ဘဲ ရှိတာ။ ဒါပေမဲ့ စစ်ကိုင်းတိုင်းက ကျောင်းသားတို့ ကချင်ပြည်နယ်က ကျောင်းသားတို့က သူတို့ရောက်လာရင် သူတို့ဆီမှာ ရှိရင် အကုန်မျှကျွေးတာ။ ဥပမာ ကချင်ပြည်နယ် ကျောင်းသားက သူတို့ကချင်ပြည်နယ် ကျောင်းသားကို လာပြီးတော့ ပေးတာ မှန်သော်ငြားလည်း ကျနော်တို့ကို တွေ့တော့ ညီလေးရော့..မင်းတို့လည်း သောက်ပေါ့ ဆိုပြီးတော့ ပေးသွားတာပဲ။ အဲလို လူုတွေ မရှိရင် ကျနော်တို့က အငတ်။ တကယ်ကိုငတ်တာ။ ငတ်တာမှ ဘာမှကို စားစရာမရှိတာ။ ကျနော်တို့ စားရတာ အဲဒီတုန်းက ဆန်ပြုတ်ပဲ ရှိတယ်။ အစားအသောက်ကို ကျနော်ပြောချင်တာမဟုတ်ဘူးနော်။ ရိက္ခာက ၅ ရက်တခါပေးတယ်၊ အဲဒီမှာ ချွေချွေတာတာ မစားရင် ၂ ရက်ဆို ကုန်ပြီဗျာ။ ဘာမှ စားစရာမရှိတော့ဘူး။ နောက်ပါဂျာင်က အမြင့်ပေ ၆၆၆၇ ပေရှိတယ်၊ ရေခဲတယ်။အရမ်းအေးတယ်။ ကျနော်တို့ ရောက်တော့ တော်တော်လေးလည်း အအေးမိပြီး ဖျားကြတယ်။ အဲတုန်းက ကျနော့်သူငယ်ချင်း မိုးဟိန်းက ဖျားရော။ ကျနော်က ကိုယ့်သူငယ်ချင်းက ဖျားနေတော့ စကားလုံးကြီးကြီး ကျယ်ကျယ်နဲ့ ပြောရရင် သူနဲ့ ကျနော်နဲ့က သေဖော်သေဖက်ပေါ့ဗျာ။ အဲတော့ကျနော်က သူ့ကို အားပေးတယ်ပေါ့ဗျာ။ ဟိတ်ကောင် စိတ်မပူနဲ့ပေါ့၊ မင်း ဘာမှ စိတ်ပူစရာမရှိဘူးပေါ့၊ ဘာစားချင်လဲ့ ပေါ့။ တကယ်တော့ သူ့ကို အားပေးချင်လို့သာ မေးရတာ ကျနော့်မှာလည်း ဘာမှ မရှိဘူး။ သူကလည်း ငတ်နေတာလည်း ကြာပြီ ဆိုတော့ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ကော်ဖီလေး တခွက်တော့ သောက်ချင်တယ်ကွာလို့ အသံလေးနဲ့ ပြောတယ်။ သူပြောတော့ ကျနော်ကလည်း ဟာရတယ် ဟိတ်ကောင်၊ ကိစ္စမရှိဘူး။ မင်း ကော်ဖီသောက်ရမယ်ပေါ့။ အဲဒီမှာ ကျနော့်မှာ ဘာမှလည်း ရောင်းစ၇ာမရှိတော့ဘူး။လက်ထဲမှာလည်း ပိုက်ဆံ မရှိတော့ဘူး။ ဒါပေမဲ့ သူ့ကို ကျနော် ကော်ဖီလေးတခွက်လောက်တော့ တိုက်ချင်တယ်။ ဘာပဲပြောပြော ဖြစ်အောင်တော့ တိုက်မယ်ဆိုပြီး ဆုံးဖြတ်တာပေါ့။ နောက် ဆုံးပြောရရင် ကျနော် ခိုးတာ။ လိုင်စင်ကုန်းပေါ်တက်ပြီးတော့ အဲဒီက စတိုးဆိုင်လေးကနေ ကျနော်က ခိုးတာ။ အဲဒါကို ပြောရရင် ကျနော်တို့ နှစ်ယောက် သုံးယောက်လောက်က သွားပြီး ရှေ့ကနေတယောက် နှစ်ယောက်က ဟိုပစ္စည်း ပြခိုင်း ဒီပစ္စည်းပြခိုင်းနဲ့ အရောင်ပြတယ်၊ တယောက်က ကော်ဖီထုတ်တွေ ထားတဲ့ နေရာကိုသွားပြီး ခိုးထည့်လာခဲ့တယ်။ အဲ…နောက်ပိုင်းကျတော့ ကျနော်တို့မှာ အဲလို အယောင်ပြဖို့ကို ပိုက်ဆံ မရှိတော့ဘူး။ မရှိတော့ဘူး ဆိုတာ အယောင်ပြတာကလည်း သူယုံအောင်လို့ ဆေးလိပ်တွေ ဘာတွေဝယ်ပြရတာကိုး ကျနော်တို့က။ အဲဒီမှာ အဲဒီဆိုင်အနေအထားကို ပြောရရင် ပါဂျောင်လမ်းက ဆိုင်ထဲကနေ ကျနော်တို့ ခိုးနေတာကို အဲဒီဆိုင်ရဲ့ ရှေ့ကတောင်ကနေ ဆိုင်ရှင်က မြင်နေရတယ်။ ကျနော်က အဲဒါကို မသိဘူး။ ကျနော်က ခိုးတာ ဘာကြောင့်ခိုးတာလဲ ဆိုတော့ ကျနော့်သူငယ်ချင်းက ဖျားနေတယ်။ အဲလိုမှ မခိုးလို့မရဘူးလို့ ကျနော့်စိတ်ထဲ ထင်တယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ သူငယ်ချင်းက အရမ်းဖျားနေတယ်။ ဘာမှ လည်း ဆေးတွေဘာတွေလည်း ရှိတာမဟုတ်ဘူး။ပြီးတော့ကျနော်တို့ ရန်ကုန်ကသွားတဲ့ ကောင်တွေကဗျာ။ သိတဲ့အတိုင်းပဲ လက်ဖက်ရည်ကော်ဖီငတ်တယ်ဗျာ။ သူတင်မကဘူး ရှေ့က ကိုပေါက်တို့ ဘာတို့လည်း အဲလို ဖြစ်ခဲ့ဖူးတယ် ဖျားဖူးတယ်၊ မှတ်မှတ်ရရ မိုးဟိန်းဖျားလို့ ခိုးတဲ့ အလှည့်မှာ ကျနော့်ကို မိတယ်။ မိတော့ ကျနော်ကလည်း ဒါကို ချမထားခဲ့နိုင်ဘူး။ မိုးဟိန်းကလည်း အရမ်းသောက်ချင်နေတယ်၊ သူကလည်းဖျားနေတော့ကျနော်ကလည်း သူ့ကို ကော်ဖီလေးတခွက်တော့ တိုက်ချင်တယ်၊ အဲဒါနဲ့ ကော်ဖီထုတ်ကို ယူပြီး ပြေးလာတော့တောပဲ။ ပြေးေsတာ့ သူတို့ နောက်ကနေ လိုက်တယ်။ ပြီးတော့စခန်းကို ပြောတယ်ပေါ့နော်။ အဲဒီမှာ ဘာသွားဖြစ်သလဲ ဆိုတော့ လူတိုင်းကို မဆိုလိုချင်ဘူး အချို့တွေက ရန်ကုန်က သူခိုးတွေ ဖြစ်သွားရော…။ဟီးဟီး..။ ရန်ကုန်သားက သူခိုးဖြစ်ရောပေါ့…သဘောက။ ရန်ကုန်သားက ခိုးမှာပဲ…ဘာကြောင့်ခိုးလဲဆိုတော့ ကျနော်တို့မခိုးလို့မှ မရတော့တာ။ အဲဒီမှာ ကျန်တဲ့ သူငယ်ချင်းတွေကလည်းပြောတယ်ပေါ့ဗျာ။ မင်း ဒီလိုတော့ မဖြစ်သင့်ဘူး။ လိုအပ်တယ်ဆိုရင် ငါတို့ တပ်ထဲမှာ အလံထောင်ပြီး သပိတ်မှောက်မယ်ပေါ့။ အဲဒီကနေ ပြဿနာတွေက စတာ။ တကယ်တော့ အဲလောက်ပြဿနာဆိုတာ ဘာမှ မဟုတ်ဘူး။ အဲဒါကို အသုံးချသွားတာက မျိုးဝင်း။ မျိုးဝင်းက ကောင်းကောင်းကြီး အသုံးချသွားတာပါ ။အဲဒါကိုလည်း ကျနော်နောက်မှ သိခဲ့ရတယ်။ ABSDF_ ကျောင်းသားရဲဘော်ဟောင်း ဘိုဘိုရဲ့ မြောက်ပိုင်း ခရီး(၃) by May Thingyan Hein on Saturday, September 22, 2012 at 3:01pm · မေသင်္ကြန်ဟိန်(မြစ်မခ) စက်တင်ဘာ ၂၂၊ ရန်ကုန်မြို့။ အပိုင်း(၆) အဲဒီနောက်မှာ ကျနော်တို့ စစ်သင်တန်းတက်ရတယ်။ စစ်သင်တန်းက ကေအိုင်အေ ထရိနင်ပါ။ ကေအိုင်အေ ထရိနင်ဆိုတော့ KIA သီချင်းတွေကို ဆိုရတယ်။ ကျနော်တို့က ထပ်ပြောတယ်။ ကေအိုင်အေ သီချင်းဆိုရတာလည်း ရတယ်၊ ပြသနာ မရှိဘူး။ ဒါပေမဲ့ ကျောင်းသားတပ်ဖြစ်တဲ့အတွက် ကျောင်းသားသီးချင်းလည်း ဆိုသင့်တယ်၊ဆိုရမယ်ပေါ့။ အဲဒီလိုအခြေအနေမျိုးတွေရှိတယ်။ အဲဒီလို ပါဂျောင် စခန်းမှာ အဟ လေးတွေ ရှိနေတဲ့အခြေအနေမှာ မြောက်ပိုင်း စခန်းကို ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေ ရောက်တာပိုများလာတယ်။ ပြောရမယ်ဆိုရင်တော့ ကိုမျိုးဝင်းအနေနဲ့က သူ့အနေနဲ့ ရှေ့မှာ ရောက်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အယူအဆပိုင်းမှာ ဆိုလို့ရှိရင် ရန်ကုန်၊ မန္တလေး ကျောင်းသားတွေက ပိုပြီး သာတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ကျနော်တို့က ဒီ Field ထဲမှာ ဖြတ်လာကြတာကိုး။ နယ်ကျောင်းသားတွေအနေနဲ့က ရန်ကုန်ကျောင်းသားတွေနဲ့ နိုင်ငံရေးပိုင်းမှာ အဟ ကွာနေတယ်။ ကွာတာလေးတွေ ရှိတယ်။ရန်ကုန်မှာ ဆယ်တန်းအောင်တဲ့ သူနဲ့ နယ်မှာ ၁၀ တန်းအောင်တဲ့ သူတွေ ကြားမှာကွာသလို နည်းနည်းလေး ကွာနိုင်တယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့က စစ်သင်တန်း ဆက်မတက်တော့ဘဲနဲ့ သပိတ်မှောက်လိုက်ကြတယ်။ နောက် ဘာတောင်းဆိုသလဲ ဆိုတော့ နောက်ထပ် election လုပ်ပေးဖို့ပေါ့ အဲဒါကို တောင်းဆိုကြတယ်။ ကျနော်တို့ အောက်ခြေကျောင်းသားရဲဘော်တွေ သိခဲ့ရတဲ့ အနေအထားက…။ အဲဒီအနေအထားက…ပြောရရင်တော့….ကိုမျိုးဝင်းက မဲမရဘူး။ ဒါပေမဲ့ ပါလာတယ်။ မဲမရဘူးဆိုတာက လုံးဝ မရဘူးလို့ ပြောတာမဟုတ်ဘူး။ လူကြိုက် မများဘူးလို့ ပြောတာ။ အဲဒီမှာ ကိုမျိုးဝင်းအကြောင်းကို ကျနော် ပြောချင်တယ်။ ကိုမျိုးဝင်းက မိုးညှင်းနတ်စလောရွာက။ အဲဒီတုန်းက သူ့ရွာမှာ အာအိုင်တီ ကျောင်းသားက ၂ယောက်ပဲ ရှိတယ်။ သူက သူ့ရွာမှာတော့ ပညာတတ်ပေါ့ဗျာ။ သူ့ရွာမှာတော့ သူက အာအိုင်တီကျောင်းသားလည်း ဖြစ်တော့တကယ့်ကြီးကြီးပေါ့။ သူက ကွန်မန်ဒို ဖွဲ့တဲ့အခါမှာ အဲဒီမှာသူက သူ့ရွာကနေ တောခိုလာတဲ့ ကျောင်းသားတွေနဲ့ ကွန်မန်ဒိုဖွဲ့ချသွားတယ်။ အဲဒီအခြေအနေကို တိုတိုပြောရရင်တော့ ဖွဲ့စည်းပုံမှာသူက အထွေထွေအတွင်းရေးမှူး ၁ အနေနဲ့ရသွားတယ်။ အဲဒီအချိန်မှာပဲ စစ်ရေးတာဝန်ခံ ကိုသံချောင်းက မျက်စိ ထိလာတယ် ရှေ့တန်းကနေ ထိလာတာ။ မျက်စိထိလာတော့ ဒု- စစ်ရေးတာဝန်ခံတယောက်ခန့်ဖို့ လိုလာတယ်။ ကိုမျိုးဝင်းကို ဒု-စစ်ရေးတာဝန်ခံအနေနဲ့ တင်ပေးလိုက်တယ်။ အဲဒီတော့ မအပရဲ့ ဖွဲ့စည်းပုံက အကုန်လုံး ကေအိုင်အေကို မှီးသွားခဲ့တာချည်းပဲ။ ကေအိုင်အေမှာ ဦးဘရန်စိုင်းက ဥက္ကဋ္ဌ၊ အဲဒီအချိန်မှာ ကေအိုင်အေမှာ ဒုဥက္ကဋ္ဌက ဗိုလ်ချုပ်ထော်မန် သူက စစ်ရေးတာဝန်ခံ CS။ ဒီမှာက ကိုသံချောင်းက စစ်ရေးတာဝန်ခံပေါ့ ကျနော် ပြောချင်တာက သူတို့က ကေအိုင်အေ အတိုင်းကို အကုန်လိုက်လုပ်တာ။ အဲဒီလို သွားတော့ သွားတဲ့ထဲမှာ အခြားဒေသတွေထက် ကျနော်တို့ရဲ့ မအပက တော်တော်လေး အောင်မြင်ခဲ့တယ်။ အောင်မြင်တယ်ဆိုတာက ရှေ့တန်းတွေမှာလည်း ကျနော်တို့ အောင်မြင်တယ်။ပြည်သူက ချစ်တယ်။ ပြည်သူလူထုက ကျောင်းသားတွေကို ချစ်တယ်။ အဲဒါက ကေအိုင်အေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အောင်မြင်တယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှု ရတယ်။ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ မြောက်ပိုင်း ABSDF က အရမ်းတက်နေတဲ့အချိန် အောင်မြင်နေတဲ့အချိန် တောင်ပိုင်းနဲ့တောင် မတူပါဘူး။ အဲဒီမှာ သွားနေရင်းနဲ့ကျနော် တာဝန်ထမ်းဆောင်ခဲ့ရတာ ဘယ်မှာ ထမ်းဆောင်ခဲ့ရလဲ ဆိုတော့ ပရိုပဂန်ဒါ (Propagator)မှာထမ်းဆောင်ခဲ့ရတာ။ ကျနော်က သင်တန်းဆင်းပြီးတာနဲ့ ပရိုပဂန်ဒါ တမ်းရောက်တာ။ ကျနော်က အဲဒီတုန်းက အသားဖြူဖြူနဲ့ လူကောင်ကလည်းသေးတယ် အသက်လည်းငယ်။ ဂစ်တာလည်း တီးတယ်။ဟိုမှာ ရောက်ရောက်ချင်း ဂစ်တာ သွားတီးတော့ဟိုမှာ ဂစ်တာတီးမဲ့သူလည်း မရှိဘူးဗျာ။ အဲဒါနဲ့ ကျနော်က ပရိုပဂန်ဒါကို ရောက်ရောဗျာ။ အဲဒီမှာပြောစရာရှိတာက ကိုမျိုးဝင်းနဲ့ ကျနော် စစ်ဆင်ရေး ထွက်ဖူးတယ်။ကိစ္စရပ်လေး တခုကို ကျနော် ပြောပြချင်တယ်ဗျာ့။ အဲဒီမှာ ကျနော့် မသေရတဲ့ အကြောင်းရင်းလေး တခုရှိတယ်။ ကိုမျိုးဝင်း ကျနော့်ကို မသတ်ရတဲ့ အကြောင်းရင်းလို့လည်း ပြောလို့ရတယ်။ ခုန ပြောခဲ့တဲ့ ကျနော်တို့ သင်တန်းတက်နေတာကို သပိတ်မှောက်လိုက်တယ်။ ကျနော်တို့ လုံးဝ သင်တန်းဆက်မတက်တော့ဘူး။ ကုန်းကလည်း ဒီဘက်က ကိုမျိုးဝင်းတို့ ဒီဘက်က သင်တန်းကုန်းပေါ့။အဲဒီတုန်းက ဒီဇင်ဘာလကြီးပေါ့။ ကော်မတီရုံးကလည်း ည ၆နာရီကျော်ရင် ကော်မတီရုံးကို မတက်နဲ့ ပစ်မိန့်ပေးတယ်ပေါ့ဗျာ။ ပစ်မိန့်ပေးထားတယ်။ ဘယ်သူမှလည်း မတက်ဘူး။ တက်တဲ့ သူကို ပစ်လို့ရတာကို။ အဲဒီအချိန်မှာ ကျနော်တို့ကလည်း ဘားတိုက်ထဲမှာ မျိုးဝင်းမကောင်းကြောင်းတွေ ပြောကြတယ်။ ဟာ အဲကောင် လူပါးဝတယ်ပေါ့။ ကိုမျိုးဝင်းကလည်း အဲဒီအချိန်မှာ သူ့တပ်ကို ပြန်ခေါ်ထားတယ်။ ကျနော်က အဲလို အခြေအနေကို မကြိုက်ဘူး။ ကျနော်က ဖြစ်ချင်တာက သင်တန်းထဲက လူတွေကလည်း ကျနော့်အကိုတွေပဲ။ ကိုအောင်ကျော်တို့ ကိုရန်ရှင်းတို့။ ကိုရဲ တို့…ဒါ ကျနော့်အကိုတွေပဲ။ ကိုမျိုးဝင်းလည်း သူလည်း ကျောင်းသားပဲ ကျနော့်ထက် အသက်ကြီးတယ်၊ သူလည်း အိုင်အာတီက ကျောင်းသားပဲ သူလည်းပဲ အကိုပဲပေါ့ ကျနော်အဲလို ခံစားတယ်။ စိတ်ထဲ အတူတူပဲလို့လည်း ခံစားမိတယ်ပေါ့။ အဲလို ခံစားမိတော့ ဒီလိုတွေ အဖွဲ့ခွဲတာ ကျနော် စိတ်ညစ်တယ်။ မြို့ပေါ်မှာ အဖွဲ့ခွဲတာတောင် ကျနော် တော်တာ် စိတ်ညစ်တယ်။ ခုဟာက တောထဲမှာ ဟိုပြီး စိတ်ညစ်တယ်။ အဲဒါကြောင့် ညကြီး ကော်မတီကုန်းကို ကျနော်က တယောက်တည်း တက်သွားတာ။ အဲဒီအချိန်မှာ ကော်မတီကုန်းမှာတာဝန်ကျတာက ဂွတိုနဲ့ ကိန်းမြင့် ဗျ၊ ကျနော်မှတ်မိတယ်။ အဲဒီအချိန်မှာ ဂွဖြစ်ရင်ဖြစ်မယ်၊ ကိန်းမြင့်ဖြစ်ရင် ဖြစ်မယ်။ ကျနော် က ည ၆နာရီတော့ ကျော်သွားပြီးသွားပြီဆိုတာမှတ်မိတယ်။ အဲဒီအချိန်မှာကော်မတီကုန်းတက်သွားတော့အဲဒီထဲက တယောက်က သေနပ်ကို ဗျောင်း ဗျောင်း ဆိုပြီး ချည်ထိုးပြီးတော့မှ ကျနော့်ကို ရပ်ဆိုပြီးတော့ စကားဝှက်လှမ်းမေးတယ်။ ကျနော်က စကားဝှက်မသိဘူး။ ဘယ်သူလဲ ဆိုတော့..ဘိုဘို လို့ ကျနော် ပြောလိုက်တယ်။ ကျနော်က တကယ်တော့သိပ်သတ္တိရှိလို့ တက်သွားတာ မဟုတ်ဘူး။ ကြော က်ကြော က်နဲ့ တက်သွားတာ။ ဘိုဘိုလို့ အကျယ်ကြီး အော်ပြောတယ်။ သုံးခွန်း လှမ်းမေးတယ်။ အဲဒီသုံးခွန်းစလုံး ကျနော် ဘိုဘိုလို့ပဲ အကျယ်ကြီး အော်ပြောတယ်။ ကျနော့်စိတ်ထဲမှာ ကြောက်တယ်။ သုံးခါမေးလို့မှ မရတော့ ပစ်လို့ရပြီကိုး။ ကျနော်ကလည်း တော်တော်ကြောက်နေပြီ။ အဲဒီအချိန်မှာ ကိုမျိုးဝင်းက “ဟေ့ကောင် ခဏနေဦး လွှတ်လိုက်“ လို့ ပြောတယ်။ အဲဒီအချိန်မှာ ကိုမျိုးဝင်းက မှတ်မှတ်ရရ မီးလှုံနေတာ။ အဲဒီရဲ့ အပြင်မှာ ဂွတိုတို့၊ ကိုကိန်းမြင့်တို့ ရှိတယ်။ ကျနော် ရောက်သွားတယ်။ သူက ဘာကိစ္စလဲ လို့မေးတယ်။ “အကို …အကိုလည်း ကျောင်းသားပဲ၊ဟိုမှာလည်း ကျနော့်အကို ကျောင်းသားတွေပဲ ဒါပေမဲ့ ဒီပုံဆန်ကြီးဖြစ်နေတာ““ အဲလို ပြောရင်းပြောရင်းနဲ့ ကျနော် ခံစားလာရပြီး ငိုချင်လာတာ၊ အဲဒါနဲ့ ကျနော် ငိုရင်းနဲ့ သူ့ကို ပြောတယ်။ ညီတယောက်က အကိုတစ်ယောက်ကို ပြောတဲ့ ပုံဆန်ပါပဲ၊ အဲဒီလို ပုံဆန်နဲ့ ကျနော်သူ့ကို ငိုပြီး ပြောတယ်။ “ကျနော် အဲလို မဖြစ်ချင်ဘူး…ကျနော်တို့ ဒီမှာလာတာ စုစုစည်းစည်းနဲ့ သွားချင်တယ်…အဲလိုဖြစ်နေတာ မကောင်းဘူး၊ မှန်ခြင်းမှားခြင်းကိုလည်း ကျနော် မဆိုလိုချင်ဘူး…“လို့ ငိုရင်းနဲ့ ပြောတယ်။ မျိုးဝင်းက အဲဒီမှာ တော်တော်လေး..ဘယ်လိုပြောမလဲ ပြီးတော့ ကျနော့်ကို ချွေးသိပ်ပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီကိစ္စကို ကျနော့်ကို အမှတ်ပေးခဲ့တယ်၊ နောက်ပိုင်း စစ်ကြောရေးမှာ ကျနော့်ကို အဲဒါပြန်ပြောတယ်။ ပြီးတော့ ကျနော်ကလည်း သင်တန်းမှာ ဒီကိစ္စကို ပြန်ပြောတယ်။ သူလည်း ကျောင်းသား၊ ကိုယ်လည်းကျောင်းသားဖြစ်နေတယ် ၊ မှန်ခြင်း မှားခြင်းထက် ခုလိုမျိုး ကွဲနေတာမျိုးတွေ မဖြစ်သင့်ဘူးဆိုတာမျိုး ပြောခဲ့တယ်။ အပိုင်း(၇) နောက်တခု ကျနော်ပြောချင်တာက စစ်ဆင်ရေး ထွက်တဲ့ အကြောင်းပေါ့နော်။ စစ်ဆင်ရေးထွက်မယ်ဆိုရင် ကျနော်တို့ကတော့ Fighter အနေနဲ့ မထွက်ရဘူး။ ကျနော်တို့သွားမယ်ဆိုရင် ရှေ့မှာ တပ်ခွဲတစ်ခွဲ အရင်သွားရတယ်။ ကျနော်တို့က ရွာတွေဝင် ရောက်တဲ့ ရွာ တိုင်စိုက်အလံထောင် ပြီးရင် သီချင်းဆို အဲဒီပုံစံနဲ့ ကျနော်တို့ သွားလေ့ရှိတယ်။ အဲလို သွားနေရင်းနဲ့ ကျနော်နဲ့ အတူတူ ထွက်ခဲ့တဲ့ စမ်းချောင်းအကသက ကိုဝဏကျော်က တိုက်ပွဲကျသွားတယ်။ သူတိုက်ပွဲ ကျသွားတော့ ကျနော်လည်း တော်တော်လေး ခံစားရတယ်။ ရှေ့တန်းထွက်ဖို့အတွက် တောင်းဆိုတယ်ပေါ့နော်၊ အဲဒီတပွဲမှာတော့ သူက ကျနော်တို့ကို ပေးလိုက်တယ်။ အဲဒီမှာ တခု ကွာတာက ဘာကွာလဲဆိုတော့ ကျနော်တို့ နောက်တန်းမှာတော့ အိုကေတယ်နော်။ ရှေ့တန်းထွက်လို့ရှိရင် ရန်ကုန်-မန္တလေးက ကောင်တွေက သူတို့လောက် မထွက်နိုင်ဘူး။ သူတို့က အကြမ်းသွားနိုင်တယ်။ ကျနော်တို့ ရန်ကုန်xမန္တလေးက ကောင်တွေက အပြောပဲ ရှိတာ သူတို့ကို မီကို မမီဘူး။ တကယ်ကို ခွေခေါက်နေတာပဲ။ ကိုင်းတောကြီး မီးရှို့ထားတဲ့ အလယ်ကနေ ဖြတ်ရတာတို့ မှာ နေကပူ၊ ဘေးက ပူနဲ့ ကျနော်တို့က လမ်းကို မလျှောက်နိုင်တော့တာ။ တကယ်ပဲ ဘယ်လိုကို မရတာ၊ ပြီးတော့ ခါးထက်နည်းနည်းလောက်ပဲ မြင့်တဲ့ တောင်ကဗျက်တောင် ကျနော်က မတက်နိုင်ဘူး။ ကျနော်က ကိုမျိုးဝင်း runner အနေနဲ့ လိုက်သွားတယ်။ ကိုမျိုးဝင်းရဲ့ ကိုယ်ရံတော် တပ်စိတ်ရှိတယ်။ ကိုတောက်ပြောင်တို့ ဦးလှရွှေတို့။ သူဆိုလို့ရှိရင် ကိုမျိုးဝင်းတို့ ရွာကပဲ၊ သူဆိုရင် ကျနော်ရဲ့ ကာဘိုင်ရော၊ ပစ္စည်းတွေရော အကုန်အားလုံး ယူသယ်ပေးတာ။ ကျနော်က လူချည်လျှောက်တာကို မလျှောက်နိုင်ဘူး ဖြစ်နေတာ။ သူတို့က အကုန်လုံး သယ်ပြီး လျှောက်ပေးကြတာ။ အဲတော့ စစ်ဆင်ရေးမပြီးဘူး ကျနော် ၃ လနဲ့ ပြန်လာရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့သွားကိုက်လို့။ ကျနော် ဆင်သား စားတဲ့နေရာမှာဗျာ သွားကိုက်ပြီးတော့ ထမင်း မစားနိုင်တော့ဘူး။ ရှေ့တန်းလည်းရောက်နေတယ် ထမင်းလည်း မ၀င်တော့ပိုဆိုးတာပေါ့။ အဲတော့ ၃ လနဲ့ ကျနော်ပြန်ရောက်လာတယ်။ ပြန်ရောက်လာပြီးတော့ သီချင်းပဲ ဆိုနေရတာပေါ့ဗျာ။ ကျနော်က ဂစ်တာတီးလိုက်၊ သီချင်းဆိုလိုက်နဲ့ ဒီအလုပ်တခုပဲ လုပ်နိုင်တယ်။ အဲဒီလို အခြေအနေကနေ ကျနော်တို့ကို ထောက်လှမ်းရေး ဆိုပြီးတော့ စပြီး စွပ်စွဲပြီး ဖမ်းတာက သြဂုတ်မှာစဖမ်းတာ။ခုနှစ်ကတော့ သေချာ မသိတော့ဘူး ခုနှစ် သြဂုတ်လလောက် ထင်တယ်။ ဘယ်ကနေစဖြစ်တာလဲ ဆိုတော့ ကိုသံချောင်းက တိုက်ပွဲမှာ လက်သွားထိတယ်။ ဗန်းမော် တိုက်ပွဲမှာ အဲဒီ စစ်ဆင်ရေးမှာ ကျနော်ပါတယ်။ ၁၇ မိုင်နားမှာဖြစ်တော့ ကိုသံချောင်းလက်ထိသွားတယ်။ ညာဘက်လက်လား မသိဘူးဗျ။ အဲဒီမှာ သွားထိခဲ့တယ်။ အဲဒီမှာ ကျနော် နည်းနည်းစဉ်းစားရင်း ရောနေတာ ရှိတယ်။ အဲဒီ တိုက်ပွဲမတိုင်ခင်မှာ ကိုမျိုးဝင်းက စစ်ရေးတာဝန်ခံဖြစ်တာလား၊ ဒီတိုက်ပွဲပြီးမှ ဖြစ်တာလား ကျနော် ရောနေတယ်။ ဒါပေမဲ့ သေချာတာကတော့ ကိုမျိုးဝင်းက စစ်ရေးတာဝန်ခံဖြစ်ခဲ့တယ်။ ပြီးတော့ ထောက်လှမ်းရေး တာဝန်ခံကလည်း ရှေ့တန်းမှာ ကျသွားတယ်။ထောက်လှမ်းရေး တာဝန်ခံ ကိုဖေက မိုးညှင်းဘက်မှာ တိုက်ပွဲ ကျတာ။ အဲဒီမှာ ထောက်လှမ်းရေး section ကို ကိုမျိုးဝင်းက တိုက်ရိုက်ကိုင်တာ။ပြီးတော့ကိုမျိုးဝင်းက အဲဒီမှာ ကွန်မန်ဒိုဖွဲ့တယ်။ သူ့လူတွေနဲ့ချည်းပဲ ဖွဲ့ချသွားခဲ့တာ။ ကိုမန်ဒိုနဲ့ ရိုးရိုး တပ်ရင်းနဲ့က ဘာကွာလဲ ဆိုတော့ ရိုးရိုးတပ်ရင်းအနေနဲ့ ပြန်ဝင်လာပြီ ဆိုရင် လက်နက်အပ်ရတယ်။ ကေအိုင်အေမှာလည်း အဲဒီပုံအတိုင်းပဲ။ကွန်မန်ဒိုက ၂၄ နာရီ အမြဲ သေနပ်နဲ့ အတူ ရှိနေလို့ရတယ်။ ကေအိုင်အေမှာ ကွန်မန်ဒို ကုန်းက သီးသန့်ရှိတယ်။ ကျနော်တို့ ကျောင်းသားတပ်မှာတော့ ကွန်မန်ဒို ကုန်းက သီးသန့်မရှိဘူး။ အကုန်ရောနေတာပေါ့ဗျာ၊ ဒါပေမဲ့ များသောအားဖြင့် ကွန်မန်ဒိုက ရှေ့မှာပဲ နေနေရတာများတယ်။ ဗဟိုတက်တယ်ဆိုရင် ခဏပဲ၊ ပြီးတာနဲ့ ရှေ့တန်းပြန်ထွက် အဲလိုပဲ ရှိတာကိုး။ အဲတော့ကိုမျိုးဝင်းက ကွန်မန်ဒိုကိုင်တယ်၊ ကွန်မန်ဒို ဖွဲ့တဲ့အခါမှာလည်း လုံးဝ သူ့စိတ်တိုင်းကျ သူ့ရွာထဲက လူတွေနဲ့ချည်း ဖွဲ့ချသွားတယ်။ သူက အဲဒီတုန်းက ဒု- စစ်ရေးတာဝန်ခံဖြစ်နေတော့ လုပ်လို့ရတာပေါ့။ တပ်ရင်းတွေမှာကြတော့ ကိုင်ရတဲ့ သေနပ်တွေက မီးကျိုးမောင်းပျက်တွေပဲ များတယ်။ ကွန်မန်ဒိုမှာတော့ တကယ့်အကောင်းတွေ ပေးထားတာ။ ထားပါတော့နော်၊ အဲဒါတွေကို သိပ်တော့ မပြောချင်ဘူး။ အဲဒီမှာ ကျနော်တို့ကို ထောက်လှမ်းရေးကို စပြီးစွပ်စွဲပြီး ဖမ်းခံရတာက…သြဂုတ်မှာ၊ ၁၉၉၁စပြီး ဖမ်းတာက ကိုစိုးမင်းအောင်ကို စဖမ်းတာ။ ကိုစိုးမင်းအောင်က ကိုရဲ..ရဲ့ ရန်လ်ဒါ။ နောက်တော့ … ထွက်ပြေးသွားတယ်လေ။(ထလရလို့ စွပ်စွဲ ဖမ်းဆီးတာတွေ ဗျူဟာ၂ ဗန်းမော်ခရိုင်မှာ ၆ ရက် သြဂုတ်လ ၁၉၉၁ မှာ စတင်ခဲ့တာ ။ ပါဂျောင်မှာ က စိုးမင်းအောင်ရဲ့ ထွက်ချက်တွေကနေ ဆွဲယူလာပြီး ၉ သို့မဟုတ် ၁ဝ ရက် သြဂုတ်လ ၁၉၉၁ ခုနှစ်မှာ စဖမ်းတာ - မနန်းအောင်ထွေးကြည်) အဲဒီမှာ ကိုမျိုးဝင်းတို့အဖွဲ့က ကိုစိုးမင်းအောင်ရဲ့ ထွက်ချက်တွေကိုယူသွားတာ။ အဲဒီတုန်းက ကျနော်တို့က ပွဲလုပ်နေတဲ့ အချိန်ဗျ။ ကိုစိုးမင်းအောင်ကို ဖမ်းတာကိုသိတယ်။ စစ်နေတာကိုလည် သိတယ်။ ဒါပေမဲ ကျနော်တို့ ဆီမှာ စစ်တာမဟုတ်ဘူး။ ကိုစိုးမင်းအောင်ကို ထောက်လှမ်းရေး ဆိုပြီးစဖမ်းတော့ ဟာ…ဒါ ကျောင်းသားတယောက်ပဲ ဖြစ်တယ်၊ ခုလိုမျိုး မလုပ်သင့်ဘူးဆိုတဲ့ အတွေး ကျနော့်မှာ လုံးဝ မရှိဘူး။ တကယ်ကို မရှိတာ။ ဖမ်းတယ် စစ်တယ် အဲလောက်ပဲ သဘောထားတယ်။ကိုယ့် Section ကလည်း မဟုတ်ဘူး။ ပြီးတော့မှ အဲဒီ ကိုစိုးလင်းအောင် ဆီကနေ list တွေ တက်လာတာ။ အဲဒီ List မှာ ကျနော်တို့ နာမည်တွေ ပါတယ်ဆိုတော့ ကျနော်တို့က ရီနေကြတာ။ အဲဒီမှာ list တက်လာပြီးတော့ မချို တို့ကို စဖမ်းတယ်။ မချိုကို ဖမ်းပြီလို့ ကြားတော့ ကျနော်က တော်တော်ကို ပြာတောက်သွားတာ။ ဘာလို့ လဲဆိုပြီး တော်တော်လေးကို စိတ်မကောင်းလည်း ဖြစ်သွားတယ်။ ပြာလည်း ပြာသွားတယ်။နောက် မငယ်တို့လည်း ပါတယ်ကြားတော့ ပိုဆိုးသွားတယ်။ မငယ်နဲ့ ကျနော်တို့က Section တခုတည်း propagator မှာ တူတူပဲ အလုပ်လုပ်နေကြတာ။ မချိုနဲ့က ကျနော်နဲ့ တော်တော်ရင်းနှီးတယ်၊ သူက ကျနော့်ကို အမြဲ မုန့်ဖိုးပေးတယ်။ တကယ်တော့ သူတို့နဲ့က ကျနော်က မောင်နှမရင်းတွေလို ဖြစ်နေတာဗျ။ ကျနော်က ရေချိုးရမှာ ပျင်းတယ်။ ရာသီဥတုကလည်း အေးတော့ ရေမချိုးဘူး။ သူက ကျနော်ရေချိုးချင်အောင် မုန့်ဖိုးပေးတယ်။ ဟဲ့ အမဆီက မုန့်ဖိုးယူ ပြီးရင်ရေချိုး ဆိုပြီး ကျနော် ရေချိုးအောင် လုပ်ပေးတယ်။ပြီးတော့ ဒယ်ပိုင်းလေးထဲမှာ ရေနွေးတယ်ပြီး ရေးချိုးဖို့ ရေနွေးပေးတယ်။ ကျနော်က အဲဒီလိုနဲ့ သူ့ဆီကနေ မုန့်ဖိုးယူ၊ ရေနွေးလည်းယူပြီး ရေးချိုးတယ်လေ။ ကျနော့်စိတ်ထဲမှာလည်း သူတို့က ကျနော့်အမတွေလိုပဲ မှတ်တယ်။ ခံစားရတယ်။ ဟိုမှာ တကယ့်အမလိုပဲ ဖြစ်နေတာကို။သူတို့ကလည်း ကျနော့်ကို မောင်ငယ်တယောက်လိုပဲ ဆက်ဆံခဲ့ကြတယ်။ အဲလိုနေတော့ မချိုကို ဖမ်းပြီဆိုတော့ ကျနော် ရှော့်ရသွားတယ်။ စိတ်ထိခိုက်သွာတာဗျ။ နောက် ...စစ်ကြောရေး စစ်တဲ့အဖွဲ့ထဲမှာ ကျနော်ပါတယ်။ ရှေ့ဆက်ဖော်ပြပါမည်။ မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။ မေသင်္ကြန်ဟိန်(မြစ်မခ) ရှေ့ဆက်ဖော်ပြပေးပါမည်။ မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။ မေသင်္ကြန်ဟိန်(မြစ်မခ)

No comments: