Friday, September 28, 2012

မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း - ( ၄ )

မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း - ( ၄ ) by Ko Lin Wai Aung on Friday, September 28, 2012 at 3:36pm · ရှစ်လေးလုံး( ၃ )နှစ်ပြည့် အခမ်းအနားနှင့် ဖမ်းဆီးမှုများ၏အစ ကျွန်တော်ဗဟိုကို ၁၉၉၁ခုသြဂုတ်လဆန်းမှာ ပြန်ရောက်ပါတယ်….ရှစ်လေးလုံး( ၃)နှစ်ပြည့်အခမ်းအနား အတွက်ပြင်ဆင်နေကြပါပြီ….ကိုတင်မောင်အေး(ခ)ကိုအားဆိုက်နဲ့သတင်းပြန်ကြားတဲမှာ နေပါတယ်… အခမ်းအနားမှာ ကဗျာ၊ကာတွန်း၊စာစီစာကုံး၊ဆောင်းပါးပြိုင်ပွဲနဲ့ နံရံကပ်စာစောင်ပြပွဲလုပ်ဘို့ တာဝန်ယူရတယ်… နောက်တစ်ခုကအခမ်းအနားမှာ ဗဟိုကော်မတီကတင်သွင်းမဲ့ “ လက်နှက်ဖြင့်အာဏာတည်ဆောက်ရေးလမ်းစဉ် ” စာတမ်းကို အပိုင်းလိုက် ရေးဘို့တာဝန်ယူရပါတယ်… ကျွန်တော်တာဝန်ယူရတဲ့အပိုင်းက ကုန်းဘောင်ခေတ် ကာလအပိုင်း ကိုရေးရပါတယ်… အဓိကရေးရတာက အားနဲချက်နဲ့ဆိုးကျိုးတွေကို ရေးကြရတာပါ… ဗဟိုမှာထူးခြားနေတာတစ်ခုက….ရှစ်လေးလုံးအခမ်းအနားမှာ အစားအသောက်တွေထဲ အဆိပ်ခပ်လိမ့် မယ်ဆိုတာပါ…ဘယ်သူတွေကပြောနေလဲဆိုတော့ ထောက်လှမ်းရေး အဖွဲ့တွေပါဘဲ…ကိုအောင်နိုင်က လည်း ဒီကိစ္စကိုအလေးအနက်ထားတာတွေ့ရတယ်… အဲဒီနေ့မှာပွဲပြီးရင် ဧည့်သည်အဖွဲ့အစည်းတွေကို ထမင်းကျွေးဘို့စီစဉ်ထားတာပါ…. မီးဖိုကြီး ထဲကို တာဝန်မရှိဘဲ ဘယ်သူမှမ၀င်အောင်လုပ်ဘို့ စီစဉ်နေတာ မှတ်မိတယ်…နောက်တစ်ခုက ရင်း(၅၀၁) ကကိုသိန်းထွန်းတို့ တောင်ပိုင်းကိုပြန်ဘို့လုပ်နေကြတယ်ဆိုတဲ့ ကိစ္စပါ… ဥက္ကဋ္ဌကိုထွန်းအောင်ကျော်က ခွင့်ပြုလိုက်လို့ ကိုယ့်အစီစဉ်နဲ့ကိုယ် လမ်းကြောင်းရှာပြီးပြန်ဘို့ လုပ်နေတယ်ဆိုတာသိရတယ်… ၅.၈.၁၉၉၁ နေ့မနက်ပိုင်းကိုသိုက်ထွန်းဦးတို့ LECTURE HALL ကိုပြင်ဆင်နေကြတယ်…ကျောက်တုံးတွေ ခင်းနေကြတယ်…ကျွန်တော့်ကိုတွေ့တော့ လက်ကနာရီကိုချွတ်ပြီး ခဏယူထားပေးဘို့ပြောတယ်… ကျွန်တော် လည်းလက်မှာပတ်ထားလိုက်ပြီး သတင်းပြန်ကြားတဲထဲမှာလုပ်စရာရှိတာလုပ်နေလိုက်တယ်… ညနေကျမှ ကိုသိုက်ထွန်းဦးနဲ့အတူနေတဲ့ စိုးမင်းအောင်ကိုတွေ့လို့ ကိုသိုက်ကိုပေးလိုက် ဆိုပြီးနာရီကို ချွတ်ပေးလိုက်တယ်.. နောက်နေ့မှသိရတာက စိုးမင်းအောင်တပ်ကထွက်ပြေးသွားတယ်ဆိုတာပါဘဲ…. ရှားဟော့ပါ(KIA)ရွာက မနှင်းမေဆီမှာနာရီကိုဝင်ရောင်းသွားတယ်ကြားတယ်…မနှင်းမေက ငွေနဲနဲကူညီလိုက်တယ်ကြားတယ်… မနှင်းမေ ဆိုတာက KIA ဗိုလ်မှူးစွန်လွတ်ဂမ်ရဲ့မိန်းမပါ… (ယ္ခုKIA ပညာရေးတာဝန်ခံ ဗိုလ်မှူးကြီးစွန်လွတ်ဂမ်) မနှင်းမေကဘာမှမသိဘဲကျောင်းသားမှန်ရင် အကုန်ကူညီတတ်တယ်…ဘာမှလဲမေးတာမရှိဘူး…လာသမျှ အခက်အခဲ တတ်နိုင်သမျှ ကူညီတတ်သူပါ…. အဲဒီကိစ္စမေ့ထားပြီးပွဲအတွက်လုပ်စရာရှိတာတွေဆက်လုပ်ဖြစ်ပါတယ်…ဒီရက်ပိုင်းဦးစိန်ကျန်းမာရေးသိပ်မ ကောင်းတာတွေ့ရတယ်…ဆေးသွင်းနေရတယ်…ကိုစိုးလင်းတောင်ပိုင်းကို ထွက်သွားရတဲ့အတွက် နိုင်/စည်းဋ္ဌာန ကို တွဲကိုင်နေတာသိရတယ်… ကြားထဲမှာကိုထွန်းအောင်ကျော်ကိုမေးခဲ့တာတစ်ခုရှိပါတယ်…ဒုစစ်ရေးတာဝန်ခံ(VCS)ကို ဘယ်သူတွေက ဆုံးဖြတ်ပေးခဲ့ကြသလဲဆိုတာကိုပါ…ကိုသံချောင်းမျက်လုံးနဲ့လက် ထိထားတဲ့အတွက် လိုအပ် တယ် ထင်လို့ CEC ကဆုံးဖြတ်ပြီး တာဝန်ပေးခဲ့တာလို့ပြောပါတယ်… လက်တွေ့ကျတဲ့အတွက်ဘာမှမပြောခဲ့တော့ဘူး…. ကိုမျိုးဝင်းဖြစ်နေတဲ့အတွက် သိပ်တော့ဘ၀င်မကျခဲ့ပါဘူး… ဗဟိုမှာကအဲဒီအချိန် လူတော်တော်စုံနေပါပြီ…ကိုသံချောင်းတော့မရောက်သေးဘူး…. ရင်းမှူးအောင်သန်း ကဗန်းမော်ခရိုင်မှာပါ…ကိုညီညီကျော်(ဗန်းမော်ခရိုင်မှူး)နဲ့ကိုမျိုးဝင်းတို့လည်း(၇.၈.၁၉၉၁)နေ့မှာ ရောက်လာကြ ပါပြီ….ဗန်းမော်ခရိုင်ကနေလာခဲ့ကြတာပါ…ကားမဆန့်လို့ဘဲလေးဆိုတဲ့ ရဲဘော်ကို ရွှေလီမှာထားခဲ့တယ်လို့ သိရတယ်… နောက်ပိုင်းမှာပြန်သိရတာက ကိုမျိုးဝင်းက မိုင်းတာရွာ(ရွှေလီနှင့်ယင်ကျန်းကြား)မှာ ကားခဏရပ်ပြီး (၁၂.၂.၁၉၉၂) နေ့မှာသုံးခဲ့တဲ့ဓါးကို ၀င်ဝယ်ခဲ့တာလို့သိရတယ်… မိုင်းတာဆိုတာမြန်မာလိုဆိုရင် ပန်းပဲလုပ်တဲ့ရွာ လို့အဓိပ္ပါယ်ရပါတယ်…ကိုညီကျော်ကအဲဒီတုံးက ကိုမျိုးဝင်းနဲ့အတူလိုက်လာခဲ့တာပါ…အသေးစိတ်ကိုပြောပြနိုင် မှာပါ… ကိုထွန်းအောင်ကျော်တဲမှာ မန္တလေးက ကိုချိုကြီး၊ကိုအောင်မင်းနဲ့တစ်ချို့ရောက်နေတာလဲ သိရပါတယ်… (၈.၈.၁၉၉၁)နေ့မှာတော့ရှစ်လေးလုံး(၃)နှစ်ပြည့်အခမ်းအနားကိုအောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပါတယ်. အဖွဲ့အစည်းတော်တော်များလည်းတက်ရောက်ခဲ့ကြပါတယ်…ဗဟိုကော်မတီကတင်သွင်းတဲ့ လက်နှက်ဖြင့် အာဏာတည်ဆောက်ရေး လမ်းစဉ် စာတမ်းကိုတင်သွင်းဖတ်ကြား ခဲ့ကြပါတယ်…. မှတ်မိတာတစ်ခုက ကျဆုံးအလေးပြုလုပ်နေချိန်မှာ ဦးစိန် မူးလဲသွားလို့ သူ့တဲကိုထမ်းပြီးပို့ပေးခဲ့ရတာပါ… ညပိုင်းမှာ စာစီစာကုံး၊ကဗျာ၊ဆောင်းပါး၊ကာတွန်းပြိုင်ပွဲတွေအတွက် ဆုပေးပွဲလုပ်ပါတယ်… ဆုရွေးချယ်တဲ့ကိစ္စကို သူ့ကိုမတင်ပြဘဲလုပ်တယ်ဆိုပြီး ကိုအောင်နိုင်ပြောခဲ့တာမှတ်မိတယ်… ဦးစိန်နဲ့ ကျွန်တော့်ကိုတာဝန်ပေးထားတာမို့ မလိုဘူးလို့ယူဆပါတယ်… ညဘက်တီးဝိုင်းအဖွဲ့တွေက သီဆို တီးမှုတ် ကြတယ်….. ရှစ်လေးလုံး(၃)နှစ်ပြည့်ပွဲအပြီးမှာဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့မကဒတ(မပ)ဟာရှေ့ခရီးအတွက် အားမာန် အပြည့်နဲ့ ရှိနေခဲ့ပါပြီ… မြန်မာပြည်အထက်ပိုင်း လူငယ်ကျောင်းသားထုအတွင်းမှာသော်လည်းကောင်း၊အခြားလက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းများမှလည်းကောင်း အသိအမှတ်ပြုမှုနဲ့ ယုံကြည်လေးစားခံရတဲ့အနေအထားကို ရောက်ရှိ နေပြီလို့ သုံးသပ်မိပါတယ်… တစ်ညမှာ ကိုအားဆိုက်(ခ)ကိုတင်မောင်အေးနဲ့ကျွန်တော် သတင်းပြန်ကြားတဲမှာ မအိပ်သေးဘဲ စကားပြောနေကြတယ်…၁၀း၃၀လောက်ဖြစ်မယ်…ဧည့်ခန်းကိုကျော်လာပြီး အခန်းဝမှာ ကိုမျိုးဝင်းဘွားကနဲ ပေါ်လာပြီးရပ်နေတယ်…ဘာမှမပြောဘဲပြန်ထွက်သွားတယ်…လာကတဲကခြေသံမကြားအောင်ဝင်လာတာပါ… နောက်ကနေကျွန်တော်လိုက်သွားတယ်…တဲအပြင်အပေါက်ဝအမှောင်ထဲမှာ စကားတခွန်းပြောသွားတယ်. ငါကညဘက်ကျမှ အပြင်ထွက်တာတဲ့ ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတာ သိရအောင်လို့တဲ့…. အဲဒီတုံးက သူပြောတဲ့အဓိပါယ် နားမလည်ခဲ့ဘူး… နောက်တစ်ခုက ကိုမျိုးဝင်းတရုပ်ပြည်ကပြန်လာတုံးက ငွေရောင်ဓါးတစ်လက်ဝယ်လာပြီး တသသ လုပ်နေတယ် ဆိုတာ ကြားတယ်… တစ်ချို့ရဲဘော်တွေဒီကိစ္စပိုသိတာရှိပါတယ်… ရှစ်လေးလုံး(၃)နှစ်ပြည့်ပွဲအပြီး (၅)ရက်လောက်မှာ ကိုမျိုးဝင်း၊ကိုအောင်နိုင်တို့က စာရွက်တစ်ရွက်နဲ့ ရေးထားတဲ့ လူစာရင်းတစ်ခုကိုပြတယ်….ကိုမျိုးဝင်းတဲမှာပါ….ဘေးမှာထလရတာဝန်ခံသန်းဇော်၊ကိုညီညီကျော်၊ ကိုလှဆိုင်းတို့လည်းရှိတယ်…ဇော်ဇော်မင်း(ထလရ)လည်းရှိတယ်….ကိုသိုက်ရှိနေတယ်လို့တော့ ထင်တယ်…. ထောက်လှမ်းရေးတွေလို့ စိုးမင်းအောင်က ပြောထားတဲ့သူတွေတဲ့…..လူ၄၀ကျော်တယ်…. ကျွန်တော့်နာမည် ဦးစိန်နာမည် ကိုတင်မောင်အေး(ခ)ကိုအားဆိုက်နာမည် ပါနေတာလည်း တွေ့တယ်…. အဲဒီကိစ္စကို ခေါင်းထဲကိုအရေးတကြီး ထည့်မစဉ်းစားမိခဲ့ဘူး… ကျနော်က ရီပြီး ဟုတ်သလားလို့ပြောခဲ့တာ မှတ်မိတယ်….စိုးမင်းအောင်တပ်ကပြေးတယ်…ရွှေလီမှာရဲဘော်တစ် ယောက်(ဘဲလေး)ကတွေ့လို့ ချော့ပြီး ဗန်းမော်ခရိုင်ခေါ်သွားတယ်…..ထုံးစံအတိုင်းစစ်မေးပြီး ကြိမ်ဒဏ်၊အလုပ် ကြမ်း(ထင်းဖြတ်) ခိုင်းမယ်…အဲဒီလောက်ပဲ တွေးထားတယ်…..ဒီလူစာရင်းတွေကို ကိုအောင်နိုင်၊ကိုမျိုးဝင်းတို့ အလေးထားခဲ့လိမ့်မယ်လို့လုံးဝမထင်ခဲ့ဘူး…..ဗန်းမော်ခရိုင်မှာ စိုးမင်းအောင်ကို ရင်းမှူးအောင်သန်းနဲ့ထလရ ကအောင်စိုးမြင့်တို့ကစစ်ဆေးတယ်ဆိုတာ နောက်မှသိရတယ်….. ခရိုင်မှူးကိုညီညီကျော်ကဗဟိုကို အခန်းအနား တက်ဘို့ရောက်နေပါတယ်….. ဗန်းမော်ခရိုင်နဲ့ချိတ်ဆက်ပြီးကိုမျိုးဝင်း၊ကိုအောင်နိုင်၊ကိုလှဆိုင်းနဲ့ထောက်လှမ်းရေးတွေလုပ်နေကြတာပါ.ကိုထွန်းအောင်ကျော်(ဥက္ကဋ္ဌ)ကိုတောင် တိုက်ရိုက်တင်ပြပြီး လုပ်နေတာ မဟုတ်ပါဘူး….ဗဟိုကော်မတီဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့ကြတာမဟုတ်ပါဘူး…… သြဂုတ်လ၁၁-၁၂လောက်မှာ ဖမ်းဆီးတာတွေစတင်တယ်လို့မှတ်မိပါတယ်…သြဂုတ်လတတိယပတ် လောက်မှာ ၁၀ယောက်ကျော်လောက်ဖြစ်နေပါပြီ…..မှတ်မိတာတွေက ရန်အောင်၊ကျော်ကျော်မင်း၊၀င်းမြင့်၊ ကိုကျော်ဝေ၊ ကိုကျော်ဋ္ဌေး၊သိန်းနိုင်ချိုတို့ပါ….အဲဒီအချိန်အထိ ဖမ်းတာဆီးတာ အမိန့်ပေးတာ…စစ်ဆေးတာ…ကို အတွင်းရေးမှူး(၃)ယောက် နဲ့ ထလရတာဝန်ခံသန်းဇော်၊ ဇော်ဇော်မင်းနဲ့ ထလရအဖွဲ့ဝင်တွေကလုပ်ပါတယ်….. ထောက်လှမ်းရေးအဖွဲ့ကိုတိုက်ရိုက်ကွပ်ကဲတာက အတွင်းရေးမှူး(၁)နဲ့ ဒုစစ်ရေးတာဝန်ခံဖြစ်တဲ့ ကိုမျိုးဝင်းပါ.. လုံခြုံရေးလုပ်ပေးတာက ကွန်မန်ဒိုအဖွဲ့ကတစ်ချို့နဲ့ တာဝန်ကျရဲဘော်တွေဖြစ်ပါတယ်….. ဖမ်းထားတဲ့ထဲကတစ်ချို့က ၀န်ခံကြတယ်လို့လဲကြားတယ်…မသက်ဆိုင်သူတွေ ဘာမှသိခွင့်မရှိပါ…..ကျနော် ကိုညီညီကျော်၊ ကိုစိန်အေးတို့ အဲဒီအချိန်က ဖမ်းထားသူတွေကို လစ်ရင်လစ်သလို ၀င်ကြည့်နေရတဲ့အချိန် ဘဲရှိပါသေးတယ်….. တစ်ရက်မှာကိုအောင်နိုင်၊ကိုမျိုးဝင်းတို့က KIA ကဧည့်သည်တွေလာမှာမို့ ခရိုင်မှူးတွေမေးပေးပါလို့ပြော တယ်…ကျနော့်ကို ၀င်းမြင့်ရဲ့ထွက်ချက်စာရွက်ပေးတယ်…. A4 စာရွက်တစ်ရွက်စာ ရေးထားတာပါ…. နာမည်၊အသက်၊နေရပ်၊နဲ့သတင်းပေးဖြစ်ကြောင်းပြောတာကို ရေးထားတာပါ…မှတ်မိနေတာက ထန်းတပင်(ဇီးကုန်း) ဇာတိ၊ ရဲတပ်ကြပ်ကြီးကခိုင်းတယ်…. သတင်းပေးလုပ်တဲ့အတွက် အိမ်မှာမီတာတစ်လုံး တပ်ပေးတယ်ဆိုတာပါဘဲ…သိပ်အများကြီးမပါဘူး….. ကျနော်အတွက်ကတော့ဒီအလုပ်က တစ်မျိုးထူးဆန်းပါတယ်…ဒါမျိုးလည်းမကြုံဘူးပါ… မေးမယ်ဆိုပြီးKIA ဧည့်သည်(၃)ယောက်နဲ့အတူ စစ်ရုံးထဲမှာ ၀င်းမြင့်ကိုမေးပါတယ်… ၀င်းမြင့်က ဒဏ်ရာဒဏ်ချက်မရှိပါ…ထလရမှာ ဘာမှမလုပ်ဘဲပထမဆုံးဝန်ခံသူလို့ ပြောတာသိထားပါတယ်…..စာမေးသလိုပါဘဲ….သူကလည်းအလွတ်ကျက် ထားသလားထင်ရအောင် အစအဆုံး ကွက်တိပြန်ဖြေပါတယ်….၁၅မိနစ်လောက်ပဲကြာတယ်…..KIA ကဘာမှ ၀င်မမေးပါ… လေ့လာတဲ့သဘောနဲ့လာတာပါ….ရိုက်လဲမရိုက်၊ဟောက်လဲမဟောက်ဘဲ ပြီးသွားတယ်…KIA တွေ လည်းပြန်သွားကြတယ်…ကျနော့်အတွက်လည်း ဘာမှန်းမသိတဲ့….. ဆုံးဖြတ်ချက်မချနိုင်တဲ့ အလုပ်တစ်ခုပြီး သွားတယ်….စစ်ချက်စာရွက်ကိုဒီအတိုင်းပြန်ပေးလိုက်တယ်….ဘာမှတ်ချက်မှရေးမပေးခဲ့ပါ….. ဒီလိုနဲ့တတိယပတ်လောက်မှာ ဖမ်းဆီးမှုတွေဆက်ရှိလာပြီး ၁၅ယောက်လောက်ရှိလာတယ်ထင်ပါတယ်… ရဲဘော်တွေထဲကတစ်ချို့စိုးရိမ်မှုတွေရှိလာပါပြီ….ကိုထွန်းအောင်ကျော်ဆီရောက်နေကြတဲ့…ကိုချိုကြီး၊ကိုညီညီတို့ ကကိုထွန်းအောင်ကျော်ကို သတိပေးမှုတွေရှိလာပါပြီ….ကိုညီညီကျော်နဲ့ကျနော်တို့က ဗဟိုကော်မတီအစည်းဝေး ခေါ်ဘို့ ပြောကြပါတယ်….ကိုမျိုးဝင်းနဲ့ကိုအောင်နိုင်တို့ကမလိုပါဘူးဟုဘဲတွင်တွင်ပြောပါတယ်….ကိုညီညီကျော် က ဗန်းမော်ခရိုင်ပြန်မည်ဟုပြောရာ မပြန်ရန်တားတာမှတ်မိပါသည်…. ကိုထွန်းအောင်ကျော်အနေနှင့်လည်း အကျဉ်းအကြပ်ထဲရောက်နေပါပြီ….ကျနော၊်ကိုညီညီကျော်တို့လည်း ဘေးထွက်နေရသည့်အခြေအနေ ဆိုက်နေပါပြီ….ဥက္ကဋ္ဌအနေနှင့် စစ်စရာရှိတာစစ်၊မေးစရာရှိတာမေးပြီးအားလုံးပြီး သည်နှင့်ထောက်လှမ်းရေးဖြစ်ခဲ့တောင်မှ ပြန်လွှတ်မည်ဖြစ်ကြောင်း သဘောထားပေးခဲ့ပါသည်…. သြဂုတ်လ(၂၀) လောက်ဟုထင်ပါသည်…. ကျနော်၊ကိုညီညီကျော်၊ကိုစိန်အေးတို့ပါဂျောင်ချောင်းဘက်မှ ပြန်လာကြစဉ်..ရဲဘော်တစ်ဦးမှလာခေါ်ပါသည်… ဥက္ကဋ္ဌမှအရေးတကြီးတွေ့ချင်၍ အပေါ်တက်ခဲ့ပါဟုပြောပါသည်… ဥက္ကဋ္ဌတဲရောက်တော့ ကိုထွန်းအောင်ကျော်က ပြောပါတယ်… စစ်ဆေးချက်တွေအရ ဦးစိန်နဲ့ ကိုတင်မောင်အေး(ခ) ကိုအားဆိုက်ကို စစ်ဆေးဘို့လိုကြောင်း ဖမ်းဆီးဘို့လိုကြောင်း တင်ပြလာတဲ့အတွက် သူခွင့်ပြုလိုက်ကြောင်း၊ မောင်ရင်တို့အနေနဲ့စိတ်ထဲမှာ ဒွိဟသံသယဖြစ်မှာစိုးလို့ ခေါ်ပြောတာဖြစ်ကြောင်း ပြောပါတယ်…. ကျနော်တို့ဥက္ကဋ္ဌကိုလေးစားပါတယ်….သူအကျဉ်းအကျပ်ထဲကနေ အကောင်းဆုံးလုပ်နိုင်မယ်လို့ ထင်မိ ပါတယ်…..ဗဟိုကော်မတီ၂ယောက် ပါလာပြီဆိုတော့ သိပ်မဟုတ်တော့တာသိနေပါပြီ….တစ်ခုခုကိုဆုံးရှုံးရတော့ မယ် ဆိုတာကိုမသိစိတ်ကသိလာနေပါပြီ….. နောက်ပိုင်းဦးစိန်ကထောက်လှမ်းရေးဗိုလ်မှူးမောင်စိန်၊ကိုအားဆိုက်(ခ)ကိုတင်မောင်အေးကဗိုလ်အဆင့်ရှိကြောင်းဝန်ခံကြတယ်ဆိုတာ ကြားသိရတယ်…. နောက်သိပ်မကြာဘူး သြဂုတ်လ (၂၅)ရက် မှာ ဥက္ကဋ္ဌရဲ့ကိုယ်ရေးလက်ထောက် ခင်မောင်စိုး(ခ)စိုးကြီးနဲ့ ကိုသံချောင်းရဲ့ကိုယ်ရေးလက်ထောက်ကိုကျော်နိုင်ဦးကိုဖမ်းလိုက်ကြပြန်တယ်….ကိုခင်မောင်စိုးနဲ့တောအတူခိုခဲ့တဲ့ ကိုစိုးဝင်းထွန်း(ခ)ကိုစိုးလေးက ဥက္ကဋ္ဌတဲကိုတက်လာပြီးမေးတာတွေ့တယ်…..ဥက္ကဋ္ဌ၊ကိုစိုးကြီး၊ကိုစိုးလေးတို့ ကအပတ်စဉ်(၆)အတူတက်လာကြတာ….ကျနော်ကဘေးမှာရှိတယ်….ဥက္ကဋ္ဌက ကိုစိုးလေး(ခ)စိုးဝင်းထွန်းကို ပြောတယ်….ကိုခင်မောင်စိုး(ခ)ကိုစိုးကြီး၊ ကိုကျော်နိုင်ဦး တို့ကို ဖမ်းဖို့ကို သူခွင့်ပြုပေးခဲ့ပါတယ်တဲ့….. ဘာမှမပူပါနဲ့တဲ့…. မေးစရာရှိတာ မေးပြီးရင် အားလုံးပြီးသွားမှာပါလို့ပြောတယ်….. ဥက္ကဋ္ဌရဲ့ရည်ရွယ်ချက်က စိတ်ရင်းက အရမ်းရိုးပါတယ်… နောက်တော့ကိုကျော်နိုင်ဦးကNIB ဗိုလ်လို့ဝန်ခံပြီးကိုခင်မောင်စိုး(ခ)ကိုစိုးကြီးကလည်း ဗိုလ်တစ်ယောက် လို့ဝန်ခံတယ်ဆိုတာကြားသိရတယ်….ကိုခင်မောင်စိုးကအစ္စလာမ်ဘာသာဝင်ပါ….ကိုကျော်နိုင်ဦးကတရုပ်တစ် ယောက်ပါ….ကိုထွန်းအောင်ကျော်၊ကိုအောင်နိုင်၊တို့ကို ဘာကြောင့် တရုပ်နဲ့ကုလားတွေက ထလရ ဗိုလ်တွေဖြစ်နေ ရတာလဲ….ရိုးရိုးဗိုလ်တစ်ယောက်ဖြစ်ဘို့တောင်မလွယ်ဘူးဆိုတာ ပြောဖြစ်မေးဖြစ်တယ်…. နောက်ပိုင်းဖမ်းသမျှဝန်ခံကြတဲ့အတွက် ကိုမျိုးဝင်းတို့ကပိုပြီးအတင့်ရဲလာတယ်လို့ထင်တယ်… သူတို့ကိုယ်သူတို့တော်တော်ယုံကြည်နေကြပုံပေါက်တယ်… တစ်ရက်မှာတော့ ခရိုင်မှူးတွေကိုလည်း ပေးစစ်လိုက်ပါဦးဆိုပြီး ကိုမျိုးဝင်းက ပြောတယ်…. စက်တင်္ဘာလဆန်းလို့ထင်ပါတယ်…..ဘေးမှာကိုအောင်နိုင်၊ကိုလှဆိုင်း၊သန်းဇော်၊ ဇော်ဇော်မင်းတို့ရှိတာ မှတ်မိတယ်…. ပထမဆုံး မနန်းစော ကိုစစ်မေးဘို့ သူ့ရဲ့စစ်ချက်စာရွက်ကို ဇော်ဇော်မင်းကယူလာတယ်….ဘာတွေရေး ထားတယ်…ဘာတွေထွက်ချက်ပေးထားတယ်ဆိုတာမသိဘူး….ဖတ်လည်းမဖတ်ကြည့်ခဲ့ဘူး….မနန်းစောကို ထောက်လှမ်းရေးတဲအပေါ်နားက တဲမှာစစ်ပါတယ်….လုံခြုံရေးပါတာက တင်စိုးဦးပါ…..မနန်းစောကို ထောက်လှမ်းရေးတွေနဲ့ရင်းနှီးသလားဆိုပြီးမေးခဲ့တာမှတ်မိတယ်…..ဘယ်လိုမေး၊ဘယ်လိုစစ်ခဲ့တယ်ဆိုတာ၊ မနန်းစောကပိုမှတ်မိမှာပါ…..ဇော်ဇော်မင်းက ဓါးမြှောင်နဲ့ မနန်းစောရဲ့ပေါင်ပေါ်ကိုဒေါင်လိုက်ထောင်ထားပြီး လက်ဖနောင့်နဲ့ရိုက်ချတာ(၃)ကြိမ်ပါ…..တချိန်တည်းမှာတင်စိုးဦးက ၀ါးလုံးအရှည်တစ်ချောင်းနဲ့ ကျွဲရိုက်နွား ရိုက်ဝင်ရိုက်ပါတယ်…..(တင်စိုးဦးဆိုတာ ၁၉၉၅-၉၆ မှာ YIT ပြန်တက်ခဲ့သူပါ )….. အဲဒီလိုအခြေအနေမျိုးကို ကျနော့်အနေနဲ့လက်မခံနိုင်ပါဘူး….ကျနော်တားပါတယ်….စစ်ကြောရေးကိုရပ် ခဲ့ပါတယ်…ဒီလိုနည်းနဲ့ အမှန်ကိုသိရဘို့မဖြစ်နိုင်ဘူးဆိုတာ အဲဒီကတည်းကယုံကြည်ထားပါတယ်… နောက်ရက်မှာ ကုလား(ခ)( ၀င်းနိုင်စိုး) ကိုစစ်ရတယ်…..စစ်ရမယ့်သူကို ကိုလှဆိုင်း၊သန်းဇော်တို့က စာရွက် ထုတ်ပေးတယ်…..အတူစစ်ဖို့တွဲပေးတာက စခန်းမှူးဒုအရာခံဗိုလ်အောင်ရဲစိုးနဲ့ပါ….အဲဒီနေ့ကလုံခြုံးရေးမပါ ဘူးထင်တယ်…..စခန်းမှူးတဲမှာစစ်ပါတယ်…သူ့ရဲ့ထွက်ချက်ထဲမှာ ကျော်ကျော်မင်းက အဆိပ်ထုတ်ကို သူ့ကိုပေး ထားတယ်လို့ထွက်ဆိုထားပါတယ်….ကင်းတဲထဲမှာပေးတာလို့လဲပြောထားပါတယ်….ဒါပေမယ့် အဆိပ်ထုတ်ကို တောင်းတော့ မပေးနိုင်ဘူးဖြစ်နေတာကိုဖတ်ရပါတယ် ….အဲဒါကိုကျနော်က ဆက်မေးရမယ့် သဘောဖြစ်နေ ပါတယ်…. ဒါနဲ့အဲဒီအဆိပ်ကို ဘဲဆက်မေးတော့ မပေးခဲ့ပါဘူးလို့ပြင်ပြောပါတယ်..... ဟိန်းဟောက်ခြောက်လှန့်ပြီး(ခြေထောက်နဲ့ခါးကိုကန်ပြီး) မေးတော့ပေးခဲ့ပါတယ်ဆိုပြီးပြင်ပြောပြန်ရော…… ပေးခဲ့တယ်ဆိုရင်အဲဒီအဆိပ်ထုတ်ကဘယ်မှာလဲဆိုတော့ သူ့မှာအဖြေမရှိဘူး….သူ့မျက်လုံးထဲမှာဆက်ဖြေစရာ စကားလုံးမရှိတာကိုပြနေတယ်….ဆွံ့အနေတယ်…… ဒီအချိန်မှာ စခန်းမှူးတဲမှာနေတဲ့ ရဲဘော်တစ်ချို့ ဆွမ်းကြီးလောင်းဘို့ပြင်နေကြပါပြီ…..ရင်း(၆)ကပြန်လာ တဲ့ရဲဘော်၂ဦးက ၀ါးစိမ်းတံတွေချွန်ပြီး မီးကင်နေကြပါပြီ…..ကျနော်ဆုံးဖြတ်ချက်တစ်ခုအမြန်ချခဲ့ပါတယ်… စခန်းမှူး ကိုအောင်ရဲစိုးကို တဲအပြင်ကိုခေါ်လိုက်ပါတယ်…ဒီအတိုင်းဆက်စစ်နေရင်ဆွမ်းကြီးလောင်းခံရလို့ သေသွားလိမ့်မယ်….စစ်ကြောရေးရပ်မယ်လို့ပြောလိုက်တယ်….ကိုရဲစိုးက ကောင်းတယ်ကောင်းတယ် လို့ ပြောပါတယ်….စစ်ကြောရေးရပ်လိုက်ပြီး……သူ့ရဲ့ထွက်ချက်စာရွက်ထဲမှာ…… န၀တ ထောက်လှမ်းရေးတစ်ယောက်မဖြစ်နိုင်ပါ……ရဲလင်း (ခရိုင်မှူး) ဆိုပြီးလက်မှတ်ထိုး မှတ်ချက်ရေးပေးခဲ့ပါတယ်……. ကုလား(ခ)( ၀င်းနိုင်စိုး)ကိုLECTURE HALL ကိုပြန်ပို့ခဲ့ပြီး စာရွက်ကို ကိုလှဆိုင်း၊ကိုသန်းဇော်တို့လက်ထဲပြန်ပေးခဲ့ပါတယ်……. ကုလားကအစောပိုင်း အောက်အချုပ်ဆောင်မှာ ကိုသံချောင်းအမိန့်နဲ့ပြန်လွတ်ခဲ့ပါတယ်…. (အစောဆုံးပြန်လွတ်သူ တစ်ယောက်ပါ)…. နောက်တစ်ရက်လို့ဘဲထင်ပါတယ်….စံမျိုးအောင်ကိုပေးစစ်ပါတယ်….သူ့ကိုဆေးခန်းထဲမှာခေါ်ပြီးစစ်မေး ပါတယ်….လုံခြုံရေးမပါဘူးထင်ပါတယ်….ဇော်ဇော်မင်းပါတယ်…၁၀မိနစ်လောက်မေးနေတုံး ကိုစိန်အေး (ကော်မတီဝင် - ခရိုင်မှူး )+၁ အရက်မူးလာပြီး မနားတမ်းဝင်ရိုက်ပါတော့တယ်… မေးလို့လဲရမယ့်အနေအထား မရှိတော့ပါဘူး…..ကျနော်ဇော်ဇော်မင်းကိုပြောပါတယ်….ဆက်မစစ်တော့ဘူး…. စစ်ကြောရေးရပ်တယ်လို့…..ဒီလိုပုံစံမျိုးနဲ့ဘာမှလဲအမှန်သိရမှာမှာမဟုတ်ဘူးလို့…ဒေါသနဲ့အော်ပြောခဲ့ပါတယ်… စံမျိုးအောင်ကိုLECTURE HALL (အချုပ်ဆောင်) ပြန်ပို့ခဲ့ပါတယ်…..နောက်ရက်တွေကစပြီး ဘယ်သူ့ကိုမှပေးမစစ်တော့ပါဘူး…..တစ်ရက်နှစ်ရက်လောက်နေတော့ ကိုမျိုးဝင်းက ခရိုင်မှူးတွေစစ်တာ… ပျော့တယ်လို့ပြောပါတယ်….. ကျနော်အဖမ်းခံရတာက စက်တင်ဘာ(၁၀)ရက်နံက်၅း၀၀နာရီမှာပါ…..ကိုညီညီကျော်နဲ့အတူကုတင်တစ် လုံးထဲအိပ်နေတာပါ….. အသံကြားလို့မျက်လုံးဖွင့်ကြည့်တော့ ကျော်ထင်ဦးက M 20 ပစ္စတိုနဲ့မျက်နှာကိုချိန်ထား တယ်….M 21- G3 နဲ့၂ယောက်ပါတာမှတ်မိတယ်….နောက်မှာက တွဲဘက်အထွေထွေ အတွင်းရေးမှူး(၂)- လှဆိုင်းပါတယ်…..လက်ပြန်ကြိုးတုတ်ပါတယ်….ကိုညီညီကျော်နိုးလာပြီး ကျုပ်ကောပါလားလို့မေးပါတယ်…. ပါတယ်လို့ပြောပြီး သူ့ကိုပါကြိုးတုတ်ပါတော့တယ်…..တဲအပြင်ရောက်တော့ ကိုချိုကြီး၊ကိုညီညီ၊ကိုအောင်မင်း (ထိန်လင်း)၊ တို့ကိုကြိုးတုတ်ပြီး အောက်ကိုခေါ်လာတာ မြင်လိုက်တယ်….အောက်ရောက်တော့ မနန်းအောင်ထွေးကြည်ကို ထလရတဲကနေ ခေါ်ထုတ်သွားတာတွေ့တယ်.. ဦးလေးစိန်ကိုလည်း သတင်းပြန်ကြား တဲကနေ ခေါ်ထုတ်သွားတာတွေ့လိုက်တယ်….ကျနော့်ကို ကုန်းအောက်က စစ်ရုံးထဲမှာထားပါတယ်…. အတွင်းခန်းထဲမှာကိုထွန်းအောင်ကျော် ကိုထားတယ်.. မျက်နှာကို အ၀တ်မစည်းထားသေးပါ… ၈းး၀၀နာရီလောက် ကိုလှဆိုင်းရောက်လာပြီး ရိသဲ့သဲ့ပြောတာ မှတ်မိတယ်..မျက်လုံးချင်းဆိုင်ပြီး အကြာကြီးစိုက်ကြည့်ခဲ့ကြတာမှတ်မိတယ်… ခင်ဗျားတို့ကျုပ်ကိုသတ်ပစ်လိုက် လို့ ပြောလိုက်တယ်…..ခေါင်းတညိတ်ညိတ်နဲ့ ပြန်ထွက်သွားတယ်….. ၁၀း၀၀နာရီလောက် ကိုအောင်နိုင်ရောက်လာတယ်….ခင်ဗျားလည်ပင်းမှာဆွဲထားတဲ့အဆိပ်ထုတ်ဘယ်မှာ လဲတဲ့…..အဲဒီတော့မှလည်ပင်းကအဆောင်လေးကိုပြန်စဉ်းစားမိတော့တယ်…..အဲဒီအဆောင်လေးက လက်သန်း လက်သည်းခွံလောက်မရှိတရှိနဲ့ အ၀ါရောင်ခေါင်းအုန်းပုံစံလေး….. နိုင်လွန်ကြိုးလေးနဲ့ဖေါက်ပြီးလည်ပင်းမှာဆွဲထားတာ…..အာဏာသိမ်းပြီးကာစလောက်က ကိုအောင်ဇော် မင်းက ပေးထားတာပါ…..သူလည်းဆွဲထားတယ်….နောက် တစ်ခြားသူတွေလည်းဆွဲကြတယ်…. အဲဒီအဆောင်လေးတွေက ကိုပြုံးချို(ရကသ)ဆီကရတာလို့ကိုအောင်ဇော်မင်းပြောခဲ့တာမှတ်မိတယ်…. ကံကောင်းတယ်…ဘာညာနဲ့ပေါ့…..ရန်ကုန်မှာကတည်းကဆွဲထားတာ….အဲဒီတုံးကတည်းက ကိုအောင်နိုင်က မြင်ဘူးထားတာပါ…..အခုမှဘာလာကြောင်နေတာလည်း လို့တွေးမိတယ်….စိတ်ထဲမှာတော့ဒုက္ခတော့ဝင်ပြီလို့ တွေးမိတယ်…..အဲဒီအဆောင်လေးက ရင်း(၁၁)နယ်မြေ မှာကတည်းက ရေချိုးရင်းပျောက်သွားတာ…… စကားပြောချင်စိတ်ကုန်သွားတာနဲ့ မရှိတော့ဘူး ပျောက်သွားပြီလို့ ပြန်ပြောလိုက်တယ်…..ခေါင်းတညိတ် ညိတ်နဲ့ ပြန်ထွက်သွားတယ်….. စဉ်းစားရင်းစဉ်းစားရင်း ABSDF နဲ့ကျနော် အဝေးဆုံးကိုရောက်တော့မယ်ဆိုတာတွေးနေမိတယ်…. ကျနော်ချစ်တဲ့ ABSDF - အသွေးအသားနဲ့တစ်ထပ်တည်းရှိခဲ့တဲ့ ABSDF နဲ့ဝေးအောင် သူတို့လုပ်ကြတော့မယ် လို့ တွေးမိတော့….. အဲဒီအချိန်မှာကိုမျိုးဝင်းဝင်လာတယ်….ကျနော့်ကိုကြည့်ပြီး…..ဘာမှမပြောဘဲပြန်ထွက်သွားတယ်….. ထမင်းကျွေးတော့ ပလပ်စတစ်အသေးတစ်ခုပေါ်မှာ ထမင်းကိုပုံပေးထားပြီး ဆားနဲနဲပုံပေးထားတယ်…… နေ့လည်လောက်ထင်တယ်…..ကိုသက်နိုင်(ရန်ကုန်)ကို စစ်ရုံးဘေးကစမ်းချောင်းလေးထဲမှာ ခေါင်းနှစ်ပြီးစစ်နေ တဲ့အသံကြားရတယ်…..၀န်မခံမချင်းစစ်နေကြတာပါ….ထလရသန်းဇော်အသံကြားတယ်…… နောက်နေ့မနက်ပိုင်းလောက်မှာ ကျနော့ကိုထောက်လှမ်းရေး တဲထဲခေါ်ပြီး စစ်ပါတော့တယ် ….. လက်ပြန်ကြိုးတုတ်ထားပြီးတိုင်မှာချည်ထားတယ်….. လှဆိုင်း ကိုယ်တိုင်ဦးစီးပြီးစစ်တယ်….. ကျော်ထင်ဦ့း် ပါတယ်……ဇော်ဇော်မင်းပါတယ်…..လုံခြုံရေးက လက်သီး(ခေါ်) ဇော်မြင့်ပါ…… စစ်ပုံစစ်နည်းကတော့ တိုင်မှာလက်ပြန်ကြီုးတုပ်ချည်ထားပြီး ထောက်လှမ်းရေးဟုတ်မဟုတ် ဖြေခိုင်းတာပါ.. မဟုတ်ဘူးပြောတိုင်း တစ်မျိုးပြီးတစ်မျိုး ပြောင်းပြီးနှိပ်စက်တာပါ….အလွန်လွယ်ကူတဲ့နည်းပါ…. နှိပ်စက်နည်းတွေကတော့ ခြေသလုံး ညို့သကြီးကို မျဉ်းလုံး(သို့)၀ါးလုံးနဲ့လှိမ့်တယ်…အောင့်ခံနိုင်ရင် အပေါ်ကို လူတက်ရပ်ပြီးလှိမ့်တယ်….၀ါးလုံး(သို့)တုတ်နဲ့ တစ်ကိုယ်လုံး ရိုက်ချင်သလိုရိုက်တယ်….. ခေါင်းကိုကျွတ်ကျွတ်အိပ်နဲ့စွပ်တယ်…..အသက်ရှူမ၀တဲ့ဒုက္ခကတော်တော်ကြီးတယ်…..နောက်တော့ ခြေထောက်၊ခြေချောင်း၊လက်တွေကို ၀ါယာရှော့ရိုက်တာပါ…..တစ်မျိုးချင်းလုပ်ရင်အောင့်ခံနိုင်ပါသေးတယ်…. ၂မျိုး(သို့)၃မျိုးပေါင်းပြီး စစ်လာတဲ့အခါကျတော့ ဘယ်လိုမှအောင့်မခံနိုင်တော့ပါဘူး…..၂နာရီလောက် ကြာလာတော့ မရတော့ပါဘူး သေမလား….လောလောဆယ်ရှင်မလား စဉ်းစားဆုံးဖြတ်ရပါပြီ….. ဒါနဲ့ဘဲထောက်လှမ်းရေးဟုတ်ပါတယ်ဆိုပြီး ပြောခဲ့ရပါတယ်….ထောက်လှမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက် ပြီးတော့ ဖြေကြားရာမှာ ၁၉၈၄-၈၅ ၁၀တန်းအောင်….ကြေးမုံသတင်းစာတိုက်မှာအလုပ်ဝင်….ဗိုလ်သင်တန်းဖြေ… ဗိုလ်တထောင်နယ်မြေမှာ ပထမနှစ်သင်္ချာတက်….. ဘဏ်တွင်းစာရင်းစစ်ဋ္ဌာနမှာ ပြောင်းပြီး အလုပ်ဝင်….. လုပ်သားများကောလိပ်မှာ ဒု-သင်္ချာဆက်တက်….၁၉၈၈-မှာတနှစ်သင်္ချာ(၈၈-ဖြစ်)…..ပါတီလုပ်…..၈၉-မှာတောခို စတဲ့အမှန် တကယ့်ဘ၀ကိုအခြေခံပြီး ထောက်လှမ်းရေးဖြစ်စဉ်ဝတ္တုတစ်ပုဒ် ဖန်တီးပေးလိုက်ရပါတယ်….. ဗိုလ်သင်တန်းဖြေတာကို ထောက်လှမ်းရေးသင်တန်း ၆လ သွားတက်တာ….လို့လုပ်လိုက်တယ်…. ပထမနှစ် တက်တာကကျောင်းသားတွေကို ထောက်လှမ်းဘို့တက်ရတယ်….ဒုတိယနှစ်မှာတော့ လုပ်သားကော လိပ်ကဆရာတွေကြားမှာ ကွန်မြူနစ်တွေ ရှိနေတာကိုစုံစမ်းရအောင် အထက်အမိန့်အရ ပြောင်းတက်ခဲ့ရတယ် ပေါ့……၈၈ဖြစ်တော့ကျောင်းသားတွေကြားမှာဝင်ပါပြီး သတင်းရအောင်ယူခဲ့ရတယ်လို့ပြောရတယ်….. ပါတီတွေလုပ်တော့လည်း လူငယ်ကျောင်းသားပါတီ တွေကြားထဲမှာ သတင်းရအောင် ၀င်လုပ်ရတာပါပေါ့….. နောက်ဆုံးအရေးကြီးဆုံးတာဝန်ကတော့ ABSDF (ကချင်) ကိုသွားပြီး နေရာတစ်ခုရအောင်လုပ်….. ရလာရင်….. အဖွဲ့အစည်းရဲ့နိုင်ငံရေး ဦးတည်ချက်တွေမှားအောင်ဖန်တီးဘို့…..နိုင်ငံရေးသိက္ခာကျ အောင်လုပ်ဘို့ပေါ့….. နေရာရအောင်ကိုလည်း လူငယ်ကျောင်းသားတစ်ချို့ကို အပါခေါ်သွားပြီး သူတို့ထောက်ခံချက်နဲ့ လုပ်တယ်ပေါ့.. စစ်သင်တန်းတက်စဉ်က အခြေခံစစ်ပညာ……လက်နက်ငယ်များ….ထောက်လှမ်းရေးနည်းနာတွေ….သင် ရတယ်ပေါ့…..ထောက်လှမ်းရေးဖြစ်ဖို့အတွက်….အဖေ့သူငယ်ချင်းဆက်သွယ်ပေးတာလို့ပြောတယ်…. သူကရဲမှူးကြီးတစ်ယောက်ဆိုတာသိထားတော့ သူ့နာမည်ဘဲတပ်လိုက်ရတယ်….. ဘဏ်မှာလုပ်တာက ထောက်လှမ်းရေးမှန်းမသိအောင် COVER လုပ်ထားတယ်ပေါ့……အမှန်ကဘဏ်မှာဝင်လုပ် ရအောင် အဖေကအတိုက်အခံပြောပြီးသွင်းပေးခဲ့တာ….သတင်းစာတိုက်မှာက ညဘက်လုပ်ပြီး နေ့ဘက်ကျတော့ DAY တက်ရတာ ပင်ပန်းတယ်ဆိုပြီးတော့ပေါ့….. ထောက်လှမ်းရေးလုပ်တဲ့ အရာရှိလစာ ၅၅၀ ကျပ်ရတာ အမေမသိအောင်သုံးပစ်တယ်ပေါ့….. သေချာကြည့်ရင် လုပ်ဇာတ်ကြီးမှန်းသိသာပါတယ်…..( အဖေ့ရဲ့လက်ထောက်မန်နေဂျာလစာကိုပြောလိုက်တာ) သေမှာကြောက်လို့ဇာတ်လမ်းစဉ်ပြောလိုက်ပြန်တော့လည်း တော်တော်ကြိုက်သွားတာလား….မသိဘူး…. ဒီကောင်ကဖြူစင်တယ်….ရိုးသားတယ်….ငါတို့နဲ့လက်တွဲလို့ရတယ်လို့ထင်သလားမသိဘူး….. VIDEO တွေရိုက်ထားကြတာမှတ်မိတယ်…..နောက်ပိုင်းကျတော့ မိဘတွေလာပြီး အာမခံရင် မသတ်ဘူး ပြန်လွှတ်မယ် ဆိုပြီး လုပ်ကြပြန်ရော….. အစောပိုင်းကာလတွေမှာ အဲဒီVIDEO ခွေတွေပြပြပြီး ကိုအောင်နိုင်တို့တစ်တွေ ဂုဏ်ယူနေခဲ့ကြတဲ့အချိန်ပေါ့….. အခုနောက်ပိုင်းတော့ ဘာသံမှမထွက်လာတော့ဘူး…. အဲဒီVIDEO ခွေတွေက သူတို့အတွက် အန္တရာယ် ရှိတဲ့မြွေပွေးတစ်ကောင်ဖြစ်နေပြီလေ…… နောက်တစ်ရက်မှာ ကိုအောင်နိုင်တစ်ယောက် ဗိုလ်မှူး မောင်ချို…..ဗိုလ်မှူးမောင်ချို… လို့တတွတ်တွတ်ရွတ်ပြီး ထောက်လှမ်းရေးတဲဘက်ကနေကွေ့ပြီး စစ်ရုံးရှေ့ကဖြတ်သွားတာတွေ့လိုက်ရတယ်…. ကိုချိုကြီးတော့ဗိုလ်မှူးဖြစ်သွားပြီဆိုတာ သိလိုက်ရတယ်…..ကိုအောင်နိုင်ကိုလည်း သနားသွားတယ်….. နောက်တော့ ကျနော်တို့ကို ( အရာရှိဟုသတ်မှတ်ခံထားရသူများ ) ဆက်သွယ်ရေးစက်များ ၊ လက်နက်များ ထုတ်ပေးရန် ကိုယ်ဟာကိုယ်တိုင်ပင်ကြ ဟုဆိုကာ ၀ိုင်းဖွဲ့တိုင်ပင်ခိုင်းတာမျိုး လုပ်ခိုင်းပါတယ်…. ကျနော့အနေနဲ့ ကိုထွန်းအောင်ကျော်ကို ဖမ်းထားမှန်း KIA ကမသိသေးလျှင် သိအောင်ကြိုးစားဘို့လိုကြောင်း ပြောပါတယ်…အခြေအနေအားလုံးကို KIA မှသိလျှင် တစ်မျိုးတစ်ဖုံ အကျိုးရှိလေမလား ဟုတွေးမိပါသည်…. နောက်ပိုင်းတွင် ကိုထွန်းအောင်ကျော်က ဆက်သွယ်ရေးစက်များ ထုတ်ပေးရန်တောင်းခံရလျှင် KIA ဗျူ ဟာရုံး ( ဗိုလ်မှူးပန်းအောင်တဲ ) အနီးသို့ခေါ်သွားပြီး ဖွက်ထားသည့်နေရာကိုရှာဖွေဟန် လုပ်ခဲ့ရသည်ကိုမှတ်မိ ပါသည်….KIA များထွက်ကြည့်ကြသည်ကိုတော့တွေ့ရပါသည်…ဘာမှထူးခြားလာခြင်းမရှိပါ…ကောက်ရိုးတစ်မျှင် ကိုလှမ်းဆွဲကြခြင်းသာဖြစ်ပါသည်…..ကျနော်တို့ကထမ်းစင်ထမ်းပြီး လိုက်ခဲ့ကြတာပါ…. ထလရ အရူးတွေက နောက်ကနေ ဟုတ်နိုးနိုးနဲ့လိုက်လာကြတာပါ…ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်က လမ်းမလျှောက်နိုင်တဲ့အခြေအနေ ရောက်နေပါပြီ…..ဒီမတိုင်ခင် ကိုထွန်းအောင်ကျော် ကို စစ်ဆေးစဉ်မှာ ခြေထောက်ကို မီးဖိုထဲ ထည့်ခဲ့တယ်လို့ သိရပါတယ်…တံကောက်ကွေးနေရာက အကြောတွေ ထိသွားပြီး ခြေထောက်က ထောက်မရတော့ဘဲ ကွေးကွေးလေးဖြစ်နေတာပါ….အဲဒီအချိန်က ဒဏ်ရာတွေတောင် သိပ်မကျက်သေးပါ….. နောက်တစ်ခုမှတ်မိတာက ထောက်လှမ်းရေးတဲမှာ ကိုတင်မောင်အေး(ခ )ကိုအားဆိုက်ကို ထမ်းစင်နဲ့ ခေါ်လာပြီး ကျနော်တို့အရာရှိလို့သတ်မှတ်ထားသူ(၇) ဦးလောက်နဲ့ ဆုံပြီး အဆိပ်တွေ တောင်းတာပါ… ကိုတင်မောင်အေးကခပ်မျော့မျော့ဘဲရှိပါတော့တယ်…..ဇော်ဇော်မင်း…သန်းဇော်….လှဆိုင်း….နဲ့အခြားထလရ တွေရှိတယ်… ကိုတင်မောင်အေးက တိုးတိုးနဲ့ခပ်ဖျော့ဖျော့ပြောပါတယ်…. ထိန်လင်းကိုပေးလိုက်တယ်တဲ့….ဂယောင်ဂတန်း ပြောတာပါ….ထင်ရာမြင်ရာပြောတာပါ…ချက်ချင်းဘဲ သန်းဇော်နဲ့ ထလရတစ်ချို့ သတင်းပြန်ကြားတဲက ကိုထိန်လင်းကို သွားခေါ်လာပါတော့တယ်….. ကိုထိန်လင်းမျက်နှာကိုအခုထိမြင်နေပါသေးတယ်….မျက်လုံးကြီးပြူးပြီး အံ့သြ တုန်လှုပ်ပြီး ထလရ တွေ ခေါ်တဲ့နောက်ပါလာတာ….ထလရ တဲထဲဝင်ဝင်ချင်း …..ဘောကြီး….မင်းကို ကိုအားဆိုက်ပြောလိုက်တာ လို့ ကျနော်ပြောခဲ့ပါတယ်…. ထလရ တွေ ရှေ့မှာပြောခဲ့တာပါ…. ကျနော်တို့ကိုကိုယ့်နေရာကိုယ်ပြန်ပို့ပါတယ်…..ကျနော့်ကိုစစ်ရုံးထဲမှာပြန်ချုပ်ထားပါတယ်….ထလရတဲနဲ့ စစ်ရုံးက ၁၅ပေလောက်ပဲဝေးတယ်…ခဏနေတော့ ၀က်တစ်ကောင်ရဲ့မချိမဆန့်အော်သံမျိုးကြီး ထွက်လာပါတော့ တယ်… တစ်နာရီ်လောက်ကြာမယ်….သန်းဇော်နဲ့ထောက်လှမ်းရေးတစ်ချို့ ကိုထိန်လင်းကိုခေါ်ပြီး စစ်ရုံးရှေ့က ဖြတ်သွားပါတယ်….သတင်းပြန်ကြားတဲဘက်ကိုသွားကြတာပါ…..၁၀မိနစ်လောက်ကြာတော့ စစ်ရုံးရှေ့ကနေ သူတို့ ပြန်ဖြတ်သွားတာတွေ့တယ်….. ကိုထိန်လင်းရဲ့ခေါင်း၊မျက်နှာ၊ကိုယ်လုံးတွေမှာ….. ဆေးပြာတွေ ပေကျံနေတယ်…တရုပ်လက်လှိမ့်စာကူးစက်မှာသုံးတဲ့ ဆေးတွေပါ…..မခံနိုင်တော့လို့ အဆိပ်ဆိုပြီး ပေးလိုက်ပုံရတယ်…သန်းဇော်တို့စိတ်ဆိုးပြီး ကိုထိန်လင်းတစ်ကိုယ်လုံးကို ဆေးတွေနဲ့ဝိုင်းသုပ်လိုက်ကြတယ် ထင်တယ်…… ခဏနေတော့ ထလရ တဲဆီကနေ ၀က်တစ်ကောင်ရဲ့မချိမဆန့်အော်သံမျိုးကြီး ကို နာရီဝက်လောက် ဆက်ကြားနေရပါတော့တယ်…..

No comments: