Showing posts with label မော်ကွန်းမဲ့ အာဇာနီ များအ ကြောင်း. Show all posts
Showing posts with label မော်ကွန်းမဲ့ အာဇာနီ များအ ကြောင်း. Show all posts
Saturday, December 22, 2012
မြောက်ပိုင်းကျောင်းသားများသတ်ဖြတ်ခံရမှုနှင့် ABSDF ၏အခန်းကဏ္ဏအကြောင်း လေ့လာမိသမျှ.....
မြောက်ပိုင်းကျောင်းသားများသတ်ဖြတ်ခံရမှုနှင့် ABSDF ၏အခန်းကဏ္ဏအကြောင်း လေ့လာမိသမျှ.....
by Min Nyein Thit on Monday, December 17, 2012 at 10:10pm ·
အခုရက်ပိုင်း ABSDF လက်ရှိဥက္ကဋ္ဌ ကိုသံခဲ၊ ဒုဥက္ကဋ္ဌ ကိုမျိုးဝင်းနဲ့ ကိုယ်စားလှယ်အချို့ တာဝန်ရှိသူ တစ်ချို့နဲ့ဆွေးနွေးဘို့ ပြည်တွင်းကို ရောက်ရှိလာတော့မယ်လို့ သတင်းထွက်ပေါ်လာတာနဲ့ တစ်ချိန်တည်းမှာ ဘဲမြောက်ပိုင်းပြသနာနဲ့ ပတ်သက်ပြီး အမှန်တရားလိုလားသူတွေကြားမှာကော သတင်းလောကမှာပါ ပြောဆိုနေတဲ့ အသံတွေကြားလာရပါတယ်။
မြောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးလို့စွပ်စွဲပြီး ၁၉၉၁-၉၂ မှာ ကျောင်းသားလူငယ်၁၀၀ကျော်ကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်…ကျောင်းသားလူငယ် ၃၈ဦးသေဆုံးခဲ့ရပြီး ဥက္ကဋ္ဌကိုထွန်းအောင်ကျော်အပါအ၀င်၁၅ဦးကတော့ ၁၉၉၂ ဖေဖေါ်ဝါရီလ၁၂ ရက်နေ့မှာ တပြိုင်တည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပါတယ်…ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ၂၀၁၁ခုနှစ်ဒီဇင်ဘာအကုန်လောက်ကစလို့ အင်တာနက်စာမျက်နှာ တွေပေါ်မှာ စတင်ရေးသားလာကြတာတွေ့ရပြီး တိမ်မြုတ်နေတဲ့ မတရားပြုမူခံခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ တစတစ ရုပ်လုံးပေါ်လာတာတွေ့မြင်ရပါတယ်….
မြောက်ပိုင်းကျောင်းသားဟောင်းတွေအနေနဲ့ ၂၀၁၂ခုဖေဖေါ်ဝါရီလ၁၂ ရက်နေ့မှာ မြောက်ပိုင်းကျောင်းသားများ ကြွေလွင့်ခြင်း အမှတ်တရနေ့ ဆိုပြီး ရန်ကုန်၊မန္တလေး၊မြို့ကြီးများမှာ ကျင်းပခဲ့တာတွေ့ရပြီး သူတို့ရဲ့အမှန်တရားဖေါ်ထုတ်မှုတွေကို ပြုလုပ်ခဲ့တာတွေ့ရပါတယ်….
တချိန်တည်းမှာဘဲ ဒီမိုကရေစီရေးလိုလားသူ အမှန်တရားလိုလားသူ ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်အဖွဲ့အစည်းများကလည်း မြောက်ပိုင်းမှာသေဆုံးခဲ့ရတဲ့ ရဲဘော်များအတွက် အောက်မေ့ဘွယ်၊ဂုဏ်ပြု အခန်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်…အမှန်တရားဖေါ်ထုတ်ရေးနဲ့ တာဝန်ရှိသူတွေကို တာဝန်ခံရေးဆိုတဲ့ လမ်းကြောင်းကိုအခြေခံတဲ့ ရေးသား၊အကြံပေး၊ဆွေးနွေးချက်တွေ လုပ်ခဲ့ကြတာတွေ့ရပါတယ်…၀ိုင်းဝန်း ဖေါ်ထုတ် ရေးသားခဲ့ကြတာတွေ့ရပါတယ်…
၂၀၁၂ခုနှစ် နှစ်ဆန်းကစပြီး တစတစပွင့်လင်းလာတဲ့ ပြည်တွင်းမီဒီယာ အခြေအနေကနေတဆင့် မောင်မောင် (ရွှေကရ၀ိတ် ) ရေးတဲ့ ခေတ်သစ်ဟင်္သာကိုးသောင်း ပုံပြင် စာအုပ်ထွက်ရှိလာခဲ့ပြီး မြောက်ပိုင်း သတ်ဖြတ်မှုဖြစ်စဉ်များကို ပြည်သူတွေ တအံ့တသြ ဖတ်ရှူ့ခဲ့ကြရပါတယ်… ရက်စက်မှုမတရားမှုတွေ ကိုမြင်တွေ့ခဲ့ကြရပါတယ်…
မိသားစုဆုံးရှုံးခဲ့ရတဲ့သူတွေထဲက မြောက်ပိုင်းမှာသေဆုံးခဲ့ရတဲ့ ဗဟိုကော်မတီဝင် ဦးစိန်ရဲ့သမီး ဒေါ်စန်းစန်းအေးက ABSDF မြောက်ပိုင်းဥက္ကဋ္ဌ ရော်နယ်အောင်နိုင်ပါ(၈) ဦးကို တရားဥပဒေအရအရေးယူပေးဘို့ မြောက်ဥက္ကလာရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာတွေ့ရပါတယ်…
တဆက်တည်းမှာဘဲ ၂၀၁၂ခုသြဂုတ်လ ၃၁ ရက် တော်ဝင်နှင်းဆီမှာလုပ်တဲ့ မြောက်ပိုင်းကျောင်းသားဟောင်းတွေရဲ့ ၉၂ - ပါဂျောင်ရှင်းတမ်း ကြောင့် ၁၉၉၂ မြောက်ပိုင်းသတ်ဖြတ်မှု ကိုကျူးလွန်ခဲ့ကြသူတွေအကြောင်း ပိုမိုသိရှိလာကြပါတယ်….ထိုနေ့မှာဘဲပြည်တွင်းကို ပြန်ရောက်လာခဲ့တဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ရဲ့အတိတကာလက ပြစ်မှုတွေကို ရုပ်လုံးကြွလာစေခဲ့တာတွေ့ရပါတယ်….
ဆက်လက်ပြီး ပြည်တွင်းသတင်းဂျာနယ်တွေရဲ့ ရေးသားချက်တွေ၊သတင်းစီးဆင်းမှုတွေကြောင့် အဲဒီကာလက သတ်ဖြတ်မှုတွေမှာ တာဝန်ယူခဲ့၊ တာဝန်ခံခဲ့ တဲ့ကိစ္စတွေဟာ မြန်မာပြည်သူတွေကို အံ့သြ တုန်လှုပ်စေခဲ့ပါတယ်။ မရှေးမနှေင်းမှာဘဲ ပြည်တွင်းကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန် ဟာလဲ အမိမြေငြိမ်းချမ်းရေးအဖွဲ့နဲ့အတူ ခေတ္တပြန်ရောက်လာခဲ့ပါတယ်….
ကိုမိုးသီးဇွန်အနေနဲ့ မြောက်ပိုင်းဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ဆက်စပ်ပြီး သူတာဝန်ယူခဲ့တဲ့ ABSDF အခြမ်းမှာ ဖမ်းဆီးမှုအနည်းငယ်ရှိခဲ့တာတွေ့ရပါတယ်….ဒေါက်တာနိုင်အောင်ဘက်ခြမ်းမှာလည်း မြောက်ပိုင်းကရော်နယ်အောင်နိုင်တို့နဲ့ ချိတ်ဆက်ပြီး ကိုစိုးလင်း၊ဆရာနေ၀င်းအောင် တို့ကိုဒေါက်တာနိုင်အောင်က ဖမ်းဆီးထားခဲ့ပါတယ်….ကိုစိုးလင်းနဲ့ဆရာနေ၀င်းအောင်တို့ရဲ့အစစ်ခံချက်အရ ဆိုပြီး မိုးသီးဘက်ခြမ်းမှာ ကိုဋ္ဌေးနိုင်ကိုဖမ်းဆီးခဲ့ပါတယ်….၄ လနီးပါးမြေတိုက်ထဲမှာ ချုပ်နှေင်ထားပြီး သေဆုံးသွားခဲ့ တယ်လို့ ဖတ်ရှူ့ရပါတယ်…
ကိုဋ္ဌေးနိုင်သေဆုံးရမှုနဲ့ပတ်သက်ပြီး ကိုဝင်းနိုင်ဦး( ယခု BBC ကိုရင်မောင် ) ကမိုးသီးဇွန်အမိန့်အရ ဆေးထိုးသတ်လိုက်တယ်လို့ ပြောဆိုမှုတွေ ရှိလာပါတယ်…သတ်ဖြတ်ခဲ့ခြင်းမဟုတ်ကြောင်းလဲ မိုးသီးဇွန်နဲ့ ပတ်သက်ခဲ့သူတချို့က ငြင်းချက်ထုတ်တာလဲတွေ့ရပါတယ်…ကိုဋ္ဌေးနိုင်ကို ကယ်တင်ဘို့လာတဲ့ ကိုလှဝင်းဆိုသူဟာလဲ သတင်းအစပျောက်၊သေဆုံးသွားခဲ့ရတယ်လို့ ရေးသားတာတွေ ဖတ်ခဲ့ရပါတယ်…
ကိုဋ္ဌေးနိုင်ကိုဖမ်းဆီးဘို့ ဒေါက်တာနိုင်အောင်က သက်သေခံအဖြစ်ပေးလိုက်တဲ့ ဆရာနေ၀င်းအောင်နဲ့ကိုစိုးလင်းတို့ရဲ့ အသံဖမ်းခွေကို အဲဒီအချိန်က ကိုမိုးသီးဘက်ခြမ်းမှာ ဒုဥက္ကဋ္ဌလုပ်ခဲ့တဲ့
ကိုအောင်သူငြိမ်း ( ယခု/ပြည်တွင်းအကြံပေးအဖွဲ့ ) လက်ထဲကို ဒေါက်တာနိုင်အောင်က ထည့်ပေးလိုက်တာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်….
ကိုဋ္ဌေးနိုင်သေဆုံးရတာနဲ့ပတ်သက်ပြီး ကိုမိုးသီးဇွန်က မန္တလေးမှာ မိမိကိုယ်သတ်သေသွားတာ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်….ထိုအချိန်က လုံခြုံရေးတာဝန်ကျခဲ့တဲ့ ကိုရဲလင်း ( တပ်ရင်း၂၀၄-၂၀၅ )
( ယခုပြည်တွင်း ) ကသက်သေခံပြောကြားရာမှာ ကိုဋ္ဌေးနိုင်က မိမိလည်ပင်းမိမိချိုးပြီး သတ်သေသွားတာသာဖြစ်ကြောင်း ကိုမိုးသီးဇွန်နဲ့အတူပြောကြားခဲ့ပါတယ်…ကိုမိုးသီးဇွန်ရဲ့ဖြေရှင်းချက်နဲ့ ပတ်သက်ပြီး ABSDF ရဲဘော်ဟောင်းများ၊ကိုဋ္ဌေးနိုင်မိသားစု၊ နဲ့အမှန်တရားလိုလားသူများက ယုံကြည်ခြင်း /လက်ခံခြင်းသိပ်မရှိတာတွေ့ရပါတယ်…လည်းကောင်းတို့အနေနဲ့ ဒီထက်ပိုပြီး အမှန်တရားကို သိချင်/မြင်ချင်/ ဖေါ်ထုတ်ချင်ကြတာ ကြားနေရပါတယ်…ဖြေရှင်းချက်တွေဟာ ရှေ့နောက်ကွဲပြားမှုတွေ ရှိနေကြောင်း ပြောဆိုကြပါတယ်…
ဒေါက်တာနိုင်အောင်အနေနဲ့လည်း ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့မှုမှာ သူ့မှာအပြစ်မရှိကြောင်း ပြောဆိုခဲ့ပါတယ်…အဖြစ်မှန်တွေကို ပြောကြားပေးဘို့ ပျက်ကွက်ခဲ့တာတွေ့ရပါတယ်….မြောက်ပိုင်းသတ်ဖြတ်မှု နဲ့ပတ်သက်ပြီး ဒေါက်တာနိုင်အောင်ရဲ့ အပိုင်းကို လေ့လာမိတော့ ၁၉၉၁ အောက်တိုဘာလကုန်မှာ မြောက်ပိုင်း ဥက္ကဋ္ဌ ရော်နယ်အောင်နိုင်ရဲ့ အကြောင်းကြားစာအရ မြောက်ပိုင်းကော်မတီဝင်ကိုစိုးလင်းကို ABSDF ဗဟိုမှာဖမ်း ဆီးပါတယ်..အဲဒီအချိန်က ABSDF မြောက်ပိုင်းမှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ဗဟိုကော်မတီဝင်၅ဦး အပါအ၀င်
ကျောင်းသား၁၀၀ကျော်ကို စွပ်စွဲဖမ်းဆီးထားချိန်ဖြစ်ပါတယ်…. စစ်ကြောရေးဒဏ်နဲ့ သေဆုံးမှုတွေ ရှိနေတဲ့အချိန်ဖြစ်ပါတယ်…
ဆရာနေ၀င်းအောင်ရဲ့ ၁၉၉၆ခုနှစ် ABSDF ဗဟိုစစ်ကော်မရှင်ကို တင်ပြတဲ့စာအရ ကိုစိုးလင်းကို ဒေါက်တာနိုင်အောင်နဲ့ ဗဟိုကော်မတီဝင်များ ဆုံးဖြတ်ချက်အရ ဖမ်းတယ်လို့သိရပါတယ်….၁၉၉၂ဧပြီလ ၂၀ ရက်မှာတော့ ဒေါက်တာနိုင်အောင်က ဆရာနေ၀င်းအောင်ကို ထပ်မံဖမ်းဆီးခိုင်းခဲ့တာဖြစ်ပါတယ်…
စတင်ဖမ်းဆီးချိန်က မာနယ်ပလောမှာ ဗဟိုဦးဆောင်ကော်မတီ အစည်းဝေးလုပ်နေတုံး CEC များရှေ့မှာတင် အတွင်းရေးမှူး ( ၂ ) ကိုလှဋ္ဌေး(မြောက်ပိုင်းမှဗဟိုသို့ရောက်နေသူ)၊ ကိုကျော်ကျော် ( မြောက်ပိုင်း မှဒုဥက္ကဋ္ဌ - ၂ )တို့မှ ဖမ်းဆီးခဲ့ပြီး ဆရာနေ၀င်းအောင်ကို ရက်စက်စွာ စစ်ဆေးခဲ့တယ်လို့ ဆရာနေ၀င်းအောင်ရဲ့ ၁၉၉၆ စစ်ကော်မရှင်သို့ရေးတဲ့စာမှာ ဖတ်ရပါတယ်…
တဆက်တည်းမှာဘဲ အတွင်းရေးမှူးမျိုးဝင်း (ABSDF – ဒေါက်တာနိုင်အောင်ဘက်ခြမ်း) / ယခုလက်ရှိ ABSDF ဒုဥက္ကဋ္ဌ ကလည်း ဆရာနေ၀င်းအောင်ရဲ့ အကျိုးသင့်အကြောင်းသင့်ပြောကြားချက်များကို လက်မခံဘဲ
နေ့ရောညပါ ညှင်းပန်းနှိပ်စက်မှုတွေလုပ်ပြီး မရရအောင်ဝန်ခံခိုင်းခဲ့တယ်လို့ သိရပါတယ်….ဆက်လက်ပြီး ကိုမြင့်ဦး၊ကိုထင်ကျော်၊ ကိုအောင်သူတို့ကိုဖမ်းဆီးခဲ့ပြီး ကျောင်းသားရဲဘော်ကိုအောင်သူဟာ အသတ်ခံရ/(သို့)
စစ်ကြောရေးမှာသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်….
အဲဒီလိုဖမ်းဆီးမှုတွေ/စစ်ဆေးတာတွေကို ဒေါက်တာနိုင်အောင် ၊ ကိုကျော်ကျော်(ယခုမြောက်ပိုင်းကိုဦးဆောင်နေသူ)၊ ကိုလှဋ္ဌေး(ယခုအိန္ဒိယနယ်စပ်)၊ ကိုမျိုးဝင်း (ယခု ABSDF ဒုဥက္ကဋ္ဌ ) ၊ ဗဟိုစစ်ကော်မရှင်တို့ မှပြုလုပ်ခဲ့တာ တွေ့မြင်နေရပါတယ်…
ထူးခြားတာတစ်ခုက ၁၉၉၂ဧပြီ ၂၀မှာ ဆရာနေ၀င်းအောင်ကိုဖမ်းဆီးစဉ်မှာ ဒေါက်တာနိုင်အောင် တစ်ယောက် ၁၉၉၂ ဧပြီလ ၁၉ ရက်နေ့မှာ မြောက်ပိုင်း ABSDF ပါဂျောင်စခန်းကို ရောက်နေတယ်လို့ ဒေါက်တာနိုင်အောင်ရဲ့ ၂၀၁၂ခု မတ်လ၂၅ ရက်နေ့ တောင်းပန်စာ(ကြေညာချက်)မှာ ဖတ်ရပါတယ်….
ဒေါက်တာနိုင်အောင်က ၁၉၉၂ဖေဖေါ်ဝါရီ၁၂ရက်နေ့ ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကျောင်းသား၁၅ ဦးကိုသတ်ဖြတ်လိုက်ချိန်မှာ သူမရောက်ရှိသေးပါဘူးလို့ ပြောကြားခဲ့ပါတယ်…သို့ပေမယ့် ဒေါက်တာနိုင်အောင် သတ်ဖြတ်ခြင်းမပြုမှီကတည်းက ရောက်နေခဲ့ပါတယ်လို့ ပြောကြားတာတွေလဲ ဖတ်ရပါတယ်….
မည်သို့ပင်ဖြစ်ပါစေ ABSDF ဗဟိုက ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်နဲ့ ဗဟိုကော်မတီဆုံးဖြတ်ချက်အရ တောင်ပိုင်း ဗဟိုကိုရောက်နေတဲ့ ကိုကျော်ကျော်(ဒုဥက္က- ၂ / မြောက်ပိုင်း ) ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဘို့ မြောက်ပိုင်းကိုပြန်လည်စေလွှတ်လိုက်တယ်ဆိုတာ ဒေါက်တာနိုင်အောင်ရဲ့ စာအရသိရပါတယ်….
ကိုကျော်ကျော်က မြောက်ပိုင်းပါဂျောင်ကို ၁၉၉၂ခုနှစ်ဇန္န၀ါရီမှာပြန်ရောက်သွားပြီး ၁၉၉၂ဖေဖေါ်ဝါရီ၁၂ ရက် ၁၅ဦး သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်….ကိုကျော်ကျော်ဟာ မြောက်ပိုင်းဥက္ကဋ္ဌရော်နယ်အောင်နိုင်၊ စစ်ရေးတာဝန်ခံသံချောင်း၊မြောက်ပိုင်းအတွင်းရေးမှူးမျိုးဝင်း၊လှဆိုင်း၊ နေဒွန်း၊စိန်အေး၊အောင်ကြီးတို့နဲ့ ၁၅ဦးသတ်ဖြတ်မှုမှာဆုံးဖြတ်ချက်ချခဲ့ပြီး လည်းကောင်းတို့အားလုံးဟာလဲ သတ်ဖြတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြ
ပါတယ်…
ABSDF မြောက်ပိုင်း ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်တွေမှာ ဒေါက်တာနိုင်အောင်၊ အတွင်းရေးမှူးမျိုးဝင်း (ယခု ABSDF ဒုဥက္ကဋ္ဌ ) ၊ဗဟိုကော်မတီ၊စစ်ကော်မရှင်တို့ဟာ ပါဝင်ပတ်သက်ခဲ့တာ ထင်ရှားနေပါတယ်…
ထိုအချိန်က ဒေါက်တာနိုင်အောင်ဘက်ခြမ်း မှာအတွင်းရေးးမှူး-၂ လုပ်တဲ့ ကိုလှဋ္ဌေး(ယခုအိန္ဒိယနယ်စပ်)
ဟာလဲ ကိုကျော်ကျော်နဲ့အတူ ပူးပေါင်းပါဝင်ခဲ့တာလဲတွေ့ရပါတယ်…
လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲ ကတော့ ဒီမြောက်ပိုင်းဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တာ မရှိပါဘူး….
အဲဒီအချိန်က သူဟာ အိန္ဒိယနယ်စပ်မှာရှိနေခဲ့တာဖြစ်ပြီး ၁၉၉၃ မတ်လခန့်မှာ လက်နက်ကိုင်တပ်ဖွဲ့စည်းရေး၊
အိန္ဒိယနယ်စပ်မှာရှိနေတဲ့ ကျောင်းသားတွေနဲ့ပတ်သက်ပြီး အလုပ်လုပ်ဘို့ မြောက်ပိုင်း ABSDF ကိုသွားရောက်ခဲ့ တာ ဖြစ်ပါတယ်…မြောက်ပိုင်းမှာ စစ်ရေးတာဝန်ခံ သံချောင်း(ယခုသာယာဝတီထောင်)၊ ရော်နယ်အောင်နိုင်တို့နဲ့ တွေ့ဆုံမှုရှိခဲ့တာပါ…ထိုအချိန်က တော့ ကိုသံချောင်းကိုလေးစား ခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်….
နောက်ပိုင်း ၁၉၉၆- ၉၇ ခန့်မှာတော့ မြောက်ပိုင်းကျောင်းသူ မခင်ရွှေလှိုင်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်…
နောက်ပိုင်း ABSDF ရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ….၂၀၁၂ခုနှစ် မြောက်ပိုင်းသတ်ဖြတ်မှုတွေ ဖေါ်ထုတ်လာကြတဲ့ အချိန်မှာ ဥက္ကဋ္ဌကိုသံခဲအနေနဲ့ ဝေဖန်ပြောကြားတာမရှိခဲ့ပါဘူး…. ….ထိုအတွက် ဝေဖန်ပြောကြားတာတွေ ခံခဲ့ရပါတယ်…..မြောက်ပိုင်းမှာ ခံစားခဲ့ကြရတဲ့ အဖမ်းခံ/ကျဆုံးခဲ့သူတွေအပေါ် မစာနာပြောဆိုခဲ့တဲ့ မြောက်ပိုင်း ကျောင်းသူ မခင်ရွှေလှိုင်ရဲ့ ခင်ပွန်းဖြစ်နေတာဟာလဲ သူ့ရဲ့ပုံရိပ်ကို ထိခိုက်စေခဲ့ပါတယ်….
ABSDF အဖွဲ့ကိုလည်း တာဝန်ယူမှု တာဝန်ခံဖြေရှင်းပေးမှုမရှိဘူးဆိုပြီး ပြစ်တင်ပြောဆိုတာတွေ တွေ့လာရပါတယ်….ABSDF ကမြောက်ပိုင်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းဘို့ ဖွဲ့စည်းပေးလိုက်တဲ့ အမှန်တရားနှင့်တရားမျှတမှုကော်မတီ ကိုလည်း အယုံအကြည်မရှိတာမျိုးတွေ တွေ့ရပါတယ်…ဘာကြောင့် လဲဆိုတော့ လက်ရှိ ABSDF ရပ်တည်နေရတဲ့ အခြေအနေ အခင်းအကျင်းတွေ ကြောင့်ပါဘဲ…လက်ရှိ ABSDF က
ဒေါက်တာနိုင်အောင်ရဲ့ အထောက်အပံ့ကို ရယူနေရတယ်လို့ သတင်းတွေထွက်ပါတယ်….လက်ရှိ အမှန်တရားနှင့်တရားမျှတမှုကော်မတီ ကအချို့ပုဂ္ဂိုလ်တွေ ABSDF အထောက်အပံ့ နဲ့ကျောင်းတက်နေရတာတွေရယ်…တစ်ဦးကတော့ ဒေါက်တာနိုင်အောင်ဘက်ခြမ်းက သေဆုံးခဲ့ရတဲ့ ကိုအောင်သူ နဲ့ပတ်သက်ပြီး တာဝန်ရှိနေတယ်လို့ သတင်းထွက်နေပါတယ်….
အရေးကြီးဆုံးကတော့ လက်ရှိ ABSDF ဒုဥက္ကဋ္ဌ ကိုမျိုးဝင်း ရဲ့ထိုအချိန်က ပါဝင်ပတ်သက်ခဲ့မှုတွေဟာ လည်း ရှိနေခဲ့တာကြောင့် ပါဘဲ….ဒါကြောင့် ABSDF ကဖွဲ့စည်းပေးလိုက်တဲ့ အမှန်တရားနှင့်တရားမျှတမှု ဖေါ်ထုတ်ရေးကော်မရှင် ကို သံသယနဲ့စောင့်ကြည့်နေကြပြီး အယုံအကြည်မဲ့နေတာဖြစ်ပါတယ်….
၂၀၁၂ခုနှစ် စက်တင်ဘာမှာ ABSDF က မြောက်ပိုင်းသတ်ဖြတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ခံစားခဲ့ရသူများနှင့် မိသားစုများကို တောင်းပန်ပါကြောင်း ကြေညာချက်ထွက်လာခဲ့ပေမဲ့ …ကာယကံရှင်တွေ ရဲ့
အပြီးသပ် ကြေနပ်မှုမျိုးကို မရရှိခဲ့ပါဘူး…
ABSDF အနေနဲ့ အဓိကတာဝန်ရှိသူတွေကို ABSDF စည်းမျဉ်းအရ ဖေါ်ထုတ်၊အရေးယူ၊ တာဝန်ခံစေတာမျိုး၊ တွေမရှိခဲ့လို့ သာဖြစ်တယ်လို့ တွေးဆနိုင်ပါတယ်…
ဥက္ကဋ္ဌ ကိုသံခဲအနေနဲ့ ဒေါက်တာနိုင်အောင်၊မိုးသီးဇွန်၊ လက်ရှိဒုဥက္ကဋ္ဌ ကိုမျိုးဝင်း၊ လက်ရှိABSDF မြောက်ပိုင်း ကိုဦးဆောင်နေတဲ့ ၁၉၉၂ဖေဖေါ်ဝါရီ ၁၂ ရက် လူသတ်တရားခံ ကိုကျော်ကျော်နဲ့ကိုလှဆိုင်းတို့ အပါအ၀င် ၁၉၉၂ ကာလတွေမှာတာဝန်ရှိခဲ့တဲ့ ကိုလှဋ္ဌေး ( ယခုအိန္ဒိယနယ်စပ်ကျောင်းသားအဖွဲ့ကို ဦးဆောင်နေသူ) တို့အပေါ်မှာ တစ်စုံတစ်ရာပြောဆိုခြင်း၊ ABSDF စည်းမျဉ်းစည်းကမ်းနဲ့အညီ ကိုင်တွယ်ခြင်း မပြုလုပ်နိုင်သေးတာဟာလဲ အားနဲချက်အဖြစ်မြင်နေရပါတယ်….
ပိုပြီးဆိုးဝါးစေခဲ့တဲ့ အကြောင်းကတော့ မြောက်ပိုင်းလူသတ်တရားခံ ကျော်ကျော်၊လှဆိုင်း တို့ဦးဆောင်နေတဲ့ ABSDF မြောက်ပိုင်းကို မိမိသြဇာ ထူထောင်ထားခြင်းပါဘဲ….မြောက်ပိုင်းသတ်ဖြတ်မှု ပြသနာတွေ အကြီးအကျယ် ရှိနေစဉ်ကာလမှာဘဲ ကိုသံခဲဟာမြောက်ပိုင်းကိုသွားရောက်ခဲ့ပြီး ၁၉၉၂ ဖေဖေါ်ဝါရီ၁၂ ရက် လူသတ်မှုကိုကျူးလွန်ခဲ့တဲ့ ကိုကျော်ကျော်၊ကိုလှဆိုင်းတို့နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်….
တကယ်တော့မြောက်ပိုင်း ABSDF ကို KIA က ငြိမ်းချမ်းရေး ပျက်စီးတဲ့ ၂၀၁၂ နှစ်ဆန်းမှာ ပြန်ပြီး အသက်သွင်းခဲ့တာပါ…ယခင်၁၉၉၆ KIA ငြိမ်းချမ်းရေးယူစဉ်က ABSDF ကိုနေထိုင်ခွင့်မပေးတော့ဘဲ မောင်းထုတ်ခဲ့ တာပါ….
ယခု ၂၀၁၂ခုနှစ်ဆန်းကျမှ KIA က သူတို့ အကျိုးစီးပွားအတွက် သူတို့KIA နဲ့ အလျှင်းသင့်တဲ့ မြောက်ပိုင်း ABSDF လူသတ်ကောင်လှဆိုင်း (ကချင်လူမျိုး) ၊ကိုကျော်ကျော်တို့မှတဆင့် ABSDF မြောက်ပိုင်းဆိုပြီး ပြန်လည်အသက်သွင်းခဲ့တာပါ….မြောက်ပိုင်းABSDF ကျောင်းသားဆိုလို့ ဦးဆောင်နေတဲ့ သူ ၅ယောက်လောက်သာရှိတာပါ…..တပ်ဖွဲ့ဝင်ရရှိရေးနဲ့ပတ်သက်လို့ကတော့ မရေးလိုတော့ပါဘူး….
ဒီလိုအခင်းအကျင်းမျိုးရှိနေတဲ့ အနေအထားမှာ ABSDF ဥက္ကဋ္ဌ ကိုသံခဲအနေနဲ့ အများကြီးတာဝန်ရှိလာနိုင်ပါတယ်….မြောက်ပိုင်းသတ်ဖြတ်မှုတရားခံတွေ ကိုဆက်ဆံ၊လက်ခံနေတဲ့ကိစ္စရယ်..
ABSDF ရဲ့သမိုင်းဆိုင်ရာ ဆိုးဝါးမှုကို လက်ခံအတည်ပြုပေးသလို သက်ရောက်နေပါတယ်….
ဒီလိုအချိန်တွေမှာဘဲ ပြည်တွင်းကိုပြန်ဝင်လာပြီး အစိုးရနဲ့တွေ့ဆုံမှုတွေလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး ခံစားခဲ့ရတဲ့ မြောက်ပိုင်းကျောင်းသားတွေအနေနဲ့ စိုးရိမ်မှု၊ အမှန်တရားဆုံးရှုံးမှု၊ အပြစ်ရှိသူ၊ တာဝန်ရှိသူတွေ အနာဂတ်နိုင်ငံရေးမှာ ပါဝင်လာမှာတွေကို စိုးရိမ်လာနေကြပါတယ်….
သူတို့ရဲ့သမိုင်းကို နောက်တစ်ကြိမ် ခြေဖျက်ခံကြရမှာကို စိုးရိမ်နေကြပါတယ်….ဒါကြောင့်လဲ ဒေါက်တာနိုင်အောင်။မိုးသီးဇွန် တို့ ပြန်လာကြစဉ်က မြောက်ပိုင်းကျောင်းသားဟောင်းတွေက သူတို့ရဲ့ သမိုင်းကို
သူတို့ ခုခံကာကွယ်ခဲ့ကြတာတွေ့ရပါတယ်….
လက်ရှိ ABSDF ကဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ရဲ့ အမှန်တရား ဖေါ်ထုတ်မှုအဖြေဟာ ABSDF ရဲ့ သိက္ခာနဲ့ သမိုင်းကြောင်းကို ကာကွယ်ရင်း မြောက်ပိုင်းမှာ အသက်ပေးခဲ့ရသူတွေနဲ့ လွတ်မြောက်ခဲ့သူရဲဘော်ဟောင်းတွေရဲ့ သမိုင်းကို အလဲအလှယ်လုပ်ယူသလို ဖြစ်သွားမှာကိုလည်း သတိကြီးစွာနဲ့ စောင့်ကြည့်နေကြတာ တွေ့ရပါတယ်….
ပြီးခဲ့တဲ့ ၁၃.၁၂.၂၀၁၂ နေ့ကလည်း ABSDF မိုးဦးဇွန်ဘက်ခြမ်းမှာ သေဆုံးခဲ့ရတဲ့ ကိုဋ္ဌေးနိုင်ရဲ့မိခင် ဒေါ်ခင်မေမြင့်က မြောက်ဒဂုံရဲစခန်းမှာ တရားဥပဒေကြောင်းအရ ကိုမိုးသီးဇွန်နဲ့ အဖွဲ့ကို အရေးယူပေးဘို့ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိလိုက်ရပါတယ်….တကယ်တော့ဒီပြသနာတွေဟာ အမှန်တရားတစ်ခု ပေါ်ပေါက်လာတဲ့ အချိန်မှာ အမှားတွေကို တာဝန်မခံ၊တာဝန်မယူရဲဘဲ၊ မိမိတို့ရဲ့ဂုဏ်သိက္ခာ ကို မျက်စေ့မှိတ်ကာကွယ်လိုမှု တွေကြောင့် ပြသနာဟာကြီးထွားလာတယ်လို့မြင်ပါတယ်….
ရိုးသားစွာနဲ့ ဖြစ်စဉ်အမှန်ကိုဝိုင်းဝန်းဖေါ်ထုတ်။ပြောကြားကြပြီး မိသားစုတွေရဲ့ ဘ၀တွေကို ဖေးမ ကြရမယ့်အချိန်မှာ မိမိတို့ အတ္တတွေကိုရှေ့တန်းတင်ပြီး မာန်မာနတွေ မချခဲ့လို့သာ မလိုလားအပ်တဲ့ ကိစ္စတွေ ဆင့်ကဲပေါ်ပေါက်လာတာပါ…
မြောက်ပိုင်းကျောင်းသားဟောင်းတွေရဲ့ ၁၂.၂.၂၀၁၂ ကြေညာချက်အမှတ် ၁/၂၀၁၂ ကိုကြည့်ရင်လဲ အမှန်တရား ဖေါ်ထုတ်ရေး၊သက်ဆိုင်သူတွေတာဝန်ခံရေး၊ နဲ့ ကျဆုံးခဲ့ရသူများ/နဲ့ သူတို့တတွေရဲ့ သမိုင်းတန်ဘိုး တွေအတွက်သာ ရည်ရွယ်ပြီး အမှန်တရားဖေါ်ထုတ်ခဲ့ကြတာ ဖြစ်ကြောင်းပေါ်လွင်ပါတယ်…အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ကြိုဆိုကြောင်း ပြောကြားထားတာတွေ့ရပါတယ်….
တော်ဝင်နှင်းဆီမှာပြုလုပ်ခဲ့တဲ့ ၃၁.၈.၂၀၁၂သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အမှတ် ၂/၂၀၁၂ မှာလဲ မြောက်ပိုင်းကျောင်းသားတွေအနေနဲ့ သက်ဆိုင်သူမိသားစုတွေရဲ့ တရားဥပဒေကြောင်းအရ ဖြေရှင်းမှုကို ထောက်ခံကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားရေးမဏိုင်တောင့်တင်းခိုင်မာစေရေးအတွက် မြောက်ပိုင်းပြသနာကို မှတ်ကျောက်တစ်ခုအနေနဲ့ ရည်ညွှန်းထုတ်ပြန်ပြောဆို သွားတာတွေ့ရပါတယ်….
မည်သို့ဆိုစေ မြန်မာပြည် နိုင်ငံရေးသမိုင်းနဲ့ ကျောင်းသားတွေရဲ့ သမိုင်းမှာတော့ မြောက်ပိုင်းပြသနာ ဟာ ဆိုဝါးတဲ့ မှတ်တမ်းတစ်ခုအနေနဲ့ ရှိလာခဲ့ပါပြီ....တကယ်တော့ မြောက်ပိုင်းပြသနာတွေ စတင်ပြီး ဖြေရှင်းလာကတည်းက မြန်မာပြည်နိုင်ငံရေး လောကက အဖွဲ့အစည်းတွေ ဟာဒီပြသနာကို လက်ရှောင်ခဲ့ကြပါတယ်… ဒါးခုတ်ရာလက်ဝင်လျှိုတဲ့အဖြစ်မျိုး မရောက်ချင်ကြတဲ့အတွက် နှာစေးနေခဲ့ကြတာပါ…
မြောက်ပိုင်းကျောင်းသားတွေဟာ သူတို့သမိုင်းကိုသူတို့ ဝေဖန်ပြောဆိုမှုတွေကြားကနေ ရေးခဲ့ကြပါပြီ….
သူတို့လိုချင်ခဲ့တဲ့ အားလုံးအတွက်အမှန်တရားတစ်ခုကို ပြန်လည်ရယူခဲ့ကြပါပြီ….ရှေ့ဆက်ပြီး သက်ဆိုင်ရာကာယကံရှင်မိသားစုတွေရဲ့ တရားမျှတမှုဆိုတဲ့ လမ်းကြောင်းကတော့ ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
မင်းငြိမ်းသစ်
( ၁၈.၁၂.၂၀၁၂ )
Wednesday, October 31, 2012
ဘာတေးလ်၏ ဆောင်းပါးသစ် ကို သုံးသပ်ခြင်း။ Bertil Lintner's recent article: (Myanmar) Old Atrocity and New Implications
by Aye Aye Soe Win on Thursday, November 1, 2012 at 4:31am ·
Bertil Lintner's recent article: (Myanmar) Old Atrocity and New Implications
သူ. စူး ရှတဲ. ကလောင် နဲ. တည်.တည်.ပစ်၊ တည်.တည်.ရေး၊ ဒေါင်.စေ.လေ တဲ. သတင်းသမားလည်းဖြစ်၊ မြန်မာပြည်အကြောင်းအထူး ကျွမ်း ကျင်တဲ. စာရေးဆရာ လို. ကျော် ကြားလေတဲ. ချင်းမိုင် အခြေစိုက် ဘာတေး လင်.တ်နာ က Asia Times အေရှား တိုင်းမှာ ဒီနေ.ပဲ ဆောင်းပါးတပုဒ်တင်ဆက်ခဲ.ပါတယ်။သူ. ဆောင်းပါး ရဲ. ခေါင်းစဉ်က Old Atrocity and New Implications အတိပ်ကရက်စက်ကြမ်းကြုပ်သတ်ဖြတ်မှု နှင်.တကျော.ပြန်အသစ်ပေါ်လာသော ရှုတ်ထွေးမှု များ ( မြန်မာနိုင်ငံ) လို. ဆိုရပါမယ်။
ဘာတေးဆောင်းပါး က ပြည်.စုံပါတယ်။ ပြုသူနဲ. အပြုခံရသူ တနည်း ကျုးလွန်သူနဲ. ကျူးလွန်ခံရသူ ဒါတွေကို စကားလုံးများများ မသုံးပဲ တင်ပြခဲ.ပါတယ်။ မတရားမှူကြီးတခုနဲ. ဒီအမှုသက်ရောက်ရာ လမ်းကြောင်းကိုတော. တွေးတတ်သလိုတွေးနိုင်ဖို. ဖွင်.ပေးထားတယ်လို.ထင်ပါတယ်။
ဆောင်းပါးကောင်း တပုဒ် အင်္ဂံလိပ်ဘာသာနဲ. ရေးရင် ပြည်ပကလူတွေ နဲ. သံတမန်တွေအတွက် သိပ်အဆင်ပြေပါတယ်။ ဒါမျိုးဟာ မြန်မာအချင်းချင်းမုန်းတီးလို.၊ မသင်.မြတ်လို. ဒီမို အုပ်စုတွေကြား တကြော်ကြော် ထအော်၊ တမင် ဖေါ်နေကြတာမျိုးမဟုတ်ပဲ ၊ အချိန်လည်းသင်.ပြီမို. သမိုင်းတကျော.ပြန်ဖြစ်ရပ်မှန်အနေနဲ.သာ ထူးခြားစွာ ပေါ်ထွက်လာခြင်းပဲ ဖြစ်တယ်။ ခု အင်္ဂံင်္ံလိပ်ဘာသာနဲ. ဒီဆောင်းပါးဟာ၊ မြန်မာ မဟုတ်သော၊ သို.သော်မြန်မာ နိုင်ငံ နှင်.ပါတ်သက်နေသော အဖွဲ. အစည်းတွေ ကို စာပို.ရင် ကိုးကားပြော ဖို. အလွန်သင်.ပါတယ်။ အမှန်တရားကို မြတ်နိုးတဲ. မြန်မာတွေ အများကြီး ပြည်တွင်းပြည်ပမှာ ရှိတယ်။ သူတို. အားလုံး သိချင် လွန်းတဲ. မေးခွန်းကို ဘာတေးဆောင်းပါး ရှင် က လည်းမေးသွားတယ်။ ဒေါက်တာနိုင်အောင်ဟာ ဘာကြောင်. ပြည်ပကထောက်ပံ.ငွေ (အမေရီကန်ကွန်ဂရက် က တိုက်ရိုက်ဆင်းသက်တဲ. NED နဲ. တခြား အန်ဂျီအိုတွေအပါအ၀င်ငွေတွေ) ဒါတွေကိုဒီလောက်ကြာကြာရခဲ.သလဲ။
သူ. အမဲစက်ကြီး ရှိပါရဲ. သူ.လူတွေက ဘာကြောင်. အပြောမခံကြလဲ ဆိုတာတွေ ဆက်စက်စဉ်းစားဖို.လိုပါတယ်။ ခံရသူတွေအတွက် ဘယ်တုန်းကမှ တရား မျှတစွာ အကြည်.မခံခဲ. ရတဲ. ဒီဇတ်လမ်း ကို၊ တချိန်ကတော. စပိုင်တွေ သုတ်သင်ရေး လို. သူတို. ကျူးလွန်သူတွေဖက်က က ခေါင်းစဉ်တပ်ပါတယ်။ ၂၀၁၂ ဇန်န၀ါရီ မှာ အေဘီက ထုတ်တဲ. စာ တမ်းမှာ လည်း စပိုင်တွေမို. လုပ် ရပါတယ် ပဲ ထပ်ပြောခဲ.ပါတယ်။ ဒါပေမဲ.၊ အမှန်က ၂၀၁၂ နွေမှာ ထွက်လာတဲ. ဦးမောင်မောင် ရွှေကရ၀ိတ် ရဲ. စာအုပ်ခေါင်းစဉ်လိုပဲ၊ ဘယ်ဒေါင်. ဘယ်ကွေ.ကကြည်.ကြည်. ဒီ မိုကရေစီ ဘက်တော်သား ဆိုတဲ. အချင်းချင်းကြားထဲ ရက်ရက်စက်စက်ဇတ်တူသားစားခြင်းသာဖြစ်တယ်ဆိုတာ ဘာတေး က အတည်ပြုပေးသွားပါတယ်။ ၁၉၉၂ ဇူလိုင်လ မှာ ဘာတေး ဒီ အကြောင်းအရာအပေါ်မှာပဲ Far Eastern Economic Review က ဆောင်းပါးတပုဒ် ရေးခဲ.ပါသေးတယ်။ အဲဒီ. အချိန်က ဖြစ်ပြီးစ လေး ငါး လ အကြာမှာဆိုတော.၊ ပြုသူတွေ အချိန်နဲ. အမျှ ပြန်ရတဲ. ပြစ်ဒဏ် ကို ဆွေးနွေးပြောဆိုဖို. စောလွန်းနေသေးတဲ.ကာလလို. ဆိုရမယ်။ ဒါပေမဲ. နှစ်၂၀ အကြာ ခု ၂၀၁၂ မှာတော. ၊ ဒီ လုပ်ကြံသတ်ဖြတ်မှုကြီးရဲ. အကျိုးသက်ရောက်မှု တွေ က တစစ ပေါ်လာပါပြီ။
NED National Endownment for Democracy က မသိတာလား။ မသိချင်ယောင်ဆောင်တာလား။ ဒါမှ မဟုတ် အသိပေးမှုမှာ ဖိအားသိပ်မပါလို.လား။
ဒါတွေ ကို စာဖတ်သူတွေက ဆက်စဉ်းစားရမှာဖြစ်ပါတယ်။ ( ဖြတ်ပြောရမယ်ဆိုရင် အမေရိက က သူသူငါငါ နိုင်ငံသားတွေ ပေးနေတဲ. အခွန်တွေနဲ. ဒီက အစိုးရနဲ.ဆိုင်ရာ အဖွဲ. အစည်းတွေက ဒီလိုလူမျိုးတွေကိုလည်းထောက်ပံ.တယ်။ဒီလိုလူမျိုးတွေကိုထောက်ပံ.တာ အလွန်မှားနေတယ် ဆိုတာကို တခါတလေ စိတ်ပေါက်လာမှ ထတိုင်တဲ.သူ အချို. ရှိပေမဲ.၊ NED ထဲက သူတို. အတွင်းလူများကပါ ပေါင်းစားထားလေတော.၊ ဒီ လောက် ကြီးမားတဲ.
သတ်ဖြတ်ရက်စက်မှုကြီးကို အမေရိက က လွှတ်တော်အမတ်တွေ၊အကုန်မသိတာ မဆန်းပါဘူး။ ငွေပေးနေတဲ. အန်ဂျီအိုတွေ၊ သူတို. အထက်က စူပါဗိုက်ဇာတွေက တော. မသိတာထက် မသိချင်ယောင်ဆောင်ခဲ.တာဖြစ်ဖို.ပိုများပါတယ်။ ဒါမှမဟုတ် လူဖြူတွေသိအောင် ဖေါ်ထုတ်ရတဲ. လူ တဦးစ ၂ဦးစ၊ တဖွဲ. တအုပ်စုက စိတ် ပင် ပန်းပြီး ရပ်လိုက်တာလား၊ ဒါမှမဟုတ် နိုင်အောင်.အပေါ်ကျလာမဲ. ပြစ်ဒဏ်ကျွေးကို သူ.ကိုခင်မင်မှုနဲ. အားနာပြီး ရပ်လိုက်ကြတာလား။ ဒါတွေကိုတော. ဆက် စဉ်းစား ရမှာဖြစ်ပါတယ်။)
မြန်မာပြည် အရှေ.မြောက်ပိုင်း ကချင်နယ်မြေထဲက အေဘီ အကိစ်ဒီ အက်ဖ် တောတွင်းစခန်းမှာ ဒီပြစ်မှုကို စိမ်ပြေနပြေ ကျူးလွန်ခဲ. တဲ.သူတွေ၊ အမိန်.ပေးခဲ.တဲ.သူတွေ၊ ကျူးလွန်မှုမှာ ၀င်မတားပဲ ရပ်ကြည်.နေခဲ.သူတွေ၊ ဒီ.အပြင် နှစ် ၂၀ လုံးလုံး တုပ်တုပ်မလှုပ် အပြစ်ကို ၀န်မခံခဲ.တာတွေ၊ ပြီးတော. တာဝန်ရှိတဲ. အေဘီ ဥက္ကဌနိုင်အောင် နဲ. ကျူးလွန်သူများ ကို အနောက်နိုင်ငံတွေ က အန်ဂျီအို အချို.နဲ. ငွေပေး ထောက်ပံ.နေတဲ. အဖွဲ.အစည်းတွေ။ သူတို. တုပ်တုပ်မလှုပ် မြုံနေ၊ တမင် အသံတိပ်ပေးနေတာတွေ ကိုလည်း ဘာတေးက အများကြီး မရေုးပဲ၊ တကြောင်း တပုဒ်နဲ.ပဲ အလွန်ပြည်.စုံစွာ ရေးသားခဲ.ပါတယ်။
ကျမမြင်တာကတော. ဒီလိုပါ။ ဘာတေးရဲ. ဒီဆောင်းပါးမှာ၊ဒါတွေပေါ်လွင်ပါတယ်။
--ကိုထွန်းအောင်ကျော်၊ ခင်ချိုဦးကို သတ်နည်း နှိပ်စက်နည်း နဲ.တကွ (ဒုတ် ဒါး လှံ ခဲလုံး သုံးတဲ. အလယ်ခေတ် က လူရိုင်းများလို ) ပြုသူ ကျူးလွန်သူတွေ ရှိခဲ.တယ်။စပိုင်တွေဆိုပြီး နှီပ်စက်၊ မတရားရယူခဲ.တဲ.ထွက်ချက်တွေကို သုံးပြီး အေဘီအက်စ်ဒီဖက်ဖ်က သူ.ကိုယ်သူ အကာအကွယ်ပြုခဲ.တယ်။
--ဒီကျူးလွန်မှုကို ထပ်သက်သေပြစရာ မလိုတော.တဲ. အချိန်ရောက်ခဲ.ပြီ။ နှစ်၂၀။
--ခံရသူတွေဖက်က မတရားမှုကို ခဲယဉ်းစွာ ထုတ်ဖေါ်ရတယ် ဆိုနိုင်ပေမဲ.၊ အချို.နည်းတွေက ကျူးလွန်ခဲ.သူတွေကို တည်.တည်.ပစ် တည်.တည်.မှန်ခဲ.တယ်။ --တပိုင်းတစ အောင်မြင်ခဲ.တယ်။ အစိုးရကို အားကိုးလို. မရတဲ. ရှင်းလင်းနည်းတွေမှာ၊ လုပ်လို.ရတာတွေကိုလည်း၊ ဘာတေး က သွယ်ဝိုက်ပြော သွားတယ်လို.ထင်ပါတယ်။
မှန်ပါတယ်။ ထိရောက်တဲ.နည်းတွေကို ပဲ ဆက်တိုက်သုံးရတော.မယ်။
ဘာတွေ ထိရောက်ခဲ.သလဲ။
၁- နိုင်ငံတကာအဖွဲ.များ၊ ငွေလှုထောက်ပံ.ပေးနေသော အန်ဂျီအို အသီးသီး များထံ နိုင်အောင်. မတရားမှုတွေနဲ.ပါတ်သက်ပြီး ရောက်သောတိုင်စာ အသီးသီးရှိခဲ.တယ်၊
(သုံးသပ်ချက်--တိုင်စာတွေ ကန်.ကွက်စာတွေ ထိရောက်မှုသိပ်မရှိခဲ.ပါ။ ပြည်ပနယ်ခြားအုပ်စုများ နိုင်ငံရေး သို. စစ်အစိုးရ ဆန်.ကျင်းရေးမှာ မြေအောက် အသွင်ဆောင်၊ လှို.၀ှက်လုပ်ငန်းများ ဆိုတဲ. သူတို.ခေါင်းစဉ်နဲ.အသံလှိုင်းတွေကြားမှာ သူတို. မိုးကောင်းခဲ.ပါတယ်။ နိုင်အောင် သောင်းထွန်း ဇော်ဦးကို လုပ်ပိုင်ခွင်.တွေပေးပြီး လုပ်ချင်ရာ လုပ်ခွင်.ပြုခဲ. သူကိုယ်တိုင်က ဦး စိန်ဝင်းဖြစ်ခဲ.ပါတယ်။ ဒေါ်စု နဲ.တော. လုံးလုံးမဆိုင်ပါ။ စစ်အစိုးရ ၀မ်းသာမှာ စိုးလို. ကျူးလွန်ခဲ.သူတွေကို ကို တန်ပြန်ဖို.၊ တန်ပြန်လော်ဘီ လုပ်နိုင်တဲ.သူတွေ၊ ထိထိရောက်ရောက် စွမ်းတဲ. သူတွေကလည်း ၀ါရှင်တန် ဒီစီ ဧရိယာမှာ ရှိမနေကြပါ။ ဒီတော. -အဲဒီ. ကာလတွေ မှာ နိုင်ငံရေးအရ ဟိုဝင်ဒီဝင် လုပ်လို.ရတဲ. အဖွဲ.ဆို ပြောရရင် (အများက မနှစ်သက်သော်လည်း) political mandate ရှိသလိုလို ဖြစ်နေတာဆိုလို. သူတို.ချည်းပဲဖြစ်နေတဲ. ဒီတချက် ပါ ပါတယ်)
၂--နိုင်အောင် ဟားဗတ် တက္ကသိုလ် မှာ ၂၀၀၂ က ၀င်ခွင်.ရပြီးမှ အငြင်းခံ ၊အထုတ်ခံရတဲ. ကိစ္စ ထည်.ပြောထားပါတယ် ( သုံးသပ်ချက်--ဟားဗာ.တ် ကျောင်းကို ရောက် သွားတဲ. စာ သိပ်ထိရောက်ပါတယ်။ တချက်ထဲ သော မြှားက တချက် ပစ် တချက်ထိပါတယ်၊ ဟားဗတ် ကျောင်းဝင်ခွင်.ကော်မတီ ဘုတ်အဖွဲ.မှာ ဒီ ကိစ္စ ကို ပေါ်လာချင်းချင်း၊ ဘယ်သူက စလို.တိုင်သည်ဖြစ်စေ ၊ယဉ်ကျေးမှုမြင်.မားတဲ.ကျောင်းတကျောင်း၏တာဝန်ခံများအနေနဲ. ဘယ်လိုဖြေရှင်း ရမယ်ဆိုတာ သူတို. တက္ကသိုလ်တခု ရဲ. အဆင်.အတန်း တန်ဖိုးတွေ နဲ. အညီ သက်သေပြသွားပါတယ်။ ၂၀၀၂ မှာ ဧရာဝတီမှာ ဒီ အကြောင်းအရာကိုပဲ အင်္ဂံလိပ်လို ရေးသားခဲ.ပါတယ်။)
၃- ရော်နယ်အောင်နိုင် BBC က ၂၀၀၈ မှာ အလုပ်ပြုတ်ခြင်း ( သုံးသပ်ချက်--ထိရောက်ပါတယ်။ ဒီအရေး လှုပ်ရှားပေးခဲ.သူတွေ လိုတာချက်ချင်းမရသော်လည်း၊ ဒေါ်တင်ထားဆွေကို ဆန်.ကျင်ပြီး ပင်ပင်ပန်းပန်း အဆင်.ဆင်.တက်ခဲ. ရပေမဲ.၊ ရော်နယ်အောင်နိုင် ၂၀၀၈ မှာ ဘီဘီစီက ရင်နာနာနဲ. ထွက်ခွာ ခဲ.ရပါတယ်။ တဖန် ၂၀၁၂ နှစ် ဥိး မှာ လန်ဒန်က ထိန်လင်း သန်းကြီးမ ဆောင်းပါးအပြီး သူ.ကို အလုပ်ပေးထားတဲ. အင်တာနယူးက ရော်နယ်ကို မဖြစ်မနေ ဖယ်ရှားပစ်လိုက်ရပါတယ်။ တဖန် ၂၀၁၂ နွေ လတွေမှာ ချင်းမိုင်မှာ လုပ်မဲ. သတင်းသမားများ စီမီနာ မှာ သူ. ကို သင်တန်းဆရာ လေ.ကျင်.ရေးမှုးအဖြစ်လျာ ထားပြီးမှ၊ သူ. အမည်ပါလို. တခြား အထင်ကရ ဂျာနယ်လစ်စ်တွေကကန်.ကွက်ခဲ. တဲ. အတွက်၊ အဲုဒီ. သတင်းသင်တန်းကို ငွေပေး စပွန်စာလုပ်တဲ. အမေရီက အခြေစိုက် အန်ဂျီအို ဒါရိုက်တာက သူဆွဲခဲ.ခဲ.တဲ. အစီအစဉ်အတွက် တောင်းပန်ခဲ.ရပြီး ရော်နယ်ကို ချင်းမိုင် မှာ သင်တန်းစကာနီး လေး မှာပဲ၊ အပြင်ကဖိအားတွေကြောင်.ထုတ်ပယ်ပစ်ခဲ.ရပြန်ပါတယ်။ )
၎-- ၂၀၁၂ မှာ ဒီကိစ္စ အတွက် တရားမျှတမှုကို အများ ပြည်သူနဲ. မိသားစုတွေက တောင်းဆိုနေ ကြပါတယ်။ (သုံးသပ်ချက်--လိုချင်တဲ. အဖြေမရသေးသော်လည်း၊ ထိရောက်ပါတယ်။ အချိန်တန်လာလို.လားမသိ၊ ပြည်တွင်းပြည်ပ စာနယ်ဇင်းတွေကပါ ဖေါ်ထုတ်မှုတွေ အသီးသီး အားကောင်းလာကြတယ်။ သေချာတဲ. လူတွေက လမ်းဆုံးတဲ. အထိလိုက်မယ်၊ မတရားမှုကြီးပေါ်ကိုပေါ်ရစေမယ်လို. အာမခံထားကြတယ်၊ ဒီနှစ် စပ်ကူးမတ်ကူးကာလမှာ အစိုးရဖက်က ဖိတ်လို. ဆိုပြီး ပြည်တွင်းရောက်သွားတဲ. နိုင်အောင် နဲ. သူ. အမှုတွဲတွေကို ကို တည်တည်ငြိမ်ငြိမ်ရင်.ရင်.ကျက်ကျက် နဲ. ဆက် ဖေါ်ဆောင်လှုပ်ရှားသွားမဲ.သူတွေ အများကြီး ကျန်နေပါသေးတယ်။ ဦးးအောင်မင်းလည်း သူ. ရှုး သူပါတ်မှာ ကြောက်ပြီး နိုင်အောင်ကို ကုန်းတွင်းခရီးနဲ.ပဲ စက်တင်ဘာ တတိယပါတ်မှာ မြန်မာပြည်ကပြန်ခိုင်းလိုက်ပါတယ်။ နိုင်အောင်ပြည်တွင်းမှာ ငုတ်တုပ်ကြီး ရှိနေပါလျှက်နဲ. ဘာကြောင်. သူ.ကို အရေး မယူုနိုင်ရတာလဲ ဆိုတဲ . မေးခွန်းကို အေဘီ မြောက်ပိုင်းစခန်းမှာ အသတ်ခံခဲ.ရသူတွေရဲ. မိသားစုဝင်တွေ က မေးတဲ.အခါ ဤ.မေးခွန်းကို အစိုးရ ဖက်က မဖြေဆိုနိုင်ခဲ.ပါ။ ဒီတော. သူတို. လုံခြုံရေးမပေးနိုင်တော.တဲ. နိုင်အောင်.ကို ပဲ မဲဆောက်ပြန်ခိုင်းလိုက်ပါတယ်။)
--ဒီဆောင်းပါးမှာ ဘာတေး ရေးသားထားချက်တွေအရ၊ ဒေါက်တာနိုင်အောင်၊ ရော်နယ်အောင်နိုင် အစသဖြင်. ကျူးလွန်သူများဘက်က ပြန်ရခဲ.တဲ. ပြစ်ဒဏ်ပမာဏနဲ. ထိရောက်မှု ရှိမရှိ ကို ကျမ မြင်တဲ.အတိုင်း ကိုယ်.အယူအဆနဲ.ကိုယ် အလွတ်ပြောခြင်းမျိုးပါပဲ။ ဒီကိစ္စနဲ.ပါတ်သက်ပြီး အမေရီကမှာ လွတ်လပ်ပွင်.လင်းနေပြီး အများသူငါပါဝင် လို. ရတဲ. Open Campaign လုပ်လို.ရမဲ. အချိန်သင်.ပြီလို. ထင်ပါတယ်။
ကဲ၊ တော်လောက်ပြီ။ ပြည်.စုံပြီးသား ဘာတေးလင်.နာ ဆောင်းပါးကို သုံးသပ်ရတာ၊ သိပြီးသားတွေအတွက် မလိုပါဘူးလို. ဆို နိုင်ပေမဲ.၊ သူ. မူရင်းကို ဖတ်ကြပါ၊ ဖတ်ပါ၊ဖတ်ပါလို. အထူးတိုက်တွန်းချင်ပါတယ်။ သူ.ဆောင်းပါးက ငြင်းမရတဲ. အချက်တွေ ကို ယူသုံးပါ။ လုပ်လို.ရတာ တွေကို အားလုံးက ကျွမ်းကျင်စွာ ၊သပ်ယပ်စွာ မကြွားမ၀ါပဲ၊ ရိုးသားစွာ လုပ်နိုင်ကြပါစေ။ ဘာတွေ လုပ်ကြရမလဲ လို.ဆိုရင် -- လွတ်လပ်ပြီး ၊တရားမျှတမှုကို တန်ဖိုးထားတဲ. တက်ကြွစွာ အလုပ်လုပ်နိုင်တဲ. လူသားတွေ အနေနဲ.၊ ဆိုင်ရာအစိုးရတွေနဲ. အဖွဲ.အစည်းတွေကို မေးခွန်းထုတ်ပါ လို.ပြောချင်တယ်။ စနစ်တကျ ရေးသား၊ ဇွဲကြီးကြီး နဲ. တိုင်ကြားကြပါ။ သူတို. အဖြူတွေ အကြောင်းပြန်မှာ မဟုတ်ဘူးဆိုတဲ.၊ ဆင်ခြေနဲ. ဘာမှ မလုပ်ပဲ ထိုင်မနေပါနဲ.။ လမ်းကြောင်းမှန်ပြီ ဆို မိမိဖက်က ဇွဲ ကြီးကြီးနဲ. လုပ်ဖို.သာ လိုအပ်တယ်။ လူသတ်သမားတွေက မျက်နှာပြောင်တိုက်ခဲ.တယ်။ သူတို.ကို အရေးယူနိုင်ဖို.ဝေးစွ၊ ယဉ်ကျေးပါတယ်ဆိုတဲ. နိုင်ငံကြီးတွေက အဖွဲ. အစည်းကြီးတွေ နဲ. သူတို. အတွင်းစည်း လူအချို.ကပင် သူတို.ကို အကူအညီတွေပေးခဲ.တယ်။ အမှန်ကတော. အဆိပ်ပင် ရေလောင်းတာပါပဲ။ ဘာကြောင်. ဆိုတာ လူတိုင်းက၊ အထူးသဖြင်. ဒီနိုင်ငံမှာ ၀င်ငွေခွန်ပေးနေတဲ.သူတွေက သူတို.အစိုးရတွေကို မေးခွန်း ထုတ်ရဲ မေးရဲ စိမ်ခေါ်ရဲ ရပါမယ်။
နောက်ဆုံး အတွေးတစ
စဉ်းစားကြည်.ပါတယ်။ ကျူးလွန်ခဲ.သူတွေပဲ သိပ်တော်နေတာလား။ အတွေးအခေါ်အရ၊ ရပ်တည်ချက်အရ မခံနိုင်ဘူး၊ ဒီလောက်အမှားကြီး ကို တုန်.ပြန်ရမယ် လို.ဆိုတဲ.သူတွေပဲ ညံ.ဖျင်းနေတာလား။ နှစ် ၂၀ ကျော် တချက်လှမ်းပြန် ကြည်.ရင်၊ ဘာမှန်းမသိရတဲ. ပလပ်စတစ် အတောင်ပံတွေနဲ. သူတို. ပျံသန်းရပ်တည်နေတာ ကို အများက ဖာသိဖာသာ နေတာလား။ ကြိုက်လို. လက်ခံထားတာလား။ သူတို.ကို မိမိရရ တားသူဆီးသူ ကန်.သတ်သူတွေ မရှိလေတော.၊ ဒီလူတွေကပဲ သူ.မျက်ခုံး ၊ ကိုယ်.မျက်ခုံးမွှေးမှာ လာနား။ ဒီလိုဆို-သူတို.မှာ လိပ်ပြာ ဒါမှမဟုတ် ကိုယ်စောင်.နတ်ဆိုတဲ. အရာတွေ မပါလို.လား။ တဖက်မှာလည်း-- သူတို.ကို ပြန်ထိန်းချုပ် စရာက ငါ.တာဝန်မဟုတ်ဘူး။ ငါနဲ.မဆိုင်ဘူး။ ငါလုပ်စရာမလိုဘူး လို. အများက ဒီကျူးလွန်မှုကြီးအပေါ် တစစနဲ. သွေးအေးသွားခဲ.ကြရင်၊ မတရားတဲ.နည်းတွေသုံးပြီး သူတို. ရှင် သန်နေခြင်းမှာ သူတို. ရဲ. ရေသောက်မြစ်တွေကို ကိုယ်.ဖက်က ထိထိမိမိ မဖြတ်နိုင်ခဲ.တဲ. ညံ.ဖျင်းမှုတွေလည်းပါတယ်ဆိုတာ၊ အမှန်တရားကို ကြိုက်လှပါတယ်ဆိုတဲ. သူသူငါငါ အားလုံးက ၀န်ခံ ရပါလိမ်.မယ်။
ကျေးဇူးပါ။
အေးအေးစိုးဝင်း
အောက်တိုဘာ ၃၁ ၂၀၁၂
Aye Aye Soe Win
http://www.atimes.com/atimes/Southeast_Asia/NK01Ae01.html
Asia Times Online :: Myanmar: Old atrocity, new implications
www.atimes.com
Asia Times Online. The Asia News Hub providing the latest news and analysis rega...See More
Monday, October 8, 2012
တော်လှန်ကော်မီတီရှင်းတမ်း
တော်လှန်ကော်မီတီရှင်းတမ်း
၁။၁၉၉၀ခုနှစ်ထဲမှာမကဒတအတွင်းတွင်တော်လှန်ကော်မီတီလှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပါသည်။
၂။တော်လှန်ကော်မီတီသည်မကဒတအားအာဏာဖီဆန်သော၊
တန်ပြန်အာဏာသိမ်းသောကော်မီတီမျိုးမဟုတ်တာအားတွေ့ ရပါသည်။
၃။တော်လှန်ကော်မီတီသည်မကဒတ၏လက်နတ်ကိုင်တော်လှန်ရေးသန္ဓေအား ဖျက်ချရန်နှင့်
စေ့စပ်ရေးအချောင်သမားအတွေးအခေါ်ဖြင့်ရန်သူကိုမျက်စပစ်ပြနေသော
ဗဟိုဦးဆောင်မှုအခန်းကဏ္ဍမှကျောင်းသားခေါင်းဆောင်အရေခြုံလူတစု အားပြတ်ပြတ်သားသားဆန့် ကျင်ခဲ့ပါသည်။
၎။သို့ သော်လည်းတော်လှန်ကော်မီတီသည်ဖောက်ပြန်ရေးဝါဒီများအားအပြီး သတ်မရှင်းထုတ်နိုင်ခဲ့သဖြင့်
မကဒတသမိုင်းသည်လူယုတ်မာတစုကြောင့်ညစ်နွမ်းခဲ့ရပါသည်။
၅။ထို့ အတူပင်တော်လှန်ကော်မီတီမှာပါဝင်ခဲ့သောကိုဇော်ထွန်း၊ကိုမျိုးသန့် တို့  ကိုလည်း
ကွန်မြူနစ်၊ရန်သူဒလံအစရှိသည့်သွေးထိုးစကားများဖြင့်မဟာမိတ်
(ကေအင်န်ယူ)အားလှူံဆော်ခဲ့မှုများကြောင့်လူမသိသူမသိလုပ်ကြံခံရပါသည်။
အလားတူပင်စာရေးဆရာနိုင်ဝင်းဆွေလည်းပျောက်ဆုံးသွားခဲ့ပါသည်။
၆။တော်လှန်ကော်မီတီနှင့်ပက်သက်ပြီးကာယကံမြောက်ပက်သက်ခဲ့သော
မိုးသီးဇွန်သည်လည်းစေ့စပ်ရေးအတွေးအခေါ်ဖြင့်၂၀၀၈ဖွဲ့ စည်းပုံအောက်မှာ
ဒူးထောက်သွားခြင်းကိုကျဆုံးသွားရသည့်ရဲဘော်များမှမြင်တွေ့ ပါက ကျိန်န်စာတိုက်နေမှာဖြစ်ပါသည်။
ဒေါင်းနှင့်ကျီးခွဲခြားမြင်နိုင်ပါစေ
စစ်အောင်
Saturday, September 29, 2012
မေသင်္ကြန်ဟိန်းနှင့် ကိုဌေးနိုင်မိခင်၊နှမတို့
မေသင်္ကြန်ဟိန်းနှင့် ကိုဌေးနိုင်မိခင်၊နှမတို့
အမေ့ မျက်နှာပေါ်က အဓိပ္ပါယ်
by Htay Tint on Sunday, September 30, 2012 at 3:55am ·
တိုင်းပြည်အတွက် အသက်စွန့် သွားကြတဲ့
ပြည်ပက သားတို့ တတွေ အိမ်ပြန်ဖို့  အထုတ်ပြင်ဆင်ချိန်မှာ
အမေ့သားငယ် ဌေးနိုင် မပါခဲ့တာ အမေနားလည်ခဲ့တယ် ။
ပွင့်လင်းလာတဲ့ လူ့ အဖွဲ့ အစည်းနဲ့ အတူ လူလူချင်း ဆက်သွယ်တဲ့
နည်းပညာတွေ မီဒီယာတွေ မိနစ် အတွင်း တိုးတက်လာခဲ့တယ် ။
ရိုးသားဖြောင့်မတ်တဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့  ၈၈က ထွက်သွားခဲ့တဲ့ အမေ့သား
အငတ်ဘေး စစ်ဘေး ငှက်ဖျားဘေး တွေကို တော်လှန်ရေးအတွက် ကျော်ဖြတ်နိုင်ခဲ့တယ် ။
မှန်တာလုပ် ဟုတ်တာပြောခဲ့လို့  မုန်းတဲ့သူလည်း အမေသားကို မုန်းခဲ့ကြတယ် ။
သူငယ်ချင်း တသိုက် အတွက်လည်း အချုပ်ထဲမှာ ခေါင်းငိုက်စိုက်နဲ့ အိပ်ခဲ့ဖူးတယ် ။
အများကရွေးချယ် ဗဟိုကော်မီတီနေရာကိုလည်း မဝယ်ဘဲလုပ်ခဲ့ရတယ် ။
အတွေးအခေါ်တွေ လွန်ဆွဲ ကျောင်းသားတပ်တွေ ပြန့် ကြဲသွားချိန်မှာ
ကျောင်းသားတပ်ဦး ဒူးမထောက်ဖူးတဲ့ ။ ရှိတဲ့ ကျောင်းသား စုစည်းကြနဲ့ 
ပေးတဲ့ တာဝန် အမေ့သားငယ် ကျေပြွန်ခဲ့တယ် ။
လူအကြောင်းပေါင်းမှသိ ။ ခေါင်းဆောင်အကြောင်း ကြာညောင်းမှသိခဲ့တဲ့ အမေ့သားငယ်
ဥက္ကဌခေါ်လို့  လာခဲ့ပါတဲ့။
ကျောင်းသားတပ်မတော် စစ်ဦးစီးချုပ် အမျိုးပါ အဖြုတ်ခံလိုက်ရတယ် အမေရယ် ။
ညီအကို ၂ ပါး ထောက်လှမ်းရေးအမည်နဲ့ ညားခဲ့ရတယ် အမေ ။
နှိပ်စက်ဖန်များလာတော့ ခြေတွေကျိုး လက်တွေကျိုးနဲ့ 
အမေ့သားငယ် တက္ကသိုလ်ကျောင်းသားအရွယ်က စင်စစ်က
စစ်ထောက်လှမ်းရေးဖြစ်သွားတယ် အမေရယ် ။
ဝန်ခံတဲ့ ဗီဒီယိုရိုက်ချက် ဝါးရင်းတုတ်ထက် နာကျင်တဲ့ ရိုက်ချက်ကတော့
နိုင်ငံတကာက လာသမျှလူကို အမေ့သားငယ် ရန်သူပါလို့ 
သားသတ်သမားတွေက ဂုဏ်ယူဝင့်ကြွား ပြသခဲ့တယ် ။
လူတွေ့ တောင်းဆို စစ်ဆေးမယ်ဆိုတော့
ကျိုးကန်းနေတဲ့ အမေ့သား လူကြားထဲ ဘယ်လိုခေါ်သွားကြမလဲ ။
ဒေဝတ်ဥာဏ်သာသာ ဆေးကျောင်းသား လက်စွမ်းပြတာကတော့ အသေထွက်တဲ့ ။
အရှင်ထွက်ဖို့  လူစားထိုးပြီး နိုင်ငံတကာကို ဟိုးဟိုးကျော်အောင် ကျေညာလိုက်တယ် ။
အားမရှိတော့တဲ့ အမေ့သားငယ် ကိုယ့်ကိုကိုယ် သတ်သေသွားတယ်တဲ့ ။
ပိပိရိရိ မလိမ်တတ်တဲ့  ကျီးကန်းတအုပ်ကြောင့်
အချိန်တန် အိမ်ပြန်လာမဲ့ သားတွေကိုမျှော်နေတဲ့ အမေ
အနှစ် ၂၀ ကျော် မမြင်ဖူးတဲ့
အမေ့မျက်နှာမှာ
အခြားအမေတွေနဲ့ မတူတဲ့
ကြေကွဲမှုတွေ
နောင်တတွေ
ဒေါသတွေ
ဝမ်းနည်းမှုတွေ
ခါးသီးမှုတွေက
ရင်ထဲက ဒဏ်ရာတွေရဲ့ 
အသီးအပွင့်တွေပါလား အမေရယ် ။
Friday, September 28, 2012
မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း - ( ၄ )
မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း - ( ၄ )
by Ko Lin Wai Aung on Friday, September 28, 2012 at 3:36pm ·
ရှစ်လေးလုံး( ၃ )နှစ်ပြည့် အခမ်းအနားနှင့် ဖမ်းဆီးမှုများ၏အစ
ကျွန်တော်ဗဟိုကို ၁၉၉၁ခုသြဂုတ်လဆန်းမှာ ပြန်ရောက်ပါတယ်….ရှစ်လေးလုံး( ၃)နှစ်ပြည့်အခမ်းအနား အတွက်ပြင်ဆင်နေကြပါပြီ….ကိုတင်မောင်အေး(ခ)ကိုအားဆိုက်နဲ့သတင်းပြန်ကြားတဲမှာ နေပါတယ်…
အခမ်းအနားမှာ ကဗျာ၊ကာတွန်း၊စာစီစာကုံး၊ဆောင်းပါးပြိုင်ပွဲနဲ့ နံရံကပ်စာစောင်ပြပွဲလုပ်ဘို့ တာဝန်ယူရတယ်… နောက်တစ်ခုကအခမ်းအနားမှာ ဗဟိုကော်မတီကတင်သွင်းမဲ့ “ လက်နှက်ဖြင့်အာဏာတည်ဆောက်ရေးလမ်းစဉ် ”
စာတမ်းကို အပိုင်းလိုက် ရေးဘို့တာဝန်ယူရပါတယ်… ကျွန်တော်တာဝန်ယူရတဲ့အပိုင်းက ကုန်းဘောင်ခေတ် ကာလအပိုင်း ကိုရေးရပါတယ်… အဓိကရေးရတာက အားနဲချက်နဲ့ဆိုးကျိုးတွေကို ရေးကြရတာပါ…
ဗဟိုမှာထူးခြားနေတာတစ်ခုက….ရှစ်လေးလုံးအခမ်းအနားမှာ အစားအသောက်တွေထဲ အဆိပ်ခပ်လိမ့် မယ်ဆိုတာပါ…ဘယ်သူတွေကပြောနေလဲဆိုတော့ ထောက်လှမ်းရေး အဖွဲ့တွေပါဘဲ…ကိုအောင်နိုင်က လည်း ဒီကိစ္စကိုအလေးအနက်ထားတာတွေ့ရတယ်… အဲဒီနေ့မှာပွဲပြီးရင် ဧည့်သည်အဖွဲ့အစည်းတွေကို ထမင်းကျွေးဘို့စီစဉ်ထားတာပါ…. မီးဖိုကြီး ထဲကို တာဝန်မရှိဘဲ ဘယ်သူမှမ၀င်အောင်လုပ်ဘို့ စီစဉ်နေတာ မှတ်မိတယ်…နောက်တစ်ခုက ရင်း(၅၀၁) ကကိုသိန်းထွန်းတို့ တောင်ပိုင်းကိုပြန်ဘို့လုပ်နေကြတယ်ဆိုတဲ့ ကိစ္စပါ… ဥက္ကဋ္ဌကိုထွန်းအောင်ကျော်က ခွင့်ပြုလိုက်လို့ ကိုယ့်အစီစဉ်နဲ့ကိုယ် လမ်းကြောင်းရှာပြီးပြန်ဘို့ လုပ်နေတယ်ဆိုတာသိရတယ်…
၅.၈.၁၉၉၁ နေ့မနက်ပိုင်းကိုသိုက်ထွန်းဦးတို့ LECTURE HALL ကိုပြင်ဆင်နေကြတယ်…ကျောက်တုံးတွေ
ခင်းနေကြတယ်…ကျွန်တော့်ကိုတွေ့တော့ လက်ကနာရီကိုချွတ်ပြီး ခဏယူထားပေးဘို့ပြောတယ်… ကျွန်တော်
လည်းလက်မှာပတ်ထားလိုက်ပြီး သတင်းပြန်ကြားတဲထဲမှာလုပ်စရာရှိတာလုပ်နေလိုက်တယ်… ညနေကျမှ ကိုသိုက်ထွန်းဦးနဲ့အတူနေတဲ့ စိုးမင်းအောင်ကိုတွေ့လို့ ကိုသိုက်ကိုပေးလိုက် ဆိုပြီးနာရီကို ချွတ်ပေးလိုက်တယ်..
နောက်နေ့မှသိရတာက စိုးမင်းအောင်တပ်ကထွက်ပြေးသွားတယ်ဆိုတာပါဘဲ…. ရှားဟော့ပါ(KIA)ရွာက
မနှင်းမေဆီမှာနာရီကိုဝင်ရောင်းသွားတယ်ကြားတယ်…မနှင်းမေက ငွေနဲနဲကူညီလိုက်တယ်ကြားတယ်… မနှင်းမေ
ဆိုတာက KIA ဗိုလ်မှူးစွန်လွတ်ဂမ်ရဲ့မိန်းမပါ… (ယ္ခုKIA ပညာရေးတာဝန်ခံ ဗိုလ်မှူးကြီးစွန်လွတ်ဂမ်)
မနှင်းမေကဘာမှမသိဘဲကျောင်းသားမှန်ရင် အကုန်ကူညီတတ်တယ်…ဘာမှလဲမေးတာမရှိဘူး…လာသမျှ
အခက်အခဲ တတ်နိုင်သမျှ ကူညီတတ်သူပါ….
အဲဒီကိစ္စမေ့ထားပြီးပွဲအတွက်လုပ်စရာရှိတာတွေဆက်လုပ်ဖြစ်ပါတယ်…ဒီရက်ပိုင်းဦးစိန်ကျန်းမာရေးသိပ်မ
ကောင်းတာတွေ့ရတယ်…ဆေးသွင်းနေရတယ်…ကိုစိုးလင်းတောင်ပိုင်းကို ထွက်သွားရတဲ့အတွက် နိုင်/စည်းဋ္ဌာန
ကို တွဲကိုင်နေတာသိရတယ်…
ကြားထဲမှာကိုထွန်းအောင်ကျော်ကိုမေးခဲ့တာတစ်ခုရှိပါတယ်…ဒုစစ်ရေးတာဝန်ခံ(VCS)ကို ဘယ်သူတွေက
ဆုံးဖြတ်ပေးခဲ့ကြသလဲဆိုတာကိုပါ…ကိုသံချောင်းမျက်လုံးနဲ့လက် ထိထားတဲ့အတွက် လိုအပ် တယ် ထင်လို့ CEC ကဆုံးဖြတ်ပြီး တာဝန်ပေးခဲ့တာလို့ပြောပါတယ်… လက်တွေ့ကျတဲ့အတွက်ဘာမှမပြောခဲ့တော့ဘူး….
ကိုမျိုးဝင်းဖြစ်နေတဲ့အတွက် သိပ်တော့ဘ၀င်မကျခဲ့ပါဘူး…
ဗဟိုမှာကအဲဒီအချိန် လူတော်တော်စုံနေပါပြီ…ကိုသံချောင်းတော့မရောက်သေးဘူး…. ရင်းမှူးအောင်သန်း
ကဗန်းမော်ခရိုင်မှာပါ…ကိုညီညီကျော်(ဗန်းမော်ခရိုင်မှူး)နဲ့ကိုမျိုးဝင်းတို့လည်း(၇.၈.၁၉၉၁)နေ့မှာ ရောက်လာကြ
ပါပြီ….ဗန်းမော်ခရိုင်ကနေလာခဲ့ကြတာပါ…ကားမဆန့်လို့ဘဲလေးဆိုတဲ့ ရဲဘော်ကို ရွှေလီမှာထားခဲ့တယ်လို့
သိရတယ်…
နောက်ပိုင်းမှာပြန်သိရတာက ကိုမျိုးဝင်းက မိုင်းတာရွာ(ရွှေလီနှင့်ယင်ကျန်းကြား)မှာ ကားခဏရပ်ပြီး (၁၂.၂.၁၉၉၂) နေ့မှာသုံးခဲ့တဲ့ဓါးကို ၀င်ဝယ်ခဲ့တာလို့သိရတယ်… မိုင်းတာဆိုတာမြန်မာလိုဆိုရင် ပန်းပဲလုပ်တဲ့ရွာ
လို့အဓိပ္ပါယ်ရပါတယ်…ကိုညီကျော်ကအဲဒီတုံးက ကိုမျိုးဝင်းနဲ့အတူလိုက်လာခဲ့တာပါ…အသေးစိတ်ကိုပြောပြနိုင်
မှာပါ…
ကိုထွန်းအောင်ကျော်တဲမှာ မန္တလေးက ကိုချိုကြီး၊ကိုအောင်မင်းနဲ့တစ်ချို့ရောက်နေတာလဲ သိရပါတယ်…
(၈.၈.၁၉၉၁)နေ့မှာတော့ရှစ်လေးလုံး(၃)နှစ်ပြည့်အခမ်းအနားကိုအောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပါတယ်.
အဖွဲ့အစည်းတော်တော်များလည်းတက်ရောက်ခဲ့ကြပါတယ်…ဗဟိုကော်မတီကတင်သွင်းတဲ့ လက်နှက်ဖြင့် အာဏာတည်ဆောက်ရေး လမ်းစဉ် စာတမ်းကိုတင်သွင်းဖတ်ကြား ခဲ့ကြပါတယ်….
မှတ်မိတာတစ်ခုက ကျဆုံးအလေးပြုလုပ်နေချိန်မှာ ဦးစိန် မူးလဲသွားလို့ သူ့တဲကိုထမ်းပြီးပို့ပေးခဲ့ရတာပါ…
ညပိုင်းမှာ စာစီစာကုံး၊ကဗျာ၊ဆောင်းပါး၊ကာတွန်းပြိုင်ပွဲတွေအတွက် ဆုပေးပွဲလုပ်ပါတယ်… ဆုရွေးချယ်တဲ့ကိစ္စကို သူ့ကိုမတင်ပြဘဲလုပ်တယ်ဆိုပြီး ကိုအောင်နိုင်ပြောခဲ့တာမှတ်မိတယ်… ဦးစိန်နဲ့ ကျွန်တော့်ကိုတာဝန်ပေးထားတာမို့ မလိုဘူးလို့ယူဆပါတယ်… ညဘက်တီးဝိုင်းအဖွဲ့တွေက သီဆို တီးမှုတ် ကြတယ်…..
ရှစ်လေးလုံး(၃)နှစ်ပြည့်ပွဲအပြီးမှာဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့မကဒတ(မပ)ဟာရှေ့ခရီးအတွက် အားမာန် အပြည့်နဲ့ ရှိနေခဲ့ပါပြီ…
မြန်မာပြည်အထက်ပိုင်း လူငယ်ကျောင်းသားထုအတွင်းမှာသော်လည်းကောင်း၊အခြားလက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းများမှလည်းကောင်း အသိအမှတ်ပြုမှုနဲ့ ယုံကြည်လေးစားခံရတဲ့အနေအထားကို ရောက်ရှိ
နေပြီလို့ သုံးသပ်မိပါတယ်…
တစ်ညမှာ ကိုအားဆိုက်(ခ)ကိုတင်မောင်အေးနဲ့ကျွန်တော် သတင်းပြန်ကြားတဲမှာ မအိပ်သေးဘဲ စကားပြောနေကြတယ်…၁၀း၃၀လောက်ဖြစ်မယ်…ဧည့်ခန်းကိုကျော်လာပြီး အခန်းဝမှာ ကိုမျိုးဝင်းဘွားကနဲ
ပေါ်လာပြီးရပ်နေတယ်…ဘာမှမပြောဘဲပြန်ထွက်သွားတယ်…လာကတဲကခြေသံမကြားအောင်ဝင်လာတာပါ…
နောက်ကနေကျွန်တော်လိုက်သွားတယ်…တဲအပြင်အပေါက်ဝအမှောင်ထဲမှာ စကားတခွန်းပြောသွားတယ်. ငါကညဘက်ကျမှ အပြင်ထွက်တာတဲ့ ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတာ သိရအောင်လို့တဲ့….
အဲဒီတုံးက သူပြောတဲ့အဓိပါယ် နားမလည်ခဲ့ဘူး…
နောက်တစ်ခုက ကိုမျိုးဝင်းတရုပ်ပြည်ကပြန်လာတုံးက ငွေရောင်ဓါးတစ်လက်ဝယ်လာပြီး တသသ လုပ်နေတယ် ဆိုတာ ကြားတယ်… တစ်ချို့ရဲဘော်တွေဒီကိစ္စပိုသိတာရှိပါတယ်…
ရှစ်လေးလုံး(၃)နှစ်ပြည့်ပွဲအပြီး (၅)ရက်လောက်မှာ ကိုမျိုးဝင်း၊ကိုအောင်နိုင်တို့က စာရွက်တစ်ရွက်နဲ့ ရေးထားတဲ့ လူစာရင်းတစ်ခုကိုပြတယ်….ကိုမျိုးဝင်းတဲမှာပါ….ဘေးမှာထလရတာဝန်ခံသန်းဇော်၊ကိုညီညီကျော်၊
ကိုလှဆိုင်းတို့လည်းရှိတယ်…ဇော်ဇော်မင်း(ထလရ)လည်းရှိတယ်….ကိုသိုက်ရှိနေတယ်လို့တော့ ထင်တယ်….
ထောက်လှမ်းရေးတွေလို့ စိုးမင်းအောင်က ပြောထားတဲ့သူတွေတဲ့…..လူ၄၀ကျော်တယ်….
ကျွန်တော့်နာမည် ဦးစိန်နာမည် ကိုတင်မောင်အေး(ခ)ကိုအားဆိုက်နာမည် ပါနေတာလည်း တွေ့တယ်…. အဲဒီကိစ္စကို ခေါင်းထဲကိုအရေးတကြီး ထည့်မစဉ်းစားမိခဲ့ဘူး…
ကျနော်က ရီပြီး ဟုတ်သလားလို့ပြောခဲ့တာ မှတ်မိတယ်….စိုးမင်းအောင်တပ်ကပြေးတယ်…ရွှေလီမှာရဲဘော်တစ်
ယောက်(ဘဲလေး)ကတွေ့လို့ ချော့ပြီး ဗန်းမော်ခရိုင်ခေါ်သွားတယ်…..ထုံးစံအတိုင်းစစ်မေးပြီး ကြိမ်ဒဏ်၊အလုပ်
ကြမ်း(ထင်းဖြတ်) ခိုင်းမယ်…အဲဒီလောက်ပဲ တွေးထားတယ်…..ဒီလူစာရင်းတွေကို ကိုအောင်နိုင်၊ကိုမျိုးဝင်းတို့
အလေးထားခဲ့လိမ့်မယ်လို့လုံးဝမထင်ခဲ့ဘူး…..ဗန်းမော်ခရိုင်မှာ စိုးမင်းအောင်ကို ရင်းမှူးအောင်သန်းနဲ့ထလရ
ကအောင်စိုးမြင့်တို့ကစစ်ဆေးတယ်ဆိုတာ နောက်မှသိရတယ်….. ခရိုင်မှူးကိုညီညီကျော်ကဗဟိုကို အခန်းအနား
တက်ဘို့ရောက်နေပါတယ်…..
ဗန်းမော်ခရိုင်နဲ့ချိတ်ဆက်ပြီးကိုမျိုးဝင်း၊ကိုအောင်နိုင်၊ကိုလှဆိုင်းနဲ့ထောက်လှမ်းရေးတွေလုပ်နေကြတာပါ.ကိုထွန်းအောင်ကျော်(ဥက္ကဋ္ဌ)ကိုတောင် တိုက်ရိုက်တင်ပြပြီး လုပ်နေတာ မဟုတ်ပါဘူး….ဗဟိုကော်မတီဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့ကြတာမဟုတ်ပါဘူး……
သြဂုတ်လ၁၁-၁၂လောက်မှာ ဖမ်းဆီးတာတွေစတင်တယ်လို့မှတ်မိပါတယ်…သြဂုတ်လတတိယပတ် လောက်မှာ ၁၀ယောက်ကျော်လောက်ဖြစ်နေပါပြီ…..မှတ်မိတာတွေက ရန်အောင်၊ကျော်ကျော်မင်း၊၀င်းမြင့်၊ ကိုကျော်ဝေ၊ ကိုကျော်ဋ္ဌေး၊သိန်းနိုင်ချိုတို့ပါ….အဲဒီအချိန်အထိ ဖမ်းတာဆီးတာ အမိန့်ပေးတာ…စစ်ဆေးတာ…ကို အတွင်းရေးမှူး(၃)ယောက် နဲ့ ထလရတာဝန်ခံသန်းဇော်၊ ဇော်ဇော်မင်းနဲ့ ထလရအဖွဲ့ဝင်တွေကလုပ်ပါတယ်….. ထောက်လှမ်းရေးအဖွဲ့ကိုတိုက်ရိုက်ကွပ်ကဲတာက အတွင်းရေးမှူး(၁)နဲ့ ဒုစစ်ရေးတာဝန်ခံဖြစ်တဲ့ ကိုမျိုးဝင်းပါ.. လုံခြုံရေးလုပ်ပေးတာက ကွန်မန်ဒိုအဖွဲ့ကတစ်ချို့နဲ့ တာဝန်ကျရဲဘော်တွေဖြစ်ပါတယ်….. ဖမ်းထားတဲ့ထဲကတစ်ချို့က ၀န်ခံကြတယ်လို့လဲကြားတယ်…မသက်ဆိုင်သူတွေ ဘာမှသိခွင့်မရှိပါ…..ကျနော်
ကိုညီညီကျော်၊ ကိုစိန်အေးတို့ အဲဒီအချိန်က ဖမ်းထားသူတွေကို လစ်ရင်လစ်သလို ၀င်ကြည့်နေရတဲ့အချိန် ဘဲရှိပါသေးတယ်…..
တစ်ရက်မှာကိုအောင်နိုင်၊ကိုမျိုးဝင်းတို့က KIA ကဧည့်သည်တွေလာမှာမို့ ခရိုင်မှူးတွေမေးပေးပါလို့ပြော
တယ်…ကျနော့်ကို ၀င်းမြင့်ရဲ့ထွက်ချက်စာရွက်ပေးတယ်…. A4 စာရွက်တစ်ရွက်စာ ရေးထားတာပါ…. နာမည်၊အသက်၊နေရပ်၊နဲ့သတင်းပေးဖြစ်ကြောင်းပြောတာကို ရေးထားတာပါ…မှတ်မိနေတာက ထန်းတပင်(ဇီးကုန်း) ဇာတိ၊ ရဲတပ်ကြပ်ကြီးကခိုင်းတယ်…. သတင်းပေးလုပ်တဲ့အတွက် အိမ်မှာမီတာတစ်လုံး တပ်ပေးတယ်ဆိုတာပါဘဲ…သိပ်အများကြီးမပါဘူး…..
ကျနော်အတွက်ကတော့ဒီအလုပ်က တစ်မျိုးထူးဆန်းပါတယ်…ဒါမျိုးလည်းမကြုံဘူးပါ… မေးမယ်ဆိုပြီးKIA ဧည့်သည်(၃)ယောက်နဲ့အတူ စစ်ရုံးထဲမှာ ၀င်းမြင့်ကိုမေးပါတယ်… ၀င်းမြင့်က ဒဏ်ရာဒဏ်ချက်မရှိပါ…ထလရမှာ ဘာမှမလုပ်ဘဲပထမဆုံးဝန်ခံသူလို့ ပြောတာသိထားပါတယ်…..စာမေးသလိုပါဘဲ….သူကလည်းအလွတ်ကျက်
ထားသလားထင်ရအောင် အစအဆုံး ကွက်တိပြန်ဖြေပါတယ်….၁၅မိနစ်လောက်ပဲကြာတယ်…..KIA ကဘာမှ ၀င်မမေးပါ… လေ့လာတဲ့သဘောနဲ့လာတာပါ….ရိုက်လဲမရိုက်၊ဟောက်လဲမဟောက်ဘဲ ပြီးသွားတယ်…KIA တွေ
လည်းပြန်သွားကြတယ်…ကျနော့်အတွက်လည်း ဘာမှန်းမသိတဲ့….. ဆုံးဖြတ်ချက်မချနိုင်တဲ့ အလုပ်တစ်ခုပြီး သွားတယ်….စစ်ချက်စာရွက်ကိုဒီအတိုင်းပြန်ပေးလိုက်တယ်….ဘာမှတ်ချက်မှရေးမပေးခဲ့ပါ…..
ဒီလိုနဲ့တတိယပတ်လောက်မှာ ဖမ်းဆီးမှုတွေဆက်ရှိလာပြီး ၁၅ယောက်လောက်ရှိလာတယ်ထင်ပါတယ်…
ရဲဘော်တွေထဲကတစ်ချို့စိုးရိမ်မှုတွေရှိလာပါပြီ….ကိုထွန်းအောင်ကျော်ဆီရောက်နေကြတဲ့…ကိုချိုကြီး၊ကိုညီညီတို့
ကကိုထွန်းအောင်ကျော်ကို သတိပေးမှုတွေရှိလာပါပြီ….ကိုညီညီကျော်နဲ့ကျနော်တို့က ဗဟိုကော်မတီအစည်းဝေး
ခေါ်ဘို့ ပြောကြပါတယ်….ကိုမျိုးဝင်းနဲ့ကိုအောင်နိုင်တို့ကမလိုပါဘူးဟုဘဲတွင်တွင်ပြောပါတယ်….ကိုညီညီကျော် က ဗန်းမော်ခရိုင်ပြန်မည်ဟုပြောရာ မပြန်ရန်တားတာမှတ်မိပါသည်….
ကိုထွန်းအောင်ကျော်အနေနှင့်လည်း အကျဉ်းအကြပ်ထဲရောက်နေပါပြီ….ကျနော၊်ကိုညီညီကျော်တို့လည်း
ဘေးထွက်နေရသည့်အခြေအနေ ဆိုက်နေပါပြီ….ဥက္ကဋ္ဌအနေနှင့် စစ်စရာရှိတာစစ်၊မေးစရာရှိတာမေးပြီးအားလုံးပြီး သည်နှင့်ထောက်လှမ်းရေးဖြစ်ခဲ့တောင်မှ ပြန်လွှတ်မည်ဖြစ်ကြောင်း သဘောထားပေးခဲ့ပါသည်….
သြဂုတ်လ(၂၀) လောက်ဟုထင်ပါသည်…. ကျနော်၊ကိုညီညီကျော်၊ကိုစိန်အေးတို့ပါဂျောင်ချောင်းဘက်မှ ပြန်လာကြစဉ်..ရဲဘော်တစ်ဦးမှလာခေါ်ပါသည်… ဥက္ကဋ္ဌမှအရေးတကြီးတွေ့ချင်၍ အပေါ်တက်ခဲ့ပါဟုပြောပါသည်…
ဥက္ကဋ္ဌတဲရောက်တော့ ကိုထွန်းအောင်ကျော်က ပြောပါတယ်… စစ်ဆေးချက်တွေအရ ဦးစိန်နဲ့ ကိုတင်မောင်အေး(ခ) ကိုအားဆိုက်ကို စစ်ဆေးဘို့လိုကြောင်း ဖမ်းဆီးဘို့လိုကြောင်း တင်ပြလာတဲ့အတွက် သူခွင့်ပြုလိုက်ကြောင်း၊ မောင်ရင်တို့အနေနဲ့စိတ်ထဲမှာ ဒွိဟသံသယဖြစ်မှာစိုးလို့ ခေါ်ပြောတာဖြစ်ကြောင်း ပြောပါတယ်….
ကျနော်တို့ဥက္ကဋ္ဌကိုလေးစားပါတယ်….သူအကျဉ်းအကျပ်ထဲကနေ အကောင်းဆုံးလုပ်နိုင်မယ်လို့ ထင်မိ
ပါတယ်…..ဗဟိုကော်မတီ၂ယောက် ပါလာပြီဆိုတော့ သိပ်မဟုတ်တော့တာသိနေပါပြီ….တစ်ခုခုကိုဆုံးရှုံးရတော့ မယ် ဆိုတာကိုမသိစိတ်ကသိလာနေပါပြီ…..
နောက်ပိုင်းဦးစိန်ကထောက်လှမ်းရေးဗိုလ်မှူးမောင်စိန်၊ကိုအားဆိုက်(ခ)ကိုတင်မောင်အေးကဗိုလ်အဆင့်ရှိကြောင်းဝန်ခံကြတယ်ဆိုတာ ကြားသိရတယ်….
နောက်သိပ်မကြာဘူး သြဂုတ်လ (၂၅)ရက် မှာ ဥက္ကဋ္ဌရဲ့ကိုယ်ရေးလက်ထောက် ခင်မောင်စိုး(ခ)စိုးကြီးနဲ့ ကိုသံချောင်းရဲ့ကိုယ်ရေးလက်ထောက်ကိုကျော်နိုင်ဦးကိုဖမ်းလိုက်ကြပြန်တယ်….ကိုခင်မောင်စိုးနဲ့တောအတူခိုခဲ့တဲ့ ကိုစိုးဝင်းထွန်း(ခ)ကိုစိုးလေးက ဥက္ကဋ္ဌတဲကိုတက်လာပြီးမေးတာတွေ့တယ်…..ဥက္ကဋ္ဌ၊ကိုစိုးကြီး၊ကိုစိုးလေးတို့ ကအပတ်စဉ်(၆)အတူတက်လာကြတာ….ကျနော်ကဘေးမှာရှိတယ်….ဥက္ကဋ္ဌက ကိုစိုးလေး(ခ)စိုးဝင်းထွန်းကို ပြောတယ်….ကိုခင်မောင်စိုး(ခ)ကိုစိုးကြီး၊ ကိုကျော်နိုင်ဦး တို့ကို ဖမ်းဖို့ကို သူခွင့်ပြုပေးခဲ့ပါတယ်တဲ့….. ဘာမှမပူပါနဲ့တဲ့…. မေးစရာရှိတာ မေးပြီးရင် အားလုံးပြီးသွားမှာပါလို့ပြောတယ်….. ဥက္ကဋ္ဌရဲ့ရည်ရွယ်ချက်က စိတ်ရင်းက အရမ်းရိုးပါတယ်…
နောက်တော့ကိုကျော်နိုင်ဦးကNIB ဗိုလ်လို့ဝန်ခံပြီးကိုခင်မောင်စိုး(ခ)ကိုစိုးကြီးကလည်း ဗိုလ်တစ်ယောက် လို့ဝန်ခံတယ်ဆိုတာကြားသိရတယ်….ကိုခင်မောင်စိုးကအစ္စလာမ်ဘာသာဝင်ပါ….ကိုကျော်နိုင်ဦးကတရုပ်တစ် ယောက်ပါ….ကိုထွန်းအောင်ကျော်၊ကိုအောင်နိုင်၊တို့ကို ဘာကြောင့် တရုပ်နဲ့ကုလားတွေက ထလရ ဗိုလ်တွေဖြစ်နေ ရတာလဲ….ရိုးရိုးဗိုလ်တစ်ယောက်ဖြစ်ဘို့တောင်မလွယ်ဘူးဆိုတာ ပြောဖြစ်မေးဖြစ်တယ်….
နောက်ပိုင်းဖမ်းသမျှဝန်ခံကြတဲ့အတွက် ကိုမျိုးဝင်းတို့ကပိုပြီးအတင့်ရဲလာတယ်လို့ထင်တယ်…
သူတို့ကိုယ်သူတို့တော်တော်ယုံကြည်နေကြပုံပေါက်တယ်…
တစ်ရက်မှာတော့ ခရိုင်မှူးတွေကိုလည်း ပေးစစ်လိုက်ပါဦးဆိုပြီး ကိုမျိုးဝင်းက ပြောတယ်….
စက်တင်္ဘာလဆန်းလို့ထင်ပါတယ်…..ဘေးမှာကိုအောင်နိုင်၊ကိုလှဆိုင်း၊သန်းဇော်၊ ဇော်ဇော်မင်းတို့ရှိတာ မှတ်မိတယ်….
ပထမဆုံး မနန်းစော ကိုစစ်မေးဘို့ သူ့ရဲ့စစ်ချက်စာရွက်ကို ဇော်ဇော်မင်းကယူလာတယ်….ဘာတွေရေး
ထားတယ်…ဘာတွေထွက်ချက်ပေးထားတယ်ဆိုတာမသိဘူး….ဖတ်လည်းမဖတ်ကြည့်ခဲ့ဘူး….မနန်းစောကို ထောက်လှမ်းရေးတဲအပေါ်နားက တဲမှာစစ်ပါတယ်….လုံခြုံရေးပါတာက တင်စိုးဦးပါ…..မနန်းစောကို ထောက်လှမ်းရေးတွေနဲ့ရင်းနှီးသလားဆိုပြီးမေးခဲ့တာမှတ်မိတယ်…..ဘယ်လိုမေး၊ဘယ်လိုစစ်ခဲ့တယ်ဆိုတာ၊
မနန်းစောကပိုမှတ်မိမှာပါ…..ဇော်ဇော်မင်းက ဓါးမြှောင်နဲ့ မနန်းစောရဲ့ပေါင်ပေါ်ကိုဒေါင်လိုက်ထောင်ထားပြီး
လက်ဖနောင့်နဲ့ရိုက်ချတာ(၃)ကြိမ်ပါ…..တချိန်တည်းမှာတင်စိုးဦးက ၀ါးလုံးအရှည်တစ်ချောင်းနဲ့ ကျွဲရိုက်နွား
ရိုက်ဝင်ရိုက်ပါတယ်…..(တင်စိုးဦးဆိုတာ ၁၉၉၅-၉၆ မှာ YIT ပြန်တက်ခဲ့သူပါ )…..
အဲဒီလိုအခြေအနေမျိုးကို ကျနော့်အနေနဲ့လက်မခံနိုင်ပါဘူး….ကျနော်တားပါတယ်….စစ်ကြောရေးကိုရပ်
ခဲ့ပါတယ်…ဒီလိုနည်းနဲ့ အမှန်ကိုသိရဘို့မဖြစ်နိုင်ဘူးဆိုတာ အဲဒီကတည်းကယုံကြည်ထားပါတယ်… နောက်ရက်မှာ ကုလား(ခ)( ၀င်းနိုင်စိုး) ကိုစစ်ရတယ်…..စစ်ရမယ့်သူကို ကိုလှဆိုင်း၊သန်းဇော်တို့က စာရွက် ထုတ်ပေးတယ်…..အတူစစ်ဖို့တွဲပေးတာက စခန်းမှူးဒုအရာခံဗိုလ်အောင်ရဲစိုးနဲ့ပါ….အဲဒီနေ့ကလုံခြုံးရေးမပါ
ဘူးထင်တယ်…..စခန်းမှူးတဲမှာစစ်ပါတယ်…သူ့ရဲ့ထွက်ချက်ထဲမှာ ကျော်ကျော်မင်းက အဆိပ်ထုတ်ကို သူ့ကိုပေး
ထားတယ်လို့ထွက်ဆိုထားပါတယ်….ကင်းတဲထဲမှာပေးတာလို့လဲပြောထားပါတယ်….ဒါပေမယ့် အဆိပ်ထုတ်ကို
တောင်းတော့ မပေးနိုင်ဘူးဖြစ်နေတာကိုဖတ်ရပါတယ် ….အဲဒါကိုကျနော်က ဆက်မေးရမယ့် သဘောဖြစ်နေ ပါတယ်….
ဒါနဲ့အဲဒီအဆိပ်ကို ဘဲဆက်မေးတော့ မပေးခဲ့ပါဘူးလို့ပြင်ပြောပါတယ်..... ဟိန်းဟောက်ခြောက်လှန့်ပြီး(ခြေထောက်နဲ့ခါးကိုကန်ပြီး) မေးတော့ပေးခဲ့ပါတယ်ဆိုပြီးပြင်ပြောပြန်ရော……
ပေးခဲ့တယ်ဆိုရင်အဲဒီအဆိပ်ထုတ်ကဘယ်မှာလဲဆိုတော့ သူ့မှာအဖြေမရှိဘူး….သူ့မျက်လုံးထဲမှာဆက်ဖြေစရာ
စကားလုံးမရှိတာကိုပြနေတယ်….ဆွံ့အနေတယ်……
ဒီအချိန်မှာ စခန်းမှူးတဲမှာနေတဲ့ ရဲဘော်တစ်ချို့ ဆွမ်းကြီးလောင်းဘို့ပြင်နေကြပါပြီ…..ရင်း(၆)ကပြန်လာ
တဲ့ရဲဘော်၂ဦးက ၀ါးစိမ်းတံတွေချွန်ပြီး မီးကင်နေကြပါပြီ…..ကျနော်ဆုံးဖြတ်ချက်တစ်ခုအမြန်ချခဲ့ပါတယ်… စခန်းမှူး ကိုအောင်ရဲစိုးကို တဲအပြင်ကိုခေါ်လိုက်ပါတယ်…ဒီအတိုင်းဆက်စစ်နေရင်ဆွမ်းကြီးလောင်းခံရလို့ သေသွားလိမ့်မယ်….စစ်ကြောရေးရပ်မယ်လို့ပြောလိုက်တယ်….ကိုရဲစိုးက ကောင်းတယ်ကောင်းတယ် လို့
ပြောပါတယ်….စစ်ကြောရေးရပ်လိုက်ပြီး……သူ့ရဲ့ထွက်ချက်စာရွက်ထဲမှာ……
န၀တ ထောက်လှမ်းရေးတစ်ယောက်မဖြစ်နိုင်ပါ……ရဲလင်း (ခရိုင်မှူး) ဆိုပြီးလက်မှတ်ထိုး မှတ်ချက်ရေးပေးခဲ့ပါတယ်……. ကုလား(ခ)( ၀င်းနိုင်စိုး)ကိုLECTURE HALL ကိုပြန်ပို့ခဲ့ပြီး စာရွက်ကို ကိုလှဆိုင်း၊ကိုသန်းဇော်တို့လက်ထဲပြန်ပေးခဲ့ပါတယ်……. ကုလားကအစောပိုင်း အောက်အချုပ်ဆောင်မှာ ကိုသံချောင်းအမိန့်နဲ့ပြန်လွတ်ခဲ့ပါတယ်…. (အစောဆုံးပြန်လွတ်သူ တစ်ယောက်ပါ)….
နောက်တစ်ရက်လို့ဘဲထင်ပါတယ်….စံမျိုးအောင်ကိုပေးစစ်ပါတယ်….သူ့ကိုဆေးခန်းထဲမှာခေါ်ပြီးစစ်မေး
ပါတယ်….လုံခြုံရေးမပါဘူးထင်ပါတယ်….ဇော်ဇော်မင်းပါတယ်…၁၀မိနစ်လောက်မေးနေတုံး ကိုစိန်အေး (ကော်မတီဝင် - ခရိုင်မှူး )+၁ အရက်မူးလာပြီး မနားတမ်းဝင်ရိုက်ပါတော့တယ်… မေးလို့လဲရမယ့်အနေအထား မရှိတော့ပါဘူး…..ကျနော်ဇော်ဇော်မင်းကိုပြောပါတယ်….ဆက်မစစ်တော့ဘူး….
စစ်ကြောရေးရပ်တယ်လို့…..ဒီလိုပုံစံမျိုးနဲ့ဘာမှလဲအမှန်သိရမှာမှာမဟုတ်ဘူးလို့…ဒေါသနဲ့အော်ပြောခဲ့ပါတယ်…
စံမျိုးအောင်ကိုLECTURE HALL (အချုပ်ဆောင်) ပြန်ပို့ခဲ့ပါတယ်…..နောက်ရက်တွေကစပြီး ဘယ်သူ့ကိုမှပေးမစစ်တော့ပါဘူး…..တစ်ရက်နှစ်ရက်လောက်နေတော့ ကိုမျိုးဝင်းက ခရိုင်မှူးတွေစစ်တာ…
ပျော့တယ်လို့ပြောပါတယ်…..
ကျနော်အဖမ်းခံရတာက စက်တင်ဘာ(၁၀)ရက်နံက်၅း၀၀နာရီမှာပါ…..ကိုညီညီကျော်နဲ့အတူကုတင်တစ်
လုံးထဲအိပ်နေတာပါ….. အသံကြားလို့မျက်လုံးဖွင့်ကြည့်တော့ ကျော်ထင်ဦးက M 20 ပစ္စတိုနဲ့မျက်နှာကိုချိန်ထား
တယ်….M 21- G3 နဲ့၂ယောက်ပါတာမှတ်မိတယ်….နောက်မှာက တွဲဘက်အထွေထွေ အတွင်းရေးမှူး(၂)-
လှဆိုင်းပါတယ်…..လက်ပြန်ကြိုးတုတ်ပါတယ်….ကိုညီညီကျော်နိုးလာပြီး ကျုပ်ကောပါလားလို့မေးပါတယ်….
ပါတယ်လို့ပြောပြီး သူ့ကိုပါကြိုးတုတ်ပါတော့တယ်…..တဲအပြင်ရောက်တော့ ကိုချိုကြီး၊ကိုညီညီ၊ကိုအောင်မင်း (ထိန်လင်း)၊ တို့ကိုကြိုးတုတ်ပြီး အောက်ကိုခေါ်လာတာ မြင်လိုက်တယ်….အောက်ရောက်တော့ မနန်းအောင်ထွေးကြည်ကို ထလရတဲကနေ ခေါ်ထုတ်သွားတာတွေ့တယ်.. ဦးလေးစိန်ကိုလည်း သတင်းပြန်ကြား တဲကနေ ခေါ်ထုတ်သွားတာတွေ့လိုက်တယ်….ကျနော့်ကို ကုန်းအောက်က စစ်ရုံးထဲမှာထားပါတယ်…. အတွင်းခန်းထဲမှာကိုထွန်းအောင်ကျော် ကိုထားတယ်..
မျက်နှာကို အ၀တ်မစည်းထားသေးပါ… ၈းး၀၀နာရီလောက် ကိုလှဆိုင်းရောက်လာပြီး ရိသဲ့သဲ့ပြောတာ မှတ်မိတယ်..မျက်လုံးချင်းဆိုင်ပြီး အကြာကြီးစိုက်ကြည့်ခဲ့ကြတာမှတ်မိတယ်… ခင်ဗျားတို့ကျုပ်ကိုသတ်ပစ်လိုက်
လို့ ပြောလိုက်တယ်…..ခေါင်းတညိတ်ညိတ်နဲ့ ပြန်ထွက်သွားတယ်…..
၁၀း၀၀နာရီလောက် ကိုအောင်နိုင်ရောက်လာတယ်….ခင်ဗျားလည်ပင်းမှာဆွဲထားတဲ့အဆိပ်ထုတ်ဘယ်မှာ
လဲတဲ့…..အဲဒီတော့မှလည်ပင်းကအဆောင်လေးကိုပြန်စဉ်းစားမိတော့တယ်…..အဲဒီအဆောင်လေးက လက်သန်း
လက်သည်းခွံလောက်မရှိတရှိနဲ့ အ၀ါရောင်ခေါင်းအုန်းပုံစံလေး…..
နိုင်လွန်ကြိုးလေးနဲ့ဖေါက်ပြီးလည်ပင်းမှာဆွဲထားတာ…..အာဏာသိမ်းပြီးကာစလောက်က ကိုအောင်ဇော်
မင်းက ပေးထားတာပါ…..သူလည်းဆွဲထားတယ်….နောက် တစ်ခြားသူတွေလည်းဆွဲကြတယ်….
အဲဒီအဆောင်လေးတွေက ကိုပြုံးချို(ရကသ)ဆီကရတာလို့ကိုအောင်ဇော်မင်းပြောခဲ့တာမှတ်မိတယ်….
ကံကောင်းတယ်…ဘာညာနဲ့ပေါ့…..ရန်ကုန်မှာကတည်းကဆွဲထားတာ….အဲဒီတုံးကတည်းက ကိုအောင်နိုင်က
မြင်ဘူးထားတာပါ…..အခုမှဘာလာကြောင်နေတာလည်း လို့တွေးမိတယ်….စိတ်ထဲမှာတော့ဒုက္ခတော့ဝင်ပြီလို့
တွေးမိတယ်…..အဲဒီအဆောင်လေးက ရင်း(၁၁)နယ်မြေ မှာကတည်းက ရေချိုးရင်းပျောက်သွားတာ……
စကားပြောချင်စိတ်ကုန်သွားတာနဲ့ မရှိတော့ဘူး ပျောက်သွားပြီလို့ ပြန်ပြောလိုက်တယ်…..ခေါင်းတညိတ်
ညိတ်နဲ့ ပြန်ထွက်သွားတယ်…..
စဉ်းစားရင်းစဉ်းစားရင်း ABSDF နဲ့ကျနော် အဝေးဆုံးကိုရောက်တော့မယ်ဆိုတာတွေးနေမိတယ်….
ကျနော်ချစ်တဲ့ ABSDF - အသွေးအသားနဲ့တစ်ထပ်တည်းရှိခဲ့တဲ့ ABSDF နဲ့ဝေးအောင် သူတို့လုပ်ကြတော့မယ်
လို့ တွေးမိတော့…..
အဲဒီအချိန်မှာကိုမျိုးဝင်းဝင်လာတယ်….ကျနော့်ကိုကြည့်ပြီး…..ဘာမှမပြောဘဲပြန်ထွက်သွားတယ်…..
ထမင်းကျွေးတော့ ပလပ်စတစ်အသေးတစ်ခုပေါ်မှာ ထမင်းကိုပုံပေးထားပြီး ဆားနဲနဲပုံပေးထားတယ်……
နေ့လည်လောက်ထင်တယ်…..ကိုသက်နိုင်(ရန်ကုန်)ကို စစ်ရုံးဘေးကစမ်းချောင်းလေးထဲမှာ ခေါင်းနှစ်ပြီးစစ်နေ
တဲ့အသံကြားရတယ်…..၀န်မခံမချင်းစစ်နေကြတာပါ….ထလရသန်းဇော်အသံကြားတယ်……
နောက်နေ့မနက်ပိုင်းလောက်မှာ ကျနော့ကိုထောက်လှမ်းရေး တဲထဲခေါ်ပြီး စစ်ပါတော့တယ် ….. လက်ပြန်ကြိုးတုတ်ထားပြီးတိုင်မှာချည်ထားတယ်….. လှဆိုင်း ကိုယ်တိုင်ဦးစီးပြီးစစ်တယ်….. ကျော်ထင်ဦ့း် ပါတယ်……ဇော်ဇော်မင်းပါတယ်…..လုံခြုံရေးက လက်သီး(ခေါ်) ဇော်မြင့်ပါ……
စစ်ပုံစစ်နည်းကတော့ တိုင်မှာလက်ပြန်ကြီုးတုပ်ချည်ထားပြီး ထောက်လှမ်းရေးဟုတ်မဟုတ် ဖြေခိုင်းတာပါ.. မဟုတ်ဘူးပြောတိုင်း တစ်မျိုးပြီးတစ်မျိုး ပြောင်းပြီးနှိပ်စက်တာပါ….အလွန်လွယ်ကူတဲ့နည်းပါ….
နှိပ်စက်နည်းတွေကတော့ ခြေသလုံး ညို့သကြီးကို မျဉ်းလုံး(သို့)၀ါးလုံးနဲ့လှိမ့်တယ်…အောင့်ခံနိုင်ရင် အပေါ်ကို
လူတက်ရပ်ပြီးလှိမ့်တယ်….၀ါးလုံး(သို့)တုတ်နဲ့ တစ်ကိုယ်လုံး ရိုက်ချင်သလိုရိုက်တယ်…..
ခေါင်းကိုကျွတ်ကျွတ်အိပ်နဲ့စွပ်တယ်…..အသက်ရှူမ၀တဲ့ဒုက္ခကတော်တော်ကြီးတယ်…..နောက်တော့
ခြေထောက်၊ခြေချောင်း၊လက်တွေကို ၀ါယာရှော့ရိုက်တာပါ…..တစ်မျိုးချင်းလုပ်ရင်အောင့်ခံနိုင်ပါသေးတယ်….
၂မျိုး(သို့)၃မျိုးပေါင်းပြီး စစ်လာတဲ့အခါကျတော့ ဘယ်လိုမှအောင့်မခံနိုင်တော့ပါဘူး…..၂နာရီလောက်
ကြာလာတော့ မရတော့ပါဘူး သေမလား….လောလောဆယ်ရှင်မလား စဉ်းစားဆုံးဖြတ်ရပါပြီ…..
ဒါနဲ့ဘဲထောက်လှမ်းရေးဟုတ်ပါတယ်ဆိုပြီး ပြောခဲ့ရပါတယ်….ထောက်လှမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက်
ပြီးတော့ ဖြေကြားရာမှာ ၁၉၈၄-၈၅ ၁၀တန်းအောင်….ကြေးမုံသတင်းစာတိုက်မှာအလုပ်ဝင်….ဗိုလ်သင်တန်းဖြေ… ဗိုလ်တထောင်နယ်မြေမှာ ပထမနှစ်သင်္ချာတက်….. ဘဏ်တွင်းစာရင်းစစ်ဋ္ဌာနမှာ ပြောင်းပြီး အလုပ်ဝင်…..
လုပ်သားများကောလိပ်မှာ ဒု-သင်္ချာဆက်တက်….၁၉၈၈-မှာတနှစ်သင်္ချာ(၈၈-ဖြစ်)…..ပါတီလုပ်…..၈၉-မှာတောခို စတဲ့အမှန် တကယ့်ဘ၀ကိုအခြေခံပြီး ထောက်လှမ်းရေးဖြစ်စဉ်ဝတ္တုတစ်ပုဒ် ဖန်တီးပေးလိုက်ရပါတယ်…..
ဗိုလ်သင်တန်းဖြေတာကို ထောက်လှမ်းရေးသင်တန်း ၆လ သွားတက်တာ….လို့လုပ်လိုက်တယ်….
ပထမနှစ် တက်တာကကျောင်းသားတွေကို ထောက်လှမ်းဘို့တက်ရတယ်….ဒုတိယနှစ်မှာတော့ လုပ်သားကော
လိပ်ကဆရာတွေကြားမှာ ကွန်မြူနစ်တွေ ရှိနေတာကိုစုံစမ်းရအောင် အထက်အမိန့်အရ ပြောင်းတက်ခဲ့ရတယ်
ပေါ့……၈၈ဖြစ်တော့ကျောင်းသားတွေကြားမှာဝင်ပါပြီး သတင်းရအောင်ယူခဲ့ရတယ်လို့ပြောရတယ်…..
ပါတီတွေလုပ်တော့လည်း လူငယ်ကျောင်းသားပါတီ တွေကြားထဲမှာ သတင်းရအောင် ၀င်လုပ်ရတာပါပေါ့…..
နောက်ဆုံးအရေးကြီးဆုံးတာဝန်ကတော့ ABSDF (ကချင်) ကိုသွားပြီး နေရာတစ်ခုရအောင်လုပ်….. ရလာရင်….. အဖွဲ့အစည်းရဲ့နိုင်ငံရေး ဦးတည်ချက်တွေမှားအောင်ဖန်တီးဘို့…..နိုင်ငံရေးသိက္ခာကျ အောင်လုပ်ဘို့ပေါ့…..
နေရာရအောင်ကိုလည်း လူငယ်ကျောင်းသားတစ်ချို့ကို အပါခေါ်သွားပြီး သူတို့ထောက်ခံချက်နဲ့ လုပ်တယ်ပေါ့..
စစ်သင်တန်းတက်စဉ်က အခြေခံစစ်ပညာ……လက်နက်ငယ်များ….ထောက်လှမ်းရေးနည်းနာတွေ….သင်
ရတယ်ပေါ့…..ထောက်လှမ်းရေးဖြစ်ဖို့အတွက်….အဖေ့သူငယ်ချင်းဆက်သွယ်ပေးတာလို့ပြောတယ်….
သူကရဲမှူးကြီးတစ်ယောက်ဆိုတာသိထားတော့ သူ့နာမည်ဘဲတပ်လိုက်ရတယ်…..
ဘဏ်မှာလုပ်တာက ထောက်လှမ်းရေးမှန်းမသိအောင် COVER လုပ်ထားတယ်ပေါ့……အမှန်ကဘဏ်မှာဝင်လုပ်
ရအောင် အဖေကအတိုက်အခံပြောပြီးသွင်းပေးခဲ့တာ….သတင်းစာတိုက်မှာက ညဘက်လုပ်ပြီး နေ့ဘက်ကျတော့
DAY တက်ရတာ ပင်ပန်းတယ်ဆိုပြီးတော့ပေါ့…..
ထောက်လှမ်းရေးလုပ်တဲ့ အရာရှိလစာ ၅၅၀ ကျပ်ရတာ အမေမသိအောင်သုံးပစ်တယ်ပေါ့…..
သေချာကြည့်ရင် လုပ်ဇာတ်ကြီးမှန်းသိသာပါတယ်…..( အဖေ့ရဲ့လက်ထောက်မန်နေဂျာလစာကိုပြောလိုက်တာ)
သေမှာကြောက်လို့ဇာတ်လမ်းစဉ်ပြောလိုက်ပြန်တော့လည်း တော်တော်ကြိုက်သွားတာလား….မသိဘူး….
ဒီကောင်ကဖြူစင်တယ်….ရိုးသားတယ်….ငါတို့နဲ့လက်တွဲလို့ရတယ်လို့ထင်သလားမသိဘူး…..
VIDEO တွေရိုက်ထားကြတာမှတ်မိတယ်…..နောက်ပိုင်းကျတော့ မိဘတွေလာပြီး အာမခံရင် မသတ်ဘူး ပြန်လွှတ်မယ် ဆိုပြီး လုပ်ကြပြန်ရော….. အစောပိုင်းကာလတွေမှာ အဲဒီVIDEO ခွေတွေပြပြပြီး ကိုအောင်နိုင်တို့တစ်တွေ ဂုဏ်ယူနေခဲ့ကြတဲ့အချိန်ပေါ့….. အခုနောက်ပိုင်းတော့ ဘာသံမှမထွက်လာတော့ဘူး…. အဲဒီVIDEO ခွေတွေက သူတို့အတွက် အန္တရာယ် ရှိတဲ့မြွေပွေးတစ်ကောင်ဖြစ်နေပြီလေ……
နောက်တစ်ရက်မှာ ကိုအောင်နိုင်တစ်ယောက် ဗိုလ်မှူး မောင်ချို…..ဗိုလ်မှူးမောင်ချို… လို့တတွတ်တွတ်ရွတ်ပြီး ထောက်လှမ်းရေးတဲဘက်ကနေကွေ့ပြီး စစ်ရုံးရှေ့ကဖြတ်သွားတာတွေ့လိုက်ရတယ်….
ကိုချိုကြီးတော့ဗိုလ်မှူးဖြစ်သွားပြီဆိုတာ သိလိုက်ရတယ်…..ကိုအောင်နိုင်ကိုလည်း သနားသွားတယ်…..
နောက်တော့ ကျနော်တို့ကို ( အရာရှိဟုသတ်မှတ်ခံထားရသူများ ) ဆက်သွယ်ရေးစက်များ ၊ လက်နက်များ ထုတ်ပေးရန် ကိုယ်ဟာကိုယ်တိုင်ပင်ကြ ဟုဆိုကာ ၀ိုင်းဖွဲ့တိုင်ပင်ခိုင်းတာမျိုး လုပ်ခိုင်းပါတယ်….
ကျနော့အနေနဲ့ ကိုထွန်းအောင်ကျော်ကို ဖမ်းထားမှန်း KIA ကမသိသေးလျှင် သိအောင်ကြိုးစားဘို့လိုကြောင်း ပြောပါတယ်…အခြေအနေအားလုံးကို KIA မှသိလျှင် တစ်မျိုးတစ်ဖုံ အကျိုးရှိလေမလား ဟုတွေးမိပါသည်….
နောက်ပိုင်းတွင် ကိုထွန်းအောင်ကျော်က ဆက်သွယ်ရေးစက်များ ထုတ်ပေးရန်တောင်းခံရလျှင် KIA ဗျူ ဟာရုံး ( ဗိုလ်မှူးပန်းအောင်တဲ ) အနီးသို့ခေါ်သွားပြီး ဖွက်ထားသည့်နေရာကိုရှာဖွေဟန် လုပ်ခဲ့ရသည်ကိုမှတ်မိ ပါသည်….KIA များထွက်ကြည့်ကြသည်ကိုတော့တွေ့ရပါသည်…ဘာမှထူးခြားလာခြင်းမရှိပါ…ကောက်ရိုးတစ်မျှင် ကိုလှမ်းဆွဲကြခြင်းသာဖြစ်ပါသည်…..ကျနော်တို့ကထမ်းစင်ထမ်းပြီး လိုက်ခဲ့ကြတာပါ…. ထလရ အရူးတွေက နောက်ကနေ ဟုတ်နိုးနိုးနဲ့လိုက်လာကြတာပါ…ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်က လမ်းမလျှောက်နိုင်တဲ့အခြေအနေ ရောက်နေပါပြီ…..ဒီမတိုင်ခင် ကိုထွန်းအောင်ကျော် ကို စစ်ဆေးစဉ်မှာ ခြေထောက်ကို မီးဖိုထဲ ထည့်ခဲ့တယ်လို့ သိရပါတယ်…တံကောက်ကွေးနေရာက အကြောတွေ ထိသွားပြီး ခြေထောက်က ထောက်မရတော့ဘဲ ကွေးကွေးလေးဖြစ်နေတာပါ….အဲဒီအချိန်က ဒဏ်ရာတွေတောင် သိပ်မကျက်သေးပါ…..
နောက်တစ်ခုမှတ်မိတာက ထောက်လှမ်းရေးတဲမှာ ကိုတင်မောင်အေး(ခ )ကိုအားဆိုက်ကို ထမ်းစင်နဲ့ ခေါ်လာပြီး ကျနော်တို့အရာရှိလို့သတ်မှတ်ထားသူ(၇) ဦးလောက်နဲ့ ဆုံပြီး အဆိပ်တွေ တောင်းတာပါ… ကိုတင်မောင်အေးကခပ်မျော့မျော့ဘဲရှိပါတော့တယ်…..ဇော်ဇော်မင်း…သန်းဇော်….လှဆိုင်း….နဲ့အခြားထလရ တွေရှိတယ်… ကိုတင်မောင်အေးက တိုးတိုးနဲ့ခပ်ဖျော့ဖျော့ပြောပါတယ်…. ထိန်လင်းကိုပေးလိုက်တယ်တဲ့….ဂယောင်ဂတန်း ပြောတာပါ….ထင်ရာမြင်ရာပြောတာပါ…ချက်ချင်းဘဲ သန်းဇော်နဲ့ ထလရတစ်ချို့ သတင်းပြန်ကြားတဲက ကိုထိန်လင်းကို သွားခေါ်လာပါတော့တယ်….. ကိုထိန်လင်းမျက်နှာကိုအခုထိမြင်နေပါသေးတယ်….မျက်လုံးကြီးပြူးပြီး အံ့သြ တုန်လှုပ်ပြီး ထလရ တွေ ခေါ်တဲ့နောက်ပါလာတာ….ထလရ တဲထဲဝင်ဝင်ချင်း …..ဘောကြီး….မင်းကို ကိုအားဆိုက်ပြောလိုက်တာ လို့ ကျနော်ပြောခဲ့ပါတယ်…. ထလရ တွေ ရှေ့မှာပြောခဲ့တာပါ….
ကျနော်တို့ကိုကိုယ့်နေရာကိုယ်ပြန်ပို့ပါတယ်…..ကျနော့်ကိုစစ်ရုံးထဲမှာပြန်ချုပ်ထားပါတယ်….ထလရတဲနဲ့ စစ်ရုံးက ၁၅ပေလောက်ပဲဝေးတယ်…ခဏနေတော့ ၀က်တစ်ကောင်ရဲ့မချိမဆန့်အော်သံမျိုးကြီး ထွက်လာပါတော့ တယ်… တစ်နာရီ်လောက်ကြာမယ်….သန်းဇော်နဲ့ထောက်လှမ်းရေးတစ်ချို့ ကိုထိန်လင်းကိုခေါ်ပြီး စစ်ရုံးရှေ့က ဖြတ်သွားပါတယ်….သတင်းပြန်ကြားတဲဘက်ကိုသွားကြတာပါ…..၁၀မိနစ်လောက်ကြာတော့ စစ်ရုံးရှေ့ကနေ သူတို့ ပြန်ဖြတ်သွားတာတွေ့တယ်….. ကိုထိန်လင်းရဲ့ခေါင်း၊မျက်နှာ၊ကိုယ်လုံးတွေမှာ….. ဆေးပြာတွေ ပေကျံနေတယ်…တရုပ်လက်လှိမ့်စာကူးစက်မှာသုံးတဲ့ ဆေးတွေပါ…..မခံနိုင်တော့လို့ အဆိပ်ဆိုပြီး ပေးလိုက်ပုံရတယ်…သန်းဇော်တို့စိတ်ဆိုးပြီး ကိုထိန်လင်းတစ်ကိုယ်လုံးကို ဆေးတွေနဲ့ဝိုင်းသုပ်လိုက်ကြတယ် ထင်တယ်……
ခဏနေတော့ ထလရ တဲဆီကနေ ၀က်တစ်ကောင်ရဲ့မချိမဆန့်အော်သံမျိုးကြီး ကို နာရီဝက်လောက် ဆက်ကြားနေရပါတော့တယ်…..
ဒီလိုရက်ရက်စက်စက်စစ်ဆေးခဲ့ကြတယ်
မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း - ( ၅ )
by Ko Lin Wai Aung on Friday, September 28, 2012 at 3:56pm ·
ဒီလိုရက်ရက်စက်စက်စစ်ဆေးခဲ့ကြတယ်
တစ်ရက်မှာကျနော်တို့လူ( ၂၀ )လောက်ကို မျိုးဝင်းတဲဘေးကကွပ်လပ်မှာခေါ်ပြီး ၀ိုင်းထိုင်ခိုင်းထားတယ်… လက်တွေမှာတော့ မိုင်းမှာသုံးတဲ့ ဒီတိုနေတာ တွေကိုချည်ထားခံရပါတယ်….မှတ်မိသလောက်က ကိုကျော်နိုင်ဦး၊ နန်းအောင်ထွေးကြည်၊မခင်ချိုဦး၊ကိုညီညီ၊ကိုချိုကြီး၊ ကိုထွန်းအောင်ကျော်၊ ရန်အောင်၊ ကိုသက်နိုင်၊တို့ပါ…. ကိုမျိုးဝင်း၊ကိုလှဆိုင်း၊ကိုသံချောင်း၊သန်းဇော်၊ ဇော်ဇော်မင်း၊ကျော်ထင်ဦးတို့ရှိတယ်….တစ်ခြားရဲဘော်တွေရှိတယ်. အလယ်ခေါင်မှာ ကိုကျော်ဝေကိုလက်ကောက်ဝတ်မှာဒီတိုနေတာချည်ပြီး ၀ါယာကြိုးနှစ်ပင်ကို ဓာတ်ခဲ(၂)လုံးနဲ့ တွဲထားတယ်….ခုံပေါ်မှာနာရီတစ်လုံးတင်ထားတယ်…ဘေးမှာစင့်တုံးတစ်တုံးနဲ့ ဓားမတစ်ချောင်းချထားတယ်…
ဆေးဆရာမသိမ့်ဆွေကိုလည်းအသင့်ခေါ်ထားတယ်…..မျိုးဝင်း၊လှဆိုင်း၊သန်းဇော်တို့က ၀ှက်ထားတဲ့ အဆိပ်တွေ(၅)မိနစ်အတွင်း ပေးရမယ်….မပေးရင် ဒီတိုနေတာ ကိုရှော့တိုက်ပြီးခွဲမယ်တဲ့…..အချိန်စမှတ်ပြီးတော့ (၅)မိနစ်အတွင်းပေးဘို့ပြောတယ်…..ကိုကျော်ဝေကမရှိပါဘူးလို့ပြောတယ်….အချိန်စေ့တော့မယ် ခွဲတော့မယ်လို့ ပြောတယ်….. ခွဲတော့မယ်ဆိုတော့ ကိုကျော်ဝေအံကြိတ်ထားတယ်…. သူ့လက်ကောက်ဝတ်ကဒီတိုနေတာကိုကြည့်ပြီး သူ့လက် တဆတ်ဆတ်တုန်နေတယ်…..ခွဲဆိုတဲ့အသံထွက်လာတယ်….ဖေါင်းကနဲအသံကြီးထွက်ပြီးမီးခိုးငွေ့နဲနဲထွက်လာတယ်… ကိုကျော်ဝေသူ့ဘယ်လက်နဲ့….သူ့ညာဘက်လက်ကိုဆုပ်ထားတယ်….လက်ကောက်ဝတ်တစ်ဝက်ကျော်
လောက်ပြတ်ပြီး သွေးတွေသဲပေါ်မှာဖြာထွက်သွားတယ်…..ကိုကျော်ဝေအံကြိတ်ထားတယ်…..
ဆေးဆရာမသိမ့်ဆွေ+၁ ၀င်လာပြီး တဲတဲဖြစ်နေတဲ့လက်ကို စင့်တုံးပေါ်တင်ပြီး ဖြတ်ထုတ်လိုက်တယ်…. ကတ်ကျေးနဲ့လား၊ဓားမနဲ့လား မမှတ်မိတော့ပါ…..ပြီးတော့ အရေပြားနှစ်ခုကိုတွဲပြီးချုပ်တယ်….ပတ်တီးစည်းပေး လိုက်တယ်…..ပြီးတော့ကိုယ့်နေရာကိုယ်ပြန်ကြရတယ်…..တစ်ချို့ကLECTURE HALL အချုပ်ဆောင်….ကျနော် ကစစ်ရုံးမှာဘဲနေရသေးတယ်ထင်တယ်….ကိုထွန်းအောင်ကျော်လည်းစစ်ရုံးနောက်ခန်းထဲမှာဘဲထားသေးတယ်..
ရက်ပိုင်းလောက်ပဲခြားမယ်ထင်ပါတယ်… ကိုအေးသက်လတ်(ခ)ကိုအောင်ဖိုးကို အဲဒီနေရာမှာဘဲ ခြေထောက်ကိုဒီတိုနေတာချည်ပြီး အဆိပ်တွေပေးဘို့တောင်းကြပြန်တယ်…..ကျနော်တို့တွေအားလုံးအရင်လိုဘဲ လက်မှာဒီတိုနေတာတွေချည်ပြီး ၀ိုင်းထိုင်ကြည့်နေရတယ်…. ကိုအောင်ဖိုးခြေချောင်းတွေမဖြတ်ခင်က လက်တစ်ဖက်က ဖြတ်ခံထားရပြီးပါပြီ…..ကြိုးဖြေတယ်ဆိုပြီး သူ့ လက်ကို ထလရ က ကျော်ထင်ဦးက ထီးရိုးနဲ့အချက်ပေါင်းများစွာရိုက်ခဲ့တာပါ….နောက်တော့ပြည်တည်လှိုက်စား ပြီး လက်ကောက်ဝတ်ကနေ ဖြတ်ပစ်ခဲ့ရတာပါ….
ကိုကျော်ဝေတုံးကလိုဘဲ (၅)မိနစ်အချိန်ပေးပြီးအဆိပ်တွေထုတ်ပေးဘို့တောင်းကြတာပါ….မပေးနိုင်တဲ့ အခါကျတော့ ဓာတ်ခဲနဲ့ပူးပြီးဒီတိုနေတာကိုခွဲခဲ့ကြပါတယ်….ကိုအောင်ဖိုးလည်း သူ့ခြေထောက်မှာချည်ထား တဲ့ ဒီတိုနေတာကိုကြည့်ပြီး အံကြိတ်ခံပါတယ်…ခွဲတော့မယ့်အချိန်စက္ကန့်ပိုင်းကိုစောင့်ရင်း …တဆတ်ဆတ်တုန်ရင်း အံကြိတ်ခံပါတယ်….ဖေါင်းကနဲအသံနဲ့အတူမီးခိုးတွေထွက်တယ်….သွေးတွေကသဲပေါ်ကိုဖြာဆင်းသွားတယ်…
ခြေမ၊ခြေညှိုး၊ခြေခလယ်၊ပြတ်ပါသွားပါတယ်…..တစ်ချို့နေရာကအရေပြားအပိုင်းအစတွေကတန်းလန်း….
ခြေမနေရာမှာအဖြူရောင်ဂေါ်လီလုံးအရိုးကဖွေးပြီးပေါ်နေတာခုထိမှတ်မိပါတယ်….ဆေးဆရာမသိမ့်ဆွေက မလိုတာတွေဖြတ်တောက်….ချုပ်လို့ရတဲ့နေရာကိုပြန်ချုပ်….ပတ်တီးစည်းပေးခဲ့ပါတယ်….ကိုကျော်ဝေ၊
ကိုအောင်ဖိုးတို့ကို ရက်ရက်စက်စက်လုပ်တဲ့ကိစ္စမှာ ကိုသံချောင်း၊ကိုမျိုးဝင်း၊ လှဆိုင်း၊သန်းဇော်တို့ဦးစီးပြီး အမိန့်ပေးစေခိုင်း ခဲ့ကြပါတယ်…. ဒီတိုနေတာကိုဓာတ်ခဲနဲ့ပူးပြီးဖေါက်ခွဲခဲ့သူကတော့ ခင်မောင်ဇော်(ခ)ခိုဖြူလေးပါ….အစပိုင်းမှာထောက်လှမ်းရေးလို့စွတ်စွဲပြီးဖမ်းခံခဲ့ရတယ်…. နောက်တော့ကိုမျိုးဝင်းကပြန်လွှတ်ပေးပြီး ဖမ်းထားတဲ့ကျနော်တို့ ထဲကတစ်ချို့ကို ပြန်စစ်ဆေးခိုင်းခဲ့တယ်…. ဗန်းမော်ခရိုင်ဘက်ခေါ်သွားပြီး ဖမ်းထားတဲ့တစ်ချို့ကျောင်းသားတွေကို သူကစစ်ပေးခဲ့ရတယ်….
ကိုအောင်ဖိုးခြေထောက် မဖြတ်ခင်မှာ ကိုသက်နိုင်ကို ကိုသံချောင်းကစစ်မေးတာ တစ်ခုလုပ်ခဲ့ပါတယ်…. စိတ်မရှည်ဖြစ်ပြီး ကိုသက်နိုင်နားရွက်ကို M 20 ပစ္စတိုနဲ့ပစ်ဖေါက်ခဲ့ပါတယ်..အားလုံးရှေ့မှာဖြစ်ခဲ့တာပါ…..
နားရွက်မှာပြားစေ့နီးပါးအပေါက်ဖြစ်သွားတယ်….မီးခိုးစွဲသွေးစို့နေတဲ့အပေါက်မှာ သစ်ကိုင်းစ(သို့) ဆေးလိပ်တို တစ်ခု ထိုးထားခဲ့ကြတယ်…..တစ်ပတ်လောက်နေတော့အနာကျက်ခဲ့ပေမယ့် (၁၂.၂.၁၉၉၂)အသတ် ခံရတဲ့အထိ အဲဒီနားတစ်ဖက်ဟာ လုံးဝမကြားရတော့ပါဘူး…..အောက်အချုပ်ဆောင်( LECTURE HALL ) မှာကျနော်တို့အတူနေကြရတုံးကသူ့နားရွက်ကိုပြခဲ့တာလည်းမှတ်မိနေပါတယ်….ကိုသက်နိုင်ကအပတ်စဉ်(၅) ဆန္ဒပြပြီး ဒါဘာပွဲလုပ်တော့ ကိုမောင်မောင်ကြွယ်၊ကိုဋ္ဌေးမြင့်ဝင်း၊ကိုရန်အောင်၊ကိုရန်ရှင်းတို့လိုဘဲ မျိုးဝင်းတို့ကို
မေးခွန်းတွေမေးပြီး အဖွဲ့အစည်းကောင်းဘို့အတွက် ပြောခဲ့တဲ့သူတစ်ဦးပေါ့….. မိသားစုကမင်္ဂလာဒုံဈေးထဲမှာ အုန်းသီးငှက်ပျောသီးဆိုင်ဖွင့်တယ်လို့ပြောတာမှတ်မိတယ်….တပ်မိသားစုဝင်တစ်ဦးလို့ ထင်ပါတယ်…..
ဆက်စစ်ဘို့လုပ်နေကြတုံး KIA ကဗိုလ်မှူးပန်းအောင်နဲ့တစ်ချို့ကုန်းပေါ်တက်လာတာတွေ့တယ်… ကျနော်တို့အားလုံးကိုပြန်ခိုင်းလိုက်ပြီး ကိုသံချောင်း၊ကိုအောင်နိုင်တို့က KIAက ဗိုလ်မှူးပန်းအောင်ကို ကြိုကြပြီး သူတို့၂ ယောက်ရဲ့တဲကိုခေါ်သွားတာတွေ့လိုက်ရပါတယ်….
ကျနော်တို့အားလုံးလည်း ကိုယ့်နေရာကိုယ်ပြန်ခဲ့ကြရပါတယ်… အဲဒီအချိန်မှာ ကျနော်တို့ ဘယ်လို ခံစားခဲ့ကြရသလဲဆိုတာကို…စကားလုံးတွေနဲ့ဖေါ်ပြဘို့ မလုံလောက် ပါဘူး…..
စက်တင်ဘာ(၁၇)ရက်နေ့မှာ ကျနော့်ကို အောက်အချုပ်ဆောင်(LECTURE HALL) ကိုရွှေ့ပြောင်းပေးခဲ့ ပါတယ်….အချုပ်ဆောင်မှူးတာဝန်ယူထားတာကတပ်ကြပ်ကြီးအောင်မင်းပါ….KIA တပ်စိတ်တစ်စိတ်လည်း လုံခြုံရေးတွဲယူ ပေးနေပါတယ်….အဲဒီအချုပ်ဆောင်ထဲမှာ အဖမ်းခံနေရသူပေါင်း(၄၀)လောက်ရှိနေပါပြီ…. ကိုထွန်းအောင်ကျော်နဲ့ကျနော်တို့အသုတ်မှာတင်လူ(၂၀)ကျော် တစ်ရက်တည်းအဖမ်းခံခဲ့ရတယ်…. ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ဦးစိန်တို့ကို အပေါ်တဲတွေမှာ ဘဲထားပါသေး တယ်…..
ရင်ပေါင်ကြမ်းလို့ခေါ်တဲ့ ကဒ်ထူစက္ကူကို ကတ္တရာလောင်းထားတဲ့ အမဲရောင်ကဒ်ပြားအပိုင်းအစလေးတွေ ခင်း အိပ်ရတယ်…..ခြုံရတာက စောင်အပိုင်းအစသေးသေးလေးတွေပါ…. တချို့လည်းခြုံအိပ်စရာ လုံ လုံ လောက်လောက် မရှိပါဘူး…..စားရတာကထမင်းနဲ့ဆားပါ…..ထမင်းစားပြီးရင်တော့ရေသောက်လို့ရတယ်….
လက်ပြန်ကြိုးတုတ်ထားပြီး မျက်လုံးကိုအ၀တ်ပိုင်းနဲ့စည်းပြီးအမြဲပိတ်ထားတယ်…ထမင်းစားချိန်ဘဲ ဖွင့်ရတယ်…ထထိုင်ရတယ်….ညဘက်မှာတော့လုံခြုံရေးတာဝန်ကျတွေက မထင်ရင်မထင်သလို ရိုက်နှက်တာမျိုး တွေရှိတယ်….ကိုယ်တိုင်ခံရတာကတော့ တစ်ညမှာ အချုပ်ဆောင်မှူးအောင်မင်း(တပ်ကြပ်ကြီး)ရဲ့ သတ္တိပြတာကို ခံရတာပါ….G3 ဒင်နဲ့ခေါင်းကိုဆောင့်တယ်…နားထင်ကိုဆောင့်တယ်… သေနတ်ပြောင်းနဲ့ မေးစေ့ကိုရိုက်တယ်… နာရီဝက်ကျော်အစွမ်းပြတယ်….၁၀နေရာလောက်ကွဲပါတယ်….၆နေရာလောက်ချုပ်ရပါ တယ်…. မျက်နှာစည်းကျွတ်လို့ အောက်ငုံ့ကြည့်တော့…သွေးတွေကခြုံအိပ်တဲ့ ဇာခြင်ထောင်အပိုင်းပေါ်မှာ အပုံ လိုက်ခဲနေတယ်…..ခေါင်းတစ်ခုလုံး လေထဲလွင့်နေသလိုပါဘဲ….ချုပ်ပေးသူကဆရာမသိမ့်ဆွေလား၊ဘောက်မိုင် လား၊ဆေးတပ်သား( ဗျောက်သောက် ) လားမမှတ်မိတော့…… ကျန်သူတွေလည်းတော်တော်များများ အရိုက်အနှက်ခံရလို့ ကွဲကြ ချုပ်ကြနဲ့ ကြားသိနေရပါတယ်….
ကင်းစောင့်တဲ့ KIA ရဲဘော်တစ်ယောက်က အားပေးစကားလာပြောတာ….သွေးတွေသုပ်ပေးတာ မှတ်မိတယ်… ရက်ခြားဆိုသလို အဖမ်းခံရသူတွေတိုးလာပါတယ်…. ထလရတွေနဲ့မတဲ့သူတွေ…. နဲနဲမသင်္ကာခံရသူတွေ….အဖွဲ့အစည်းမှာ အတိုက်အခံလုပ်သူတွေ…..….သိမ်းကြုံးဖမ်းတယ်လို့မြင်ပါတယ်….
မခံနိုင်တော့လို့ကိုယ်လည်းဝန်ခံ နောက်တစ်ယောက်လည်းဆွဲထည့်လိုက်လို့ အဖမ်းခံရသူတွေလည်းရှိတယ်… ထလရ တွေက သူတို့မသင်္ကာသူတွေ…ဖမ်းချင်သူတွေကို လိုင်းတင်မေးလို့..….. ဖြေခဲ့ရသူတွေလည်းရှိတယ်….တစ်ချို့ကလည်း အသစ်ဖမ်းခံရသူရောက်လာရင် မနက်အပေါ့အလေး သွားချိန်တွေမှာအနားရအောင်ကပ်ပြီး မြန်မြန်ဝန်ခံလိုက်ဖို့အကြံပေးကြတယ်….ဘုမသိဘမသိ ၀န်မခံရင် သေသွားမှာစိုးလို့ ဘယ်လိုဖြေ….ဘယ်ထောက်လှမ်းရေးကလို့ပြော….စသဖြင့် သင်ပေးကြသူတွေလဲရှိတယ်..
ညဘက်ရောက်ရင် ဘယ်သူ့ကိုခေါ်သွားပြီ…ဘယ်တဲမှာဘယ်သူ့ကိုစစ်နေလို့ အော်နေတာ…စသဖြင့် သိနေရ…ကြားနေရတယ်….ငရဲပြည်ကို အရှင်လတ်လတ်ရောက်နေသလိုမျိုးပေါ့…. ကိုယ့်အလှည့်က ဘယ်တော့ပြန်လာဦးမလဲတွေးပြီး လန့်နေကြရတဲ့ အခြေအနေပေါ့….. စက်တင်ဘာတတိယပတ် လောက်မှာ KIA က ကင်းတာဝန်ယူတာတွေ မရှိတော့ပါဘူး….
အောက်တိုဘာလဆန်းလောက်ထင်ပါတယ်…ကိုညီညီကျော်(ဗဟိုကော်မတီ-ခရိုင်မှူး) ကိုစစ်ဖို့ ခေါ်သွားတာ..အဲဒီညပြန်လာမပို့ဘူး…. သူနဲ့ကျနော်က ကျောချင်းကပ်အတူထားတာ….နောက်နေ့ညနေ ကိုမြင့်သိန်း(ကင်းသမား)က ကိုညီညီကျော်ထွက်ပြေးလွတ်မြောက်သွားကြောင်း တိုးတိုးကပ်ပြောသွားလို့ သိရတယ်...ကိုမြင့်သိန်းလည်းသိပ်မကြာခင်အဖမ်းခံရပါတယ်….နောက်ပိုင်း တန်းစီးဖြစ်ပြီး (၅၅)ယောက် ထွက်ပြေး လွတ်မြောက်အောင် ဦးဆောင်စီစဉ်သူထဲမှာ တစ်ဦးဖြစ်ခဲ့ပါတယ်….
အောက်တိုဘာလကုန်မှာ အလုပ်တွေစခိုင်းနေပါပြီ….ကျောက်တုံးတွေကို မိုင်းခွဲပြီး လမ်းခင်းရတာပါ…
ကျောက်တုံးထမ်းသူထမ်း…ခင်းသူခင်း….လှည်းနဲ့ဆွဲတဲ့သူတွေကဆွဲပေါ့….သံခြေကျင်းတွေဝယ်လာလို့တစ်ချို့
ခြေထောက်မှာချည်နှောင်ခံထားရပါပြီ…..
အဖမ်းအဆီးကလည်း ဆက်ရှိနေသေးပြီး….စစ်ကြောရေးလုပ်တာလည်းရှိနေတုံးပါဘဲ…..
တစ်ရက်မှာကိုထွန်းအောင်ကျော်ကိုစစ်ဆေးဘို့ အပေါ်ကုန်းကို ထမ်းတင်ပေးဘို့ လူလာခေါ်တော့ ကျနော်နဲ့ ကိုဘိုဘို၊နောက်နှစ်ဦး လိုက်သွားရတယ်….ကိုမျိုးဝင်းတဲဘေးကကွပ်လပ်မှာ ကိုချိုကြီးနဲ့ကိုထွန်းအောင်ကျော်ကို လက်ဝါးကပ်တိုင်တင်ပါတယ်….သံချောင်းက ခုံတစ်လုံးနဲ့ထိုင်ပြီးစစ်မေးပါတယ်….နောက်တော့ သံချောင်းက ကိုထွန်းအောင်ကျော် လက်ဝါးတွေကို သံရိုက်ထည့်ဘို့ ရာဟုဆိုတဲ့ရဲဘော်ကိုခိုင်းတယ်…ကွန်မန်ဒိုတပ်စုကပါ…
၎ လက္မသံနဲ့ လက်ဝါးနှစ်ဘက်လုံးကိုရိုက်ထည့်တာပါ….တူမရှိလို့ သစ်သားတုံးတစ်ခုနဲ့ရိုက်သွင်းပါတယ်…
ကိုထွန်းအောင်ကျော်ကနဲနဲညီးပြီးအောင့်ခံပါတယ်….၄၅မိနစ်လောက်စစ်ပြီးမှ ပြန်ဖြုတ်ပေးခဲ့တာပါ….ကိုချိုကြီး ကိုတော့ ခြေထောက်ရှေ့မှာမီးဖိုထားပြီး မီးအပူဟပ်အောင်လုပ်ထားပါတယ်….ပူလွန်းလို့လှည့်ရင်းနဲ့ ခြေထောက် နဲ့ တိုင်နဲ့တွဲချည်ထားတဲ့ကြိုးလျော့ပြီး ခြေထောက်ကနောက်ဘက်ထိလည်လည်ထွက်ပါတယ်…..
ကျနော်၊ကိုဘိုဘို၊နဲ့နောက်၂ဦးကထိုင်ကြည့်ခဲ့ရတာပါ….ကင်းတာဝန်ကျကလက်သီး(ခ) ဇော်မြင့်ပါ…..
ကျည်အိမ်ဖြုတ်…ကျည်ရှင်းပြီး G 3 နဲ့နားထင်ကိုချိန်ပြီး မောင်းဖြုတ်ချတာမျိုးလည်း ကျနော့်ကိုသူက လုပ်ပါတယ်..အပြင်းပြေလုပ်တဲ့သဘောမျိုးပေါ့….အရင်က အချုပ်ဆောင်ထဲမှာ ကင်းမှူးအောင်မင်းကလည်း အဲဒီလိုလုပ်ဘူးပါတယ်….အချုပ်ဆောင်ထဲမှာ ကျနော်တို့က မျက်နှာကိုအ၀တ်စည်းခံထားရတာပါ….နဖူးကိုG 3 နဲ့တေ့ပြီး ကြောက်အောင်ပြောတယ်….လှန့်တယ်ပေါ့….ကြွက်ကိုဖမ်းပြီး ကြောင်က ကစားနေသလိုမျိုးပေါ့……
အောက်တိုဘာလဆန်း လောက်မှာ ကိုခင်မောင်ဇော်ကို ကိုမျိုးဝင်းကပြန်လွှတ်ပေးလိုက်ပြီး ဗန်းမော်ခရိုင် ကိုခေါ်သွားပါတယ်….ဒုတိယပတ်လောက်မှာ ကုလား(ခ) (၀င်းနိုင်စိုး) ကို ကိုသံချောင်းအမိန့်နဲ့ ပြန်လွှတ် ပေးလိုက်ပါတယ်…..
အောက်တိုဘာလကုန်လောက်မှာ ကျနော်တို့အားလုံးကို အလံတိုင်ကုန်းနောက်က အပေါ် အချုပ်ဆောင် ကို ပြောင်းလိုက်ပါတယ်…..ဘားတိုက်ဟောင်းကြီးမို့ အကာတွေကိုလည်း အကျဉ်းသားတွေကဘဲ ၀ါးကပ်တွေကာ ကြရပါတယ်….အခင်းကမြေကြီးမှာဘဲ ရင်ဘောင်ကြမ်းအစုပ်တွေ ခင်းအိပ်ကြရတယ်…အဲဒီကိုရောက်ပြီး သိပ်မ ကြာခင် သီတင်းကျွတ်လပြည့်ကျော်( ၁ ) ရက်နေ့မှာ ဗဟိုကော်မတီဝင်ဦးစိန် (ရန်ကုန်) ကွယ်လွန်ခဲ့ပါတယ်….
ဦးလေးစိန်ကအချုပ်ဆောင်မှာ ရက်ပိုင်းလောက်ပဲနေခဲ့ရတာပါ….သူ့အတွက်လုပ်ပေးထားတဲ့ ၀ါးကွပ်ပျစ် လေးပေါ်မှာဘဲ အိပ်နေရင်းကွယ်လွန်သွားခဲ့ပါတယ်…..စစ်ကြောရေးမှာ စစ်တာဆေးတာတွေတော့ ခံခဲ့ရပေမယ့်
ပြင်းထန်တဲ့ဒဏ်ရာဒဏ်ချက်တော့ မတွေ့ရပါဘူး….အသက်အရွယ်အရသော်၎င်း စိတ်ခံစားမှုများ ကြုံတွေ့ခဲ့ရတဲ့ အတွက်၎င်း ကွယ်လွန်သွားခဲ့တယ်လို့ မြင်ပါတယ်…..အကျဉ်းသားများမှဘဲ သင်္ချုင်းမှာ မြေမြှုတ် သင်္ဂြိုလ် ခဲ့ပါတယ်….ဆွမ်းသွတ်အမျှပေးဝေခြင်းတော့ မရှိခဲ့ဘူးလို့ မှတ်မိပါတယ်…..
နောက်ပိုင်း အဖျားအနာများတဲ့အတွက် ကိုစိုးလေး၊ကိုမြင့်သိန်းတို့မှ အစောင့်ဝန်ထမ်းများကိုပြောပြီး ၀ါး များခုတ်ကာ ၀ါးကွပ်ပျစ်များ လုပ်ခဲ့ကြရပါတယ်….အလုပ်လုပ်ရာမှာလည်း သူတို့၂ယောက်က ဦးဆောင်လုပ် ကြရ ရင်းနဲ့ နောက်ပိုင်းမှာတန်းစီး သဘောမျိုး ဖြစ်သွားကြပါတယ်….ရှေ့ပိုင်းမှာ မျိုးဇော်အောင်နဲ့ ၀င်းမြင့် တို့က
အကျဉ်းသားတွေကိစ္စလုပ်ပေးရရင်းနဲ့ တန်းစီးသဘောမျိုး ထားတာရှိပါတယ်…..မနန်းအောင်ထွေးကြည်….မနန်း စော ၊ မခင်ချိုဦး ၊ မတူးတူး တို့က ထမင်းချက်ပြီး အကျဉ်းသားတွေကို ကျွေးရပါတယ်…. အချုပ်ဆောင်နဲ့ ကပ်လျှက်အနိမ့်ပိုင်းလေးမှာ မီးဖိုကြီးထားပါတယ်….စားရတာက ထမင်းနဲ့ဆား၊ ထမင်းကို ဆန်ပြုတ် ဆမ်းပြီး ဆားနဲ့စားရပါတယ်…..
အချုပ်ဆောင်နဲ့ကပ်လျှက် ဘားတိုက်မှာ ကင်းတပ်စိတ်ကိုထားပြီး (၂) နာရီခြား ကင်းသမား၂ယောက်က နေ့ည ကင်းစောင့်ပါတယ်….၀င်ပေါက်တပေါက်ထဲရှိပြီး အဲဒီအပေါက်ဝမှာဘဲ အထဲဝင်စောင့်တာပါ….အချုပ်သား အားလုံးက ( ၇၀ ) လောက်ရှိပါတယ်…..နောက်ပိုင်းဗန်းမော်ခရိုင်က ( ၁၅ )ယောက်လောက်ရောက်လာပြီးမှ (၈၅) ယောက်လောက်ဖြစ်သွားပါတယ်….. သင်တန်းဆရာ ကိုဝင်းနောင် (လူ့ဘောင်သစ်- ဗဟန်း) ကို လမ်းမလျှောက်နိုင်တဲ့အတွက်သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်….ရင်းမှူးအောင်သန်းမှ အချုပ်ဆောင်တွင်း ပစ်ခတ်မှုကြောင့် ဦးအောင်ကိုး (တပ်ကြပ်ကြီး) သေနတ်မှန်သေဆုံးခဲ့တယ်လို့သိရပါတယ်….စိုးမင်းအောင်၊ ကိုအေးကျော်(မန္တလေး)၊ တို့ သေဆုံးခဲ့တယ်လို့သိရပါတယ်…..
မနက်၅း၀၀နာရီထ…. အပေါ့အလေးသွား….လူစစ်ပြီး အလုပ်တာဝန်တွေခွဲပါတယ်….အလုပ်မလုပ်နိုင်တဲ့ နေမကောင်းသူတွေ…ခြေပြတ်လက်ပြတ်သူတွေ….အားနဲပြီး လမ်းမလျှောက်နိုင်သူတွေလောက်ပဲကျန်ပြီး အားလုံး အလုပ်လုပ်ရပါတယ်…..အစပိုင်းမှာတော့ မြေပေါက်…လမ်းပြင်…. ကျောက်တုံးတွေခင်း လုပ်ရပါတယ်…. နောက်ပိုင်းမှာတော့ ၀ါးခုတ်၊သစ်ခုတ်၊ အဆောက် အဦးဆောက်… ထင်း(ပင်စည်လုံး)တွေကို အပင်လိုက်ခုတ် ….ဖြတ်တောက်ပြီး ထမ်းပိုးသယ်ယူကြရပါတယ်… အချုပ်ဆောင်မီးဖိုကြီးအတွက် လုပ်ရတာလည်းရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ရှိသမျှ ရုံးအဖွဲ့….တပ်ဖွဲ့ဝင်တွေအားလုံး အတွက် ထင်းကိစ္စ၊ အဆောက်အဦးဆောက်တဲ့ကိစ္စ၊ ထရံယက်တဲ့ ကိစ္စတွေကို လုပ်ကြရပါတယ်…. အကျဉ်းသားအား လုံးနီးပါးလည်း သံခြေကျင်းတွေနဲ့ ဖြစ်ကုန်ပါပြီ….
မနက်၈း၀၀နာရီထိတစ်ပိုင်း အလုပ်လုပ်ရပြီး မနက်စာစားရပါတယ်…..၉း၀၀နာရီလောက်ကနေ ညနေ၅း၀၀နာရီထိ ဆက်ပြီးအလုပ်လုပ်ရပါတယ်….ပြီးတော့ညနေစာစားကြရပါတယ်….
အောက်အချုပ်ဆောင်မှာတင် ကင်းမှူး( ထောင်မှူး) တွေက ညနေ ၆း၃၀ လောက်ကစပြီး သီချင်းဆိုခိုင်း တာမျိုးတွေ ကြိုကြားကြိုကြား ရှိနေပါပြီ…..ကင်းမှူးတွေက အစပိုင်းမှာ တပ်ကြပ်ကြီးအောင်မင်း၊ ဆရာထိန်လွင် တို့ဖြစ်ပါတယ်…အပေါ်အချုပ်ဆောင်ရောက်တော့ ကိုစောမြအောင်….တပ်ကြပ်လှမျိုးအောင်တို့ ပါ…..
ညနေစာစားပြီးရင် တစ်ဦးနဲ့တဦး လက်ကိုကြိုးချည်ပေးကြရတယ်…. မျက်နှာစည်းတွေ စည်းပေးကြရတယ်… ခြေထောက်မှာတော့ သံခြေကျင်းတွေနဲ့ပေါ့….တစ်ချို့(၅)ယောက်လောက်က ထိပ်တုံးနဲ့နေရတာရှိတယ်….ကိုထွန်းအောင်ကျော်က ထိပ်တုံးနဲ့နေရတာများပါတယ်…တာဝန်ကျကင်းသမား တွေက လှဲနေဘို့မပြောသေးရင်တော့ ထိုင်နေလို့ ရသေးတယ်….
နောက်ပိုင်းမှာတော့ အလှည့်ကျသီချင်းဆိုတာတွေ လုပ်ကြရတယ်….ကိုထိန်လင်းရဲ့လူကက်ဆက် တွေဖြစ်သွားကြတာပေါ့….. ၈း၃၀လောက်ဆိုအိပ်ချိန်ပေးတယ်…အိပ်ချိန်ပေးပြီးနောက်ပိုင်း ကတော့ လှုပ်ချင်ရင်တောင် လှုပ်လို့ မရတော့ပါဘူး…..လှုပ်မိရင် တာဝန်ကျကင်းသမားရဲ့ ကန်တာဖြစ်ဖြစ်၊ သေနတ်ဒင်နဲ့ခေါင်းကိုဆောင့်တာဖြစ်ဖြစ် ခံရပါတယ်…တစ်ချို့ အိပ်ရင်းနဲ့ စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထထိုင် တာမျိုးတွေဖြစ်တာရှိတယ်…အဲဒီကျရင် ခံရချက်ကမသက်သာပါဘူး…..
နောက်ပိုင်းကျတော့ လှုပ်ချင်ရင် တစ်ဖက်လှည့်ချင်ရင် အိပ်နေရင်းနဲ့…. လှည့်ချင်တယ်…. ဆိုပြီးကင်းသမားကို အော်ပြီးသတင်းပို့ရတယ်…သူကလှည့်ဆိုပြီးပြောမှ လှည့်ရတယ်….အပေါ့သွားဘို့အတွက် ဂလူးကို့စ် ပုလင်း (၂) လုံး ခြေရင်းမှာ ထားရတယ်….ည၁၂နာရီမှာတခါ၊ ၄နာရီမှာတခါ တန်းစီးတွေက အပေါ့စွန့် ဘို့နှိုးတယ်…. မျက်နှာစည်းချွတ်ပြီး ပုလင်းထဲကို အပေါ့စွန့်ရတယ်…. လက်နှစ်ဘက်ပူးပြီး ကြိုးတုတ်ထား တာကိုမဖိတ်အောင် အပေါ့စွန့်ရတယ်….. ဖိတ်ကျရင် မနက်ကျ ကောင်းကောင်း အရိုက်ခံရပါတော့တယ်…..
ညဘက်တွေမှာတော့ မကြာမကြာ လာရောက် ရိုက်နှက်တာတွေရှိပါတယ်….၂ယောက်စ ၃ယောက်စ အရိုက်ခံရတာရှိသလို အားလုံးထထိုင်ခိုင်းပြီး အကုန်လုံးကို ခေါင်းတွေကို ရိုက်တာလည်းရှိပါတယ်….ကွဲကြ ပြဲကြပေါ့….. မူးလာပြီးရိုက်တာတစ်မျိုး….တော်လှန်ရေးဒေါသတွေ ပေါက်ကွဲပြီး လာရိုက်တာမျိုးတွေလည်း ရှိပါတယ်….
တစ်ရက်မှာတော့ ရင်းမှူးအောင်သန်းနဲ့ အဖွဲ့မူးပြီးဝင်လာတဲ့အသံ ကြားရတယ်….၉း၃၀လောက်ဖြစ်မယ် ထင်တယ်….အားလုံးထထိုင်ကြဘို့အော်ပြောတယ်…..ဘယ်ဘက်ထိပ်(ကိုထွန်းအောင်ကျော်တို့ဘက်)မှ စရိုက်လာတာ အနားကိုရောက်လာတယ်….မကွဲရင်နောက်တစ်ချက်ထပ်ရိုက်ဘို့ပြောပြီးရိုက်လာကြတာ…..
ခေါင်းနဲ့တုတ်နဲ့ထိမဲ့အချိန်ကိုစောင့်နေရတယ်…..ပထမတစ်ချက်ဒိန်းကနဲအရိုက်ခံရပြီး လင်းကနဲဖြစ်ပြီး ယိုင်သွား တယ်…..ခေါင်းကိုပြန်တည့်လိုက်တဲ့အချိန်မှာ ခုနနေရာကိုဘဲနောက်တစ်ချက်ထပ်ထိပြီး ယိုင်ကျသွားတယ်….. ခေါင်းကိုပြန်မတ်ဘို့လုပ်ရင်း ပူနွေးတဲ့အရည်တွေမျက်နှာပေါ်ကဖြတ်စီးနေတာ ထိတွေ့ခံစားရတယ်…. မျက်နှာစည်းချောင်ကျသွားလို့ အောက်ကိုငုံ့ကြည့်တော့ တင်ပလင်ခွေထိုင်နေတဲ့ ပေါင်ပေါ်က စောင်ပေါ်မှာ သွေးတွေက အပုံလိုက် အခဲလိုက် မြင်နေရတယ်…..ခေါင်းတခုလုံး လေထဲလွင့်နေတယ်…..မလဲသွားအောင် စိတ်ကိုစုစည်းပြီးနေရတယ်…..မိနစ်၂၀လောက်ကြာတော့ ဆေးတပ်သား(ဗျောက်သောက်) ရောက်လာပြီး ချုပ်ပေးတာမှတ်မိတယ်…..၈ချက်လား၊၁၁ချက်လားချုပ်တယ်ကြားတယ်…..ခဏနေတော့ မူးလာတယ်…..
လှဲအိပ်နေရင်းမူးလာတယ်…..အန်ချင်လာတယ်….ထထိုင်ပြီးအန်ချင်တယ်ပြောတော့ သစ်သားပုံးတခု တန်းစီး ၀င်းမြင့် ကယူလာပေးတယ်….စားထားသမျှထမင်းတွေ အကုန်ပြန်အန်ထွက်တယ်….အရမ်းမူးလာလို့ လှဲနေရင်းကနေ ဘာမှမသိတော့ဘူး၊သတိပြန်ရလာတဲ့ အချိန်မှာ အရင်နေရာမှာမဟုတ်ဘဲ နောက်တနေရာ ဖြစ်နေတယ်….၂ရက်သတိမေ့နေတယ်လို့နောက်မှသိရတယ်….မခင်ချိုဦးက ဆန်ပြုတ်လာတိုက်တာ မှတ်မိတယ်… ပထမတစ်ဇွန်းမှာတင် ပါးစပ်ထဲမှာအရမ်းခါးနေတယ်….. အရမ်းမူးနေတယ်….အဲဒါဘဲ သတိရ လိုက်ပြီး ပြန်မေ့သွားတယ်…..နောက်ထမ်းစင်ပေါ်တင်နေတာသိလိုက်တယ်….ကိုစိုးလေးမျက်နှာကိုမြင် လိုက်တယ်.. သင်္ချိုင်းကုန်း အကွေ့နားရောက်နေတာသိလိုက်ပြီး မေ့သွားတယ်…..
သတိပြန်ရတော့ KIA ဆေးရုံမှာရောက်နေတယ်….ခေါင်းကဒဏ်ရာက အနာကျက်နေပြီ…. တစ်ပတ်လောက်မေ့နေတယ်လို့ ပြောကြတယ်….ခြေထောက်မှာသံခြေကျင်းနဲ့ဆိုတော့ KIA လူနာတွေက စားစရာခိုးကျွေးကြတယ်….စည်သူ၊ ဖိုးနှောင်းးနဲ့ နိုင်စောတို့ လာစောင့်တာမှတ်မိတယ်….လမ်းကောင်းကောင်း မလျှောက်နိုင်လို့ လမ်းလျှောက်ပြန်ကျင့်ရတယ်….အားပြတ်သလိုဖြစ်ပြီး ခြေထောက်ပေါ်ကြာကြာ မရပ်နိုင်ဘူး…
နောက်နေ့ကျတော့ ထလရသန်းဇော်လာခေါ်ပြီး အချုပ်ထောင်ကိုပြန်ပို့တယ်….
ကိုအောင်ဖိုး(ခ)အေးသက်လတ်နဲ့ ဘေးချင်းကပ်နေရတယ်….ထမင်းစားတော့သူနဲ့ဘဲ ပလပ်စတစ်အခင်း လေးတခုပေါ်မှာ အတူစားရတယ်…. ကိုအောင်ဖိုးကပြောတယ်…. ကိုရဲလင်း ကျနော်နဲ့အတူစားရတာ အစဉ်ပြေရဲ့လားတဲ့….ကျနော်ကဘာကိုပြောတာလည်း မေးတော့ သူ့ခြေထောက်နဲ့လက်ကိုကြည့်နေတယ်….
လက်တဖက်ကလည်းပြတ်နေတယ်….ခြေချောင်းတွေကလည်းပြတ်နေတယ်….သူ့ကိုရွံနေမှာကိုသူအား နာနေတာထင်တယ်….ကျနော်က…ဟာ…ဘာမှမဖြစ်ပါဘူးလို့ချက်ချင်းပြောလိုက်တယ်….သူဒီလိုအခြေအနေမျိုး ရောက်နေတာတောင်မှ ….ကိုအောင်ဖိုးရဲ့ အာနာတတ်တဲ့စိတ်…. နူးညံ့တဲ့စိတ်ဓာတ်ကို အမြဲ အမှတ်ရနေမှာပါ……
အချုပ်ဆောင်ပြန်ရောက်ပြီး (၂)ရက်လောက် အလုပ်မလုပ်ရသေးဘဲ နေရတယ်…. တစ်ရက် အကျဉ်းသားတွေ အလုပ်သွားနေတုံး အချုပ်ဆောင်ရှေ့ကွပ်လပ်မှာ ခဏနေရတယ်….ကိုထွန်းအောင်ကျော် တို့လည်းအထဲပြန်မ၀င်ရသေးဘဲရှိနေကြတယ်….၂ပေလောက်ရှိပြီး လက်ကောက်ဝတ်လောက်တုတ်တဲ့ တုတ်တ ချောင်းနဲ့ လမ်းလျှောက်နေရတဲ့အခြေအနေ ရောက်နေပါပြီ….ကျနော်ကို စကားပြောချင်နေပုံရတယ်….ထော့နဲ့ ထော့နဲ့ ကပ်လာတယ်….အစောင့်တွေလစ်တုံး ကျနော်ကို စကားနဲနဲပြောပါတယ်….. သူ့ကိုတော့ထားမှာမဟုတ်ဘူးတဲ့…..တစ်ချိန်ကျအခွင့်ကြုံရင် အဖြစ်မှန်တွေကို ဖေါ်ထုတ်ပေးပါတဲ့….. ကျနော် ခေါင်းညိတ်ပြခဲ့ပေမယ့်….ရှေ့ဘာဖြစ်မလဲဆိုတာမရေရာတော့ …..စကားတွေအများကြီး ပြန်မပြောနိုင်ခဲ့ပါဘူး… နောက်ပိုင်းကျသိရတာက သူ့နားမှာနေခဲ့၊အိပ်ခဲ့ရတဲ့ ကိုထိန်လင်း၊ကိုသိန်းထွန်း၊တို့အပြင် တော်တော် များများကို အဲဒီလိုမှာသွားခဲ့ပါတယ်….တည်တည်ငြိမ်ငြိမ် နဲ့ဘဲ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားခဲ့တာပါ… နောက်ရက်တွေမှာ ကိုဘိုဘို၊ကိုစိုးလေး၊ကိုထိန်လင်းတို့က သူတို့အလုပ်လုပ်ရတဲ့ ထရံယက်ရတဲ့ ဆီမှာတွဲပြီးနေခိုင်းတယ်….၀ါးဖြတ်ရင်းနှီးဖြာတာသင်ရင်းပေါ့….အချုပ်ဆောင်ထဲမှာ အလုပ်မလုပ်ဘဲနေရင် ချိသွားတာများတယ်…..ကိုထွန်းအောင်ကျော်၊ကိုချိုကြီးတို့ကိုတော့ တခြားသူတွေနဲ့ အဆက်အဆံမလုပ်အောင် သီးခြားထားတယ်….စကားမပြောကြရဘူး……
နောက်ပိုင်းအားပြန်ပြည့်လာတော့ တခြားသူတွေလိုဘဲ ၀ါးခုတ်၊ တိုင်ခုတ်၊ သစ်လုံးပိုင်းတွေသယ်နဲ့ လုပ်ရတယ်….ထရံယက်တဲ့အခါရက်ရတယ်…. ကြားထဲမှာ ၂ခါလောက် ကိုမျိုးဝင်း၊ကိုအောင်နိုင် တို့က ခေါ်တွေ့တာရှိတယ်…. ထိုင်ခိုင်းထားပြီး ဘာမှမပြောဘဲနေကြတယ်….တစ်ရက်မှာတော့ ဘာပြောချင်သလဲဆိုတာ ကိုမျိုးဝင်းကမေးတယ်…..အကျဉ်းသားတွေအတွက် ရိက္ခာရာရှင် လုပ်ပေးဘို့ပြောလိုက်တယ်….နောက်ပိုင်းကျရင် လုပ်ပေးမယ်လို့ပြောတယ်…..
အကျဉ်းသားတွေက အလုပ်လုပ်ရင်းနဲ့ စားလို့ရတဲ့အရွက်တွေခူးလာကြပြီး ထမင်းစားတဲ့အခါ ဝေမျှစားကြတယ်….အစိမ်းစားလို့ရတဲ့ အရွက်တွေက ရေကြက်သွန်၊ စိန်နဘော်ညွန့်၊ မုန်ညင်းရွက်လို အရွက်သေးနဲ့ အပင်လေးတွေပါ…. ဇန္န၀ါရီလောက်ကျမှ ရိက္ခာနဲနဲထုတ်ပေးတယ်….အာလူးကိုပါးပါးလှီးပြီး ဟင်းရည်ပုံစံမျိုးစားရတယ်…စွန်တန်ဟင်းရည်စားရတယ်…မျှင်ငါးပိအရည်ကျိုစားရတယ်…၃ရက်လောက်ဆို ကုန်ပြီ….ဟင်းပါတယ်ဆိုရုံစားကြရတာပါ….တစ်ပတ်တခါ အမဲသားကလက်တဆစ်လောက်စားရတယ်….
နောက်ပိုင်းအကျဉ်းသားတွေက ရေချဉ်ပေါင်၊ အချစ်ပွင့်တွေခူးလာကြပြီး မီးဖိုကြီးကိုပေးပြီး ရိက္ခာလုပ်ကြ တယ်……အားလုံးစားကြတယ်…..
ဒီလိုနဲ့အကျဉ်းသားဘ၀က အိပ်လိုက်၊စားလိုက်၊ အလုပ်လုပ်လိုက်နဲ့ စက်ရုပ်တွေလိုလို….မျှော်လင့်ချက်မဲ့ တဲ့ ဘ၀တွေအနေနဲ့တရက်ပြီးတစ်ရက်ကုန်သွားတယ်….မာနတွေမရှိတော့ဘူး၊ခံစားချက်တွေမရှိတော့ဘူး….
တိရိစ္ဆာန်တွေလို ဘ၀မျိုးနဲ့ စခန်းသွားနေကြရတယ်….မျှော်လင့်ချက်တွေ မရှိတော့ဘူး…..
ကြားထဲမှာ ကိုမိုးဇော်ထွန်း(ခ)ကိုမိုးကြီးကို လာခေါ်သွားပြီး ကိုမျိုးဝင်းအမိန့်နဲ့ လွှတ်လိုက်တယ်…. သူလိုဘဲအားလုံးက လွတ်ချင်ကြတယ်….အားကျကြတယ်…..မျှော်လင့်ကြတယ်…..
ညဘက်တွေ အလှည့်ကျသီချင်းဆိုကြရတဲ့အခါမှာတော့ ကိုယ့်ခံစားချက်နဲ့ကိုယ် စိတ်ဖြေရာရခဲ့တာတွေ တော့ ရှိခဲ့ကြမှာပါ…..အရိုက်အနှက်မခံရဘူးဆိုရင်ပေါ့……
အချုပ်ဆောင်ထဲမှာ အရှည်ကြီးဝင်းသိန်းဆုံးတာမှတ်မိတယ်….ကိုအောင်မင်း(ကိုထိန်လင်း) ကိုထောင်မှူး လှမျိုးအောင်က နံချပ်ကူနဲ့ လမိုင်းတင်တယ်ဆိုပြီး တညလုံး တနေ့လုံးရိုက်ခဲ့လို့ သေဆုံးခဲ့ရတာ မှတ်မိပါတယ်…..
တစ်ချို့အကျဉ်းသားတွေ အာဟာရချို့တဲ့လို့ လမ်းမလျှောက်နိုင်တာတွေ…..ခြေလက်တွေဖေါယောင်ပြီး လမ်းမလျှောက်နိုင်တာတွေဖြစ်ကြတယ်…..ဒေသအခေါ်ကတော့ ထုံဖြစ်တယ်လို့ပြောကြတယ်…..တကိုယ်လုံး သန်းကြီးမတွေတက်ပြီး ညဘက်ကောင်းကောင်းအိပ်မရတဲ့အထိ ဒုက္ခရောက်ကြတယ်…..အလုပ်နားလို့သန်းကြီး မတွေ ရှာရင် ၁၅မိနစ်လောက်နဲ့ အကောင်၁၀၀လောက်ရတယ်….ကုန်သွားတယ်ဆိုတာမရှိဘူး…..ညဘက်အိပ် ချိန်ကျမှ ကိုယ်ပေါ်မှာတရွရွနဲ့ပြေးကြတယ်….ကိုက်ကြတယ်…..လောကငရဲတခုပေါ့….
Saturday, September 22, 2012
ကိုနေဝင်းအောင် ရဲ့ညီမ လူယုတ်မာ နိုင်အောင်ကို ပြောပြီ
ကိုနေဝင်းအောင် ရဲ့ညီမ လူယုတ်မာ နိုင်အောင်ကို ပြောပြီ
Friday, September 21, 2012 8:03:24 PM
Nay Hline Htwe
ABSDF (တောင်ပိုင်း)က ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင်ကတော့
ထောက်လှမ်းရေးဆိုတာ သေချာပါတယ်တဲ့လား Dr နိုင်အောင်
မီဒီယာစာမျက်နှာထက်ကနေ ပြောလို့ရတယ်ဆိုပြီး အပိုင်ကိုပြောချ
လိုက်ပါတဲ့ ပြည်တော်ပြန် နိုင်ငံရေးလုပ်စားသူကြီးကိုနိုင်အောင်ရေ….
ABSDF (တောင်ပိုင်း) အုပ်စုက မြောက်ပိုင်းလောက် အုပ်စုမတောင့်၊သေ
သူသေ၊ရှင်သူက တပြည်တရွာစီမှာ တကွဲတပြား ကိုယ့်စားဝတ်နေရေး ကိုယ်
ရုန်းကန်နေကြရတော့ ပြန်မဖြေရှင်းလောက်ဘူးဆိုပြီး အဲဒီချိန်က တော်လှန်ရေး လုပ်ဖော်ကိုင်ဖက်ချင်းကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်
ဖြတ်နှိပ်စက် ဒီလူတွေကို နိုင်ငံရေးသေအောင် သတ်ခဲ့ပြီးတာတောင် အခု
မြန်မာပြည် နိုင်ငံရေးမှာ သူရဲကောင်းဖြစ်ချင်သူကြီးက ထပ်ပြီး မြေမြှုပ်လိုက်
ပြန်တာလား။
ကျွန်မဟာ အသက်(၅၁)နှစ်ရှိတဲ့ အိမ်ထောင်ရှင်မ တယောက်ပါ၊
နိုင်ငံရေးနားမလည်ပါဘူး၊ရှင် ထောက်လှမ်းရေးလို့ပြောတဲ့ လုပ်သားကော
လိပ်၊မြန်မာစာဌာနက ဆရာကိုနေ၀င်းအောင်ရဲ့ ညီမအရင်းပါ။တောထဲမှာ
ကျွန်မအစ်ကို သေပြီလို့တောင် ကြားခဲ့ရပြီးမှ ထောက်လှမ်းရေးလို့ စွပ်စွဲခံရ
ပြီး နှိပ်စက်ခံခဲ့ရတာတွေ စွပ်စွဲနှိပ်စက်သူက ABSDF မှာတာဝန်အရှိဆုံးလို့
ဆိုတဲ့ Dr နိုင်အောင်ဆိုတာ အခု ပါဂျောင်ရှင်းတမ်းမှာ ထပ်ကြားရသလို
မိုးသီးဇွန်နဲ့နိုင်အောင် နယ်လု၊အာဏာလုရာကနေဖြစ်တဲ့ နိုင်ငံရေးလှည့်
ကွက်ကလိမ်ကကျစ်တွေထဲမှာ ဓားစာခံဖြစ်ပြီး စွပ်စွဲခံရတာလို့ တဆင့်
စကားကြားခဲ့ရတယ်။
ရှင် ဂျာနယ်စာမျက်နှာထက်မှာဝန်ခံသလို ထောက်လှမ်းရေးဆိုပြီး
နှိပ်စက်၊ထောင်(၁၀)နှစ်ချ၊အချုပ်ထဲမှာ ကျွန်မအစ်ကိုနဲ့ ကိုစိုးလင်းအပါအ
ဝင် ထင်ကျော်၊မြင့်ဦး တို့ဟာဒီတခါ စခန်းတစ်ခုကတစ်ခု ပြောင်းရင်တော့
ငါတို့ကို အသေသတ်ပြီး ထားခဲ့တော့မှာဆိုပြီး အချုပ်ခန်းဖောက်ထွက်ပြေး
လို့လွတ်မြောက်ခဲ့ရတာပါ၊အချုပ်ထောင်ကျနေစဉ် ရှင်ကတော့ ဂျာနယ်စာ
မျက်နှာထက်မှာအကျဉ်းသားအခွင့်အရေးပေးခဲ့တယ်လို့ ရေးခဲ့ပါတယ်။
ရှင်တို့ရဲ့ တောတွင်းအကျဉ်းခန်းမှာကျခဲ့ရတဲ့ ကျွန်မအစ်ကိုကတော့ သူ့ကို
နှိပ်စက်တာ၊သူများကိုနှိပ်စက်တာ၊တချို့မိန်းကလေးတွေကိုပြုကျင့်ဆက်ဆံ
ခဲ့တာတွေကြောင့် တခါတလေ ချက်ချင်းသေသွားရင်ကောင်းမယ်လို့ ကိုယ့်
ဘာသာကိုယ်တွေးမိတဲ့ အထိသွေးပျက်မတတ်ငရဲခန်းအနိဌာရုံတွေကို တွေ့
ကြုံခံစားခဲ့ရပါတယ်တဲ့။ကျောင်းဆရာကို ရိုက်ဖူးတယ်ရှိအောင်ရိုက်ကြစမ်း
ကွာဆိုပြီး ကျောင်းသားငါးယောက်ကို ၀ိုင်းရိုက်ခိုင်းပြီး အပျင်းဖြေတာ ဘယ်သူပါလဲ
ကိုနိုင်အောင် ၊ရှင်ရော Dr သောင်းထွန်းကရော တရားဥပဒေအရစစ်ဆေးခံရရင်
အဲဒီအချိန်မှာ တာဝန်ရှိခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေပါ
ဝင်ဖြေရှင်းသင့်တယ် ပြောတာ ကျွန်မတို့က သိပ်ထောက်ခံတာပေါ့ရှင်၊
ရှင်တို့ကကျွန်မအစ်ကို ကို တောထဲမှာ သမချင်သလို သမ နေခဲ့သလိုဘဲ
ကျွန်မတို့ မိသားစု၊ဆွေမျိုးစုမှာ အဲဒီထောက်လှမ်းရေးတွေရဲ့စစ်ဆေးဖမ်းဆီး
ဒဏ်ကိုခံခဲ့ရတာပါ။ကျွန်မဆို အဲဒီချိန်က ဘိုကလေးမြို့ တိုင်းရင်းဆေးခန်းမှာ
တာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်း တယောက်ပါ။ဆရာမကို ထောက်လှမ်းရေး
ဆွဲသွားတယ် ဆိုပြီးနာမည်ကိုကြီးလို့။မအူပင်ထောက်လှမ်းရေးတပ်ကိုခေါ်
သွားပြီး အစစ်ခံခဲ့ရတာ အဲဒီချိန်က ကျွန်မကိုစစ်မေးရင် နင့်အကို သူပုန်ဆို
တာ ထပ်နေတာပဲ။
ကျွန်မအစ်ကို ဘယ်မှာရှိနေလဲ။ဘာတွေလုပ်သလဲ။ဘယ်သူ
တွေနဲ့ ဆက်သွယ်လဲ ဆိုတာ အမျိုးမျိုး ခြိမ်းခြောက်စစ်မေးခံရတယ်။ကျွန်
မတို့ရဲ့ အိမ်ထောင်ဦးစီး အစ်မကြီးကိုတော့ ရန်ကုန်အိမ်ကနေ နှစ်ညအိပ်
သုံးရက်ခေါ်သွားပြီး အတော်အတန် နှိပ်စက် စစ်မေးခံရပါတယ်။အဲဒီစစ်ဆေး
ခံရတဲ့ ဒဏ်ကြောင့်မျက်လုံးတဖက် ဒဏ်ရာရပြီး ကွယ်လုနီးပါးဖြစ်သွားခဲ့ပါ
တယ်။ခြေထောက်နှစ်ဖက်မှာလည်း မျဉ်းလုံးနဲ့အလှိမ့်ခံထားရလို့အညိုအ
မည်းစွဲပြီး ခုထိ အဆစ်အမြစ်တွေနာနေတုန်းပါ။ကျွန်မ အခုရေးပြနေတဲ့ နှိပ်
စက်ခံရမှုကတော့ရှင်တို့ တောတွင်းဥပဒေနဲ့ စစ်ဆေးခံရပုံနဲ့မိုးနဲ့မြေကွာ
နေမှာပေါ့နော်။ရှင်တို့ ၀ိုင်းနှိပ်စက်လိုက်တဲ့ မီမီခိုင်ဆိုတဲ့ မိန်းကလေး ဘယ်
လိုဖြစ်ခဲ့ရတယ်ဆိုတာ တောတွင်းမှာလဲ လူ့အခွင့်အရေးပေးခဲ့ပါတယ် ဆို
တဲ့ ရှင်တို့အသိဆုံးပါဘဲ။
စစ်ထောက်လှမ်းရေးက အဲဒီအချိန်မှာ ကျွန်မအစ်ကို ကိုအ
သေရရ အရှင်ရရ ဖမ်းချင်တယ်ဆိုတာ သူတို့အချင်းချင်းပြောဆိုမှုတွေ
အရ ကျွန်မတို့ကို စစ်ဆေးမှုတွေအရ သိခဲ့ရတာပါ။ဒါပေမဲ့ ကျွန်မအစ်မ
ကိုရော ကျွန်မ(အဲဒီတုန်းကအပျိုပါ) ကိုပါ မုဒိမ်းလဲမကျင့်ပါဘူး၊မီမီခိုင်လို
ဆေးလိပ်မီးနဲ့ အထိုးခံရတဲ့ ဒဏ်ရာ၊ရင်သား၊ဆီးစပ်တွေမှာ မရှိပါဘူး။
ကျွန်မတို့ ၀န်ခံထွက်ဆိုထားချက်တွေကို လက်မှတ်ထိုးခိုင်းထားတာ သူတို့
ဆီမှာရှိနေမှာပါ။ဒါကြောင့် အဲဒီအချိန်က ထောက်လှမ်းရေးတွေကိုလည်း
ကျွန်မတို့အစ်ကို ထောက်လှမ်းရေးဟုတ်မဟုတ် အစစ်ခံစေချင်တယ်ဆိုတဲ့
ရှင်တို့စကားကို သိပ်ထောက်ခံပါတယ်ရှင်။အဲဒီအချိန် ပုဇွန်တောင်မြို့နယ်
မှာတာဝန်ကျပြီး ကျွန်မတို့ ဆွေမျိုးတစ်စုကို ဒုက္ခတွေပေးခဲ့တဲ့ ထောက်လှမ်း
ရေးတွေပါ ပါဝင်သင့်တယ်။
ကိုယ်လုပ်ခဲ့တဲ့ အမှားကို ၀န်ခံလိုက်စမ်းပါ။ယောက်ျားတွေပဲ။
အဲဒီအချိန်တုန်းကမှားခဲ့ပါတယ်လို့သတ္တိရှိရှိ ၀န်မခံဘဲ ခုချိန်ထိ ကလိန်က
ကျစ် နိုင်ငံရေးလုပ်စားဖို့ကြိုးစားနေတုန်းပါလား။နိုင်ငံရေးအပေါ်ဆက်ပြီး
အမြတ်ထုတ်နိုင်ဖို့ ကြိုးစားနေသေးတယ်နော်။
ABSDF(မြောက်ပိုင်း)က အုံနဲ့သင်းနဲ့ အဖြစ်မှန်တွေကို အထုပ်ဖြေပြသွားပြီဖြစ်လို့ ရှင်ဘယ်လိုမှ ငြင်းလို့မရနိုင်ဘူးလေ။အဲဒီ
တော့ ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင် တို့ကတော့ ABSDF (တောင်ပိုင်း)
ထောက်လှမ်းရေးတွေပါလို့ မိုးကြိုးကို ထန်းလက်နဲ့ကာလိုက်ပြန်တာပေါ့။
ရယ်စရာကြီးပေါ့။ရယ်စရာကြီးပါ။ကိုနိုင်အောင် မရှက်တတ်ဘူးလား။ငါတို့
သေအောင်နှိပ်စက်တာ မသေလို့ ကျန်နေတဲ့ ဒီကောင်တွေ ပြန်မဖြေရှင်းရဲ
လောက်ဘူးထင်ပြီး မီဒီယာ စာမျက်နှာထက်တင်လိုက်ကြတာပေါ့လေ။ဟုတ်
ပါတယ်၊တကယ်လဲ ကျွန်မအစ်ကိုဟာ နိုင်ငံရေးကိုစိတ်ကုန်သွားပါတယ်။
စိတ်ဒဏ်ရာ၊ကိုယ်ဒဏ်ရာတွေနဲ့ ည-ည ဆို ထ-ထ လန့်အော်ပြီး ပြန်မအိပ်
နိုင်တော့အောင် စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ဒါပေမဲ့ ကိုယ့်သမိုင်းကိုယ်
ရှင်းရမယ်။အမှန်တရား ပေါ်စေရမယ်ဆိုပြီးသူတို့လဲသူတို့နည်းနဲ့ သူတို့
ဖြေရှင်းပါလိမ့်မယ်။
ကျွန်မကတော့ ရှင်တို့ဂျာနယ်အစောင်စောင်မှာပြောသလို စစ်မှန်
တဲ့ တရားဥပဒေရှိရင် ဖြေရှင်းမှာပါဆိုတာရယ်၊စစ်ထောက်လှမ်းရေးတွေပါ
ပါဝင်ဖြေရှင်းသင့်တယ်ဆိုတာရယ်ကို ကြိုဆိုထောက်ခံမျော်လင့်နေပါတယ်။
တောတွင်းကနေ တော်လှန်ရေးလုပ်မယ်ဆိုပြီး တောခိုသွားမှ ရှင်
တို့ရဲ့ နိုင်ငံရေးလှည့်ကွက်တွေထဲမှာ ရက်ရက်စက်စက်အသတ်ခံသွားရတဲ့
ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ဦးစိန် တို့လိုလူတွေ အသက်မသေပေမဲ့ ဒီ
နိုင်ငံထဲမှာဘဲ ဘ၀ပျက်နေခဲ့သူတွေ၊စစ်အစိုးရကိုလဲကြောက်၊ရှင်တို့လိုက်
သတ်မှာလဲ ကြောက်ပြီး ကိုယ့်တိုင်းပြည်မဟုတ်တဲ့ဆီ ပြေးပြီး မသေအောင်
ရုန်းကန်နေသူတွေကို နိုင်ငံရေးသတ်ခဲ့ပြီးတာတောင်အားမရနိုင်သေးဘူး
လား။
စစ်အစိုးရ ထောက်လှမ်းရေးတွေက ခြိမ်းခြောက်စစ်မေးတာတောင်
ကျွန်မ တုန်နေအောင်ကြောက်ခဲ့ရပါတယ်။ကျွန်မ အစ်ကိုအပါအ၀င် ရှင်တို့
နှိပ်စက်ခံခဲ့ရသူတွေဟာ သူတို့အသားနာ မခံနိုင်လွန်းလို့အသက်မသေဖို့
အတွက် ရှင်တို့ဖြစ်စေချင်သလို ၀န်ခံထွက်ဆိုခဲ့ရတာ အဲဒီအချိန်က ရှင်တို့
ကိုထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေကိုပြနိုင်ဖို့ NGO တွေ၊သံရုံးတွေ၊
နိုင်ငံခြားသတင်းဌာနကလူတွေကိုခေါ်ပြီး ၀န်ခံခိုင်းတဲ့အတိုင်း ရှင်တို့စိတ်
တိုင်းကျ ဇာတ်လမ်းတွေ တ ခိုင်လုံတဲ့ အထောက်အထား
တွေနဲ့ ထောက်လှမ်းရေးတွေပါလို့ သက်သေပြနိုင်တယ်တဲ့လား?
ABSDF(မြောက်ပိုင်း)က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ
ပါဂျောင်သတ်ဖြတ်ပွဲ အကြောင်း ရှင်းတမ်းလုပ်တုန်းကမီဒီယာတွေလဲတွေ့ခဲ့
မြင်ခဲ့၊ကြားခဲ့ ရပါတယ်။လူတယောက်ရဲ့ ဂုဏ်သိက္ခာမရှိအောင် ကိုယ့်သေး
ကိုယ်ပြန်သောက်ရ၊ခြေထောက်နှစ်ဖက်ကြိုးတုတ်၊လက်ပြန်ကြိုးတုတ်ပြီး
ထမင်းကိုခွေးကျွေးသလို ကျွေးဆိုတဲ့ လူမဆန်တဲ့ ရက်စက်နှိပ်
စက်မှုတွေကနေ လွတ်မြောက်လာကြတဲ့ ABSDF (မြောက်ပိုင်း)အုပ်စု၊
ABSDF(တောင်ပိုင်း)က မိန်းကလေး တယောက်တောင်တွေ့ပါတယ်။
ဘယ်သူတွေဟာ ကားအကောင်းစားကြီးစီးပြီးချမ်းသာတောက်ပြောင်နေသူ
ပါ ပါသလဲ။သူတို့ကိုကြည့်လိုက်တာနဲ့ ဘ၀ပျက်ခဲ့ကြတာ၊စွန့်လွှတ်ခဲ့ကြ
တာ၊နွမ်းပါးနေခဲ့ကြတာ အသိသာကြီးပါ။ရှင်တို့လက်ထဲကလွတ်အောင်ပြေး
ခဲ့တဲ့ ကိုစိုးလင်းရဲ့ ဇနီးဆရာဝန်မ မှာရောဂါကြီးဖြစ်နေတာ ဆေးကုဖို့တောင်
အနိုင်နိုင်ပါ။ကျွန်မ အစ်ကို ကိုနေ၀င်းအောင်ဆို မနက်(၆)နာရီကနေ ည
(၆)နာရီထိ ဆူရှီလိပ်မှ ထမင်းနပ်မှန်ပါတယ်။Dr နိုင်အောင်လို အဖွဲ့အစည်း
တွေကထောက်ပံ့တဲ့ ဒေါ်လာတွေနဲ့ ကျည်ကာ ကားဝယ်မစီးနိုင်ပါဘူး။
မဲဆောက်မှာ အိမ်နှစ်လုံး မရှိပါဘူး။ဘန်ကောက်မှာလဲ နေဖို့အိမ်မရှိပါဘူး။
ရှင်တို့ကျတော့ မြန်မာပြည်ထဲမှာ ဒီမိုကရေစီလဲရလာချိန်၊ပြည်ပကနေဘဲ
နိုင်ငံရေးဆက်လုပ်နေရင် ရှင်တို့တောင်စားနေကျ အဖွဲ့အစည်းတွေက
မထောက်ပံ့တော့ဘူး၊မြန်မာပြည်ထဲ ပြန်ဝင်မှ ထောက်ပံ့ငွေရမယ်ဆိုလို့
ဒေါ်လာ ဆက်စားနိုင်အောင် ၀န်ကြီးတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ပြန်ဝင်လာ
ရုံသာမက နိုင်ငံရေး သူရဲကောင်း တောင်လုပ်လိုက်ချင်သေးတယ်။
ပါလတရားဆိုတာ မနေပါဘူး။အခုတောင် ရှင်တို့ ရက်ရက်စက်စက်သတ်
ခဲ့တဲ့ ကိုထွန်းအောင်ကျော် တို့ တတွေရဲ့ အရိုးက တွန်နေပါပြီ။
(အမှန်တရားအတွက်..အားလုံးပဲ..share..ပေးကြပါ )
မြောက်ပိုင်းပြန် ဘိုဘို
မြောက်ပိုင်းပြန် ဘိုဘို
အပိုင်း (၃)
ကျနော်အဖမ်းခံရတာကလည်း ရွှေဒင်္ဂါးလက်ဖက်ရည်ဆိုင်မှာ အဖမ်းခံရတာ။
အဲဒီနေ့က အဖမ်းခံရတာကလည်း နေ့လည် ၁၁နာရီလောက်မှာ ကျနော်တို့ Strike လုပ်ကြတယ်၊ အဲဒီနေ့ကလည်း မိုးတွေ ရွာနေတယ်။ ကျနော်တို့ တရားဟောတယ်၊ တရားဟောပြီးတော့ ပြန်အဆင်းပြီးမှ ညနေ ၃နာရီခွဲ ၄နာရီလောက်မှာ ကျနော်တို့ရဲ့ ဗကသ တိုင်းရုံးရှိတဲ့ မောင်ထော်လေးလမ်းက ဂေါ်စတာကို ပြန်လာကြတာ။ အပြန်လမ်းမှာ ရွှေဒင်္ဂါးလက်ဖက်ရည်ဆိုင်ထဲမှာ အပြန် လက်ဖက်ရည်ဝင်သောက်ကြတဲ့အချိန်မှာ ကျနော်တို့ကို ၀င်ဖမ်းသွားတာ။
ဖမ်းပြီးတော့ ကျနော်တို့ကို ပန်းပဲတန်းရဲစခန်းကို ခေါ်သွားတယ်။ အဲဒီကနေ ကျနော်တို့ အင်းစိန်ကို ပါသွားတယ်။ အဲဒီလို အဖမ်းခံရပြီးသိပ် မကြဘူးဗျာ၊ ဇူလိုင်မှာ ပြန်လွတ်လာတယ်။ အထဲမှာ ၁၄ ရက် နေရပြီး ပြန်လွတ်လာတာ။
အဲဒီမှာ လူက ဘာဖြစ်သွားလဲဆိုတော့ အသက်ကလည်း ငယ်သေးတယ်၊ အထက်တန်းကျောင်းသား ဒါပေမဲ့ လှုပ်ရှားမှုတွေမှာ ပါနေတော့ ထောက်လှမ်းရေးမှာ စာရင်းပေါက်သွားတယ်။ စာရင်းပေါက်နေသော လှုပ်ရှားလို့လည်း မကောင်းတော့ဘူး။ အဲဒီမှာ စမ်းချောင်းက သူငယ်ချင်း ချိုကြီးနဲ့ ကျနော်နဲ့ နေရာလဲဖို့ဖြစ်သွားတယ်။တကယ်တော့ ချိုကြီးက တောထဲသွားဖို့ပေါ့၊ ကျနော်ကတော့ ကျောင်းတက်ရင်း မြို့ပေါ်မှာ လှုပ်ရှားမယ်ဆိုပြီး စီစဉ်ထားကြတယ်။ခုတော့ ကျနော်က လှုပ်ရှားရတာ ကြပ်သွားတော့  ချိုကြီးနဲ့ နေရာလဲပြီးတော့ ကျနော်က တောထဲကို ရောက်သွားခဲ့တာ။
အဲဒီလို တောထဲစပြီး သွားတဲ့အချိန်မှာ ကျနော့်ဆီမှာ လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်တာတို့ AB တို့ဘာတို့ မရှိဘူးဗျ။ ကျနော့် စိတ်ထဲမှာ ရှိတာက မတရားမှုကို တော်လှန်ချင်တယ်ဗျာ။ပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ ကျနော့်သူငယ်ချင်းတွေကို ကျနော် ပြန်ထုတ်ချင်တယ်ဆိုတဲ့ စိတ်ပဲ ရှိခဲ့တာ။
ထောင်ထဲကနေ ထွက်တော့လည်းကျနော် တကယ်ကို မျက်ရည်ကျခဲ့တာကိုး။ ထောင်ထဲမှာလည်း အတူတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ကျန်ခဲ့တယ်။
တကယ်တော့ ထောင်ထဲက ထွက်လိုက်တော့ ကျနော်ပိုဆိုးသွားတယ်။ ပိုဆိုးသွားတယ်ဆိုတာက ဘယ်လိုပြောရမလဲဗျာ၊စောစောတုန်းက ကျနော်က စိတ်နာတာ ပဲရှိတယ်။ ထောင်ထဲရောက်သွားပြီးတဲ့အခါ ပိုနာလာတယ်။ဘယ်လိုခေါ်မလဲ စိတ်ထဲမှာတော်တော်လေးကို နာသွားတာ ကိုယ့်သူငယ်ချင်းတွေကလည်း ထောင်ထဲမှာကိုး။ အဲဒီတုန်းက မှတ်မှတ်ရရ ဗိုလ်မှူးဝေလှိုင်၊ အန်အယ်ဒီက ၊နောက် ကိုအောင်ဇံအေးတို့ ပြီးတော့ အရေးအခင်းတုန်းက ဗိုလ်ကြီး စည်သူ ဆိုပြီးတော့မှ ဖြစ်တဲ့ အဖွဲ့ရှိသေးတယ်။ သူတို့အဖွဲ့က မဂိုလမ်းထိပ်မှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို စာရွက်တွေနဲ့ လိုက်ပြီး ဖြန့်ပေးတာ အဲဒါက ဗိုလ်ကြီးစည်သူပေါ့။ သူက ၂၉ လမ်းနဲ့ မဂိုလမ်းမှာ ရှိနေတဲ့ အဖွဲ့တွေက ဖမ်းလိုက်တာပြီးတော့ ၈၈ ပြီးချိန်မှာ ဗိုလ်ကြီးစည်သူတို့အဖွဲ့ကို တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ပြန်စွဲချက်တင်တာ။
ထောင်ထဲမှာ ကျနော်နဲ့အတူတူနေခဲ့တာက ဗိုလ်မှူးဝေလှိုင်နေခဲ့ရတယ်၊ နောက်အင်းစိန်က အန်အယ်ဒီ စည်းရုံးရေးမှူးလားမသိဘူး နောက် ခွန်စံနေခဲ့ရတယ်နောက် အကသက ကိုဝဏ နေခဲ့ရတယ်။ ပြန်ထွက်လာတဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာ နေလို့မရတော့ဘူး၊ နေမရဘူးဆိုတာက လူငယ်လည်း လူငယ်ဖြစ်တယ်။ ခံစားမှုကလည်း အရမ်းမြင့်တယ်၊ ခံစားတယ်။ ငါ့သူငယ်ချင်းတွေ ကျန်တယ်..အဲလိုဆိုတော့ ပြန်ထွက်လာရပေမဲ့ စိတ်ပျက်တာတွေချည်း ခံစားရတယ်။နောက် အဖွဲ့တွေကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့တွေမှာ ကွဲတာလေးတွေ ရှိနေတယ် ထုံးစံအတိုင်းပေါ့နော်။
ပြီးတော့ အဲဒီမှာ ကျနော်ခံစားရတာက ကျနော့်ကို လက်မှတ်ထိုးပြီး ထွက်လာတယ်လို့ စွပ်စွဲကြတာ ရှိတယ်။ နောက် ထောက်လှမ်းရေး ပုံသဏ္ဍဖြစ်တယ်လို့ ပြောတာ ရှိတယ်။ထောက်လှမ်းရေးဖြစ်သွားတယ်၊ အင်ဖော်မာဖြစ်သွားတယ်လို့ ကျနော့်ကို ပြောကြတာတွေ စွပ်စွဲကြတာတွေ ရှိတယ်။
အဲဒီလို ပြောခံရတော့ ကျနော့်အနေနဲ့ အဲဒီ ကျနော်ရဲ့ Nature လေးကို နည်းနည်းလေး ပြောပြချင်တယ်။အဲဒါက ဖြစ်မှာပဲ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်တုန်းက ထောက်လှမ်းရေး ၇ က တပ်ကြပ်ကြီး စန်းကြွယ်ဆိုတာ ရှိတယ်။အဲဒီတုန်းက ကျနော်တို့ စမ်းချောင်းမြို့နယ်ကို ကိုင်တာ။ သူက ကျနော်တို့တွေကို ဘာလာပြောလဲဆိုတော့ ဘယ်အစိုးရ တက်တက်၊ ငါတို့ အစိုးရပဲ၊ ငါတို့ဟာ မင်းတို့နဲ့ အတူတူ ရှိတယ်။ ..ပေါ့၊ သိတယ်မဟုတ်လား…။ အဲဒီလိုမျိုး စကားတွေနဲ့ ပုံဆန်တွေ လာလာ လာလာ ပြောတာရှိတယ်။
လာလာ ပြောတာ ရှိတယ်ဆိုတော့ ကျနော်တို့အနေနဲ့လည်း သူတို့လာပြောတာကို မပြောနဲ့လို့ ပြောဖို့ခက်တယ်။ ခင်ဗျား ကျနော်နဲ့ လာမပြောနဲ့လို့ ပြောဖို့ခက်တယ်လေ၊ အရမ်း ရိုင်းရာ ကျသွားလိမ့်မယ်လို့ ကျနော် စဉ်းစားခဲ့တယ်။ နောက် သူက ကျနော်တို့အဖွဲ့တွေ လက်ဖက်ရည်သောက်တဲ့အချိန်မျိုးတွေမှာ လာလာ ရှင်းသွားတယ်။ လက်ဖက်ရည်ဖိုးတွေ ရှင်းရှင်းသွားတာ ကျနော်က မသိရဘူး။ မသိရဘူးဆိုတာက လက်ဖက်ရည်ဖိုး ရှင်းမယ်ဆိုတဲ့ အချိန်ရောက်တော့မှ ရှင်းပြီးသွားပြီ။ ဘယ်သူ ရှင်းသလဲ ဆိုမှ အဲဒီထောက်လှမ်းရေးက ရှင်းသွားတာ။အဲဒီ ပုံသဏ္ဍန်ပေါ့။ ဒါက ကျနော် ထောင်ထဲ မကျခင်မှာက ဖြစ်ခဲ့တဲ့ ပုံသဏ္ဍန်ပေါ့။
တကယ်တော့ ကျနော်ထောင်မကျခင်မှာကတည်းက ကျနော်တို့က အိမ်တွေမှာ မနေကြတော့ဘူး။ နေလို့လည်းမရတော့ဘူးပေါ့။ဒါကတော့ နိုင်ငံရေးလုပ်တဲ့ ကျောင်သားတိုင်းက အိမ်တွေမှာ မနေကြတော့တာများတယ်။ ဘယ်တွေမှာ နေကြလဲ ဆိုတော့ ပါတီတွေမှာ နိုင်ငံရေးလုပ်တဲ သူငယ်ချင်းတွေရဲ့ အခန်းတွေမှာ လျှောက်နေကြတာများတယ်။ ကျနော်သွားနေတဲ့ပါတီက ဗမာ့မျိုးချစ် လူငယ်များအစည်းအရုံး။ ဒေါက်တာ ချိုတူးဇော်ရဲ့ အိမ်။ ဟီးဟီး…သူ့အိမ် သူ့အိမ်၊ သူ့အိမ်မှာ ကျနော်တို့အဖွဲ့က အဲဒီမှာ သွားနေတယ်။
ကျနော်က အဲဒီမှာ ပုံမှန်နေတာများတယ်။နေတာများတယ်ဆိုတာက ညအိပ်တယ်ပေါ့ဗျာ။ ထမင်းကတော့ သိတဲ့အတိုင်း တွေ့ရာနေရာမှာ ဖြစ်သလို စားတယ်ပေါ့ဗျာ။ အစားအသောက်လည်း ဂရုမစိုက်မိကြပါဘူး။ အဲလို နေကြတယ်ပေါ့။ အဲဒီမှာ ထောက်လှမ်းရေးက အဲဒီလိုနေရာထိ လာပြီးတော့ ထိတွေ့ဆက်ဆံတာတွေ ရှိတယ်။ အဲလို ထိတွေ့ဆက်ဆံတယ်ဆိုတာ ကျနော်တယောက်တည်းကိုပဲ ထိတွေ့ဆက်ဆံတာမဟုတ်ဘူး။ အဲဒီမှာ ရှိနေတဲ့ သူတွေအားလုးကို ထိတွေ့ဆက်ဆံတယ် အဲဒီပုံစံအတိုင်းပဲ။ လူတိုင်းကို သူတို့က အဲဒီပုံစံနဲ့ ထိတွေ့ဆက်ဆံပြီး လုပ်နေတာပဲ ကျနော် ဆိုလိုချင်တာလေ။ အဲဒါကို ကျနော်တို့ ချင်းလည်း ပြောနေကြတာပဲ ။ ပြောနေကြတာပဲဆိုတာကလည်း ဟာ ဒီကောင်ကတော့ အင်ဖော်မာဖြစ်မလား မသိဘူးဆိုတာမျိုး ပြောနေကြတာပဲ။ ဥပမာ အဖမ်းခံရခါနီးတယောက်ဆိုရင် ပြောလိုက်တယ်ဗျာ သူ့ကို သတိထားခိုင်းလိုက်ဦး ငါတို့ ဒီမှာစောင့်ကြည့်နေတယ်ပေါ့။ ကျနော်ကနေ နောက်တယောက်ကို ပြောလိုက်တယ်ပေါ့ နောက် ကျနော်နဲ့ တိုက်ရိုက်မသိဘူးဆိုရင်လည်း ကျနော်တို့က နောက်တယောက်ကို ပြောခိုင်းလိုက်တယ်။ အဲလို ပြောလိုက်တဲ့အချိန်မှာ ဒီလူက အဖမ်းခံရသွားပြီဆိုရင်တော့ ဟာ ဒီသတင်း source က ဘယ်ကရလဲ့ နောက်ဆုံးက ကျနော့်ဆီကပေါ့ အဲလို ဖြစ်ကုန်တာ။ အမှန်က ကျနော်ကလည်း ကျနော့်သူငယ်ချင်းမို့ဖြစ်စေ စိတ်ပူပြီး ပြောလိုက်မိတာပဲ။
အမှန်တော့ သူတို့က အားလုံးနဲ့ ထိတွေ့ဆက်ဆံပြီးတော့ ကျနော်တို့အားလုံးကလည်း သူတို့ကစာတဲ့ အကွက်ထဲကို တောက်လျှောက်ကျနေခဲ့တာ။
နောက် ကျနော်တို့ကို သူတို့က စိတ်ကောင်းစေတနာနဲ့ အလှူငွေထည့်ချင်တယ် ဆိုတာမျိုးတွေလည်း ရှိတာကိုး။ တခါတလေမှာ ကျနော်တို့မှာ သူတို့ ထည့်တဲ့ အလှူငွေကို ယူခဲ့တယ် အဲဒီတုန်းက အဲလိုမှ မယူရင်လည်း တကယ်ကို ဘာမှကို လုပ်လို့မရတော့လို့ ။ ကိုယ့်ဆီမှာ ပိုက်ဆံရှိရင်တော့ မယူဘူးပေါ့၊ ဟာမလိုဘူးကိစ္စ မရှိဘူးပေါ့…။
အဲဒီတုန်းက ကျနော်တို့ ထုတ်တဲ့ ကဗျာစာအုပ်လေးတွေ ရှိတယ် သွေးမော်ကွန်းတို့ ဘာတို့ပေါ့၊ အဲဒီကဗျာ စာအုပ်တွေ ဘာတွေဆိုရင်လည်း သူတို့က ၀ယ်ပေးတယ်ပေါ့ဗျာ။ ကျနော်တို့အနေနဲ့ သူတို့ကို သိသိချည်းနဲ့ ရောင်းလိုက်ရတာမျိုးတွေလည်း ရှိတယ်။ အဲဒီအချိန်မှာ ကဗျာ စာအုပ်တအုပ် ၂၅ ကျပ် ဆိုတာ နည်းနည်းနောနော ပိုက်ဆံ မဟုတ်ဘူး။ လက်ဖက်ရည်တခွက်တောင်မှ ငွေ ၁ကျပ် ခေတ်ဆိုတော့ ၂၅ ကျပ်ဆိုတာ တော်တော်များတယ်။ အဲဒီလိုလုပ်တာကလည်း ကျနော်တို့ စာရွက်တွေ ဝေချင်လို့ စာရွက်ဝေဖို့ ကျနော်တို့မှာပိုက်ဆံလိုတယ်။ အဲဒါတွေလည်း ရှိခဲ့တယ်ပေါ့။
နောက် ကျနော် ထောင်ထဲက ပြန်ထွက်လာတော့လည်း အဲဒီမှာပိုပြီး နည်းနည်းလေး ဆိုးသွားတာက နောက်မှ ကျနော်ပြန်သိရတာက ဟုတ်၏ ..မဟုတ်၏ ကျနော် သေချာ မသိဘူးနော်။ ကျနော်နဲ့ အတူတူ ထောင်ကျတဲ့ သူငယ်ချင်း တယောက်ရှိတယ် ငြိမ်းငြိမ်းဇင် ဆိုတာ သူက ကျနော်နဲ့ အမှုတွဲပေါ့။ သူ့အိမ်က လိုက်တယ်ပြောတယ်။ သူ့အိမ်က အဲလို မိန်းကလေးလည်း မိန်းကလေး ဆိုတော့လေ၊ သူ့အိမ်က လိုက်တယ်ပေါ့။ အဲလို ပြောခံရပြီး ကျနော်က ပြန်ထွက်လာရတယ်။ အခြား အကသ တွေက အထဲမှာ ရှိနေတယ်။ ကျနော်တို့ အမှုတွဲ ၃ယောက်က လွတ်လာတယ် ဒါပေမဲ့ ဘာဖြစ်လို့လွတ်လာသလဲ ဆိုတာ ကျနော်မသိဘူး၊ ငြိမ်းငြိမ်းအိမ်က လိုက်တယ် ဘာညာဆိုတာကလည်း ထောင်ထဲက လွတ်လာပြီးမှ သူများပြောသံကြားရတာပေါ့ ကျနော်တကယ်မသိခဲ့တာပါ။
နောက် ကျနော် ထောင်ကနေ လွတ်လာတဲ့အတွက် အခြားသူတွေကတော့ မလွတ်ဘူး သူကတော့လွတ်လာတယ်ပေါ့ အဲလိုလို အဖွဲ့တည်းမှာလည်း မေးစရာလေးတွေ မေးငေါ့တာလေးတွေ ရှိလာတာပေါ့။ အဲဒီမှာ ကျနော့်ကို တံဆိပ်ကပ်လိုက်ကြတယ်။
ဒါပေမဲ့ ကျနော်မှာ ခံစားနေရတာ ဆိုးတာက ကျနော်က ယူနီဖောင်းမြင်ရင်ကို မခံစားနိုင်တော့ဘူးဖြစ်လာတာ။ ပြေးထိုးပစ်လိုက်ချင်တာမျိုးတို့…အဲလို တခုခု လုပ်ပစ်လိုက်ချင်တာ ကျနော့်စိတ်ထဲမှာ။ ဘယ်လိုမှ နေမရဘူးဗျာ။ ခံစားဖူးကြတဲ့ သူတွေ ရှိရင်တော့ သိလိမ့်မယ်။ ဘယ်လိုမှကို နေမရခဲ့တာ။ကသိကအောင့်လည်း အရမ်းဖြစ်တယ်။ စိတ်တိုတယ်။ အဲလို တအားဖြစ်တော့ နောက်ဆုံးကျတော့ ကျနော်သွားရမဲ့ လမ်းက ဒီတလမ်းပဲ ရှိတော့တယ်။
အဲဒီမှာ တကယ်တော့ကျနော်က တောင်ပိုင်းကိုသွားရမှာ၊ ဒါပေမဲ့ မြောက်ပိုင်းရောက်သွားတယ်။ တောထဲကို ရောက်သွားတာကလည်း တကယ်တော့ နံပတ်တစ်က ဒီမတရားမှု တခုကို ဆန့်ကျင်တော်လှန်ချင်တဲ့ စိတ်ဓါတ်တခု၊ နံပတ် ၂က ထောင်ထဲမှာ ရှိတဲ့ ညီအကိုတွေကို ပြန်ပြီးတော့ ကယ်ချင်တဲ့စိတ်ပေါ့…ပြောရရင်တော့ ကလေးအတွေးပေါ့။ ပြန်ကယ်ထုတ်ချင်တယ်ပေါ့နော်၊ အဲဒီစိတ်နဲ့ ကျနော်တောထဲကို ရောက်သွားခဲ့တယ်။
အပိုင်း(၄)
ကျောင်းသား ရှိတဲ့ နေရာကို ကျောင်းသား ရောက်သွားခဲ့တာပဲ။ ABရယ် ဘာရယ့် ညာရယ် မရှိဘူး။ တောထဲမှာ ငါတို့ ကျောင်းသားတွေ ရှိတယ် ငါတို့ ကျောင်းသားရှိတဲ့ နေရာကို သွားမယ်ဆိုပြီး ရောက်သွားတာပဲ။ တကယ်ကို တော်လှန်ချင်တဲ့ စိတ်နဲ့ မဟုတ်ဘဲ ကျောင်းသားစိတ်ဓါတ်နဲ့ပဲ ရောက်သွားတာပဲ။
အဲဒီအချိန်တုန်းက ကျနော်နဲ့ အတူတူ ထွက်တဲ့ သူငယ်ချင်းက ငါတော့ မြောက်ပိုင်းကိုသွားမယ်တဲ့ တောင်ပိုင်းမှာက လူများတယ်တဲ့။ မြောက်ပိုင်းက လူပိုလိုလိမ့်မယ်တဲ့…အဲဒါနဲ့ မြောက်ပိုင်းကိုသွားကြတာ။ ကျနော့်သူငယ်ချင်းနဲ့အတူ မြောက်ပိုင်းလိုက်ချသွားတာ။ ကျနော်တို့ ရန်ကုန်က အဖွဲ့ပေါ့ ကိုရဲလင်းတို့ကလည်းမြောက်ပိုင်းသွားမယ်ပေါ့နော်။ မြောက်ပိုင်းကို ကမ့်ထဲရောက်တဲ့ အထိ ကားနဲ့ပဲ သွားကြတာ။ ကျနော်တို့က လျှာရှည်ပြီး လမ်းလျှောက်တာပေါ့လေ။
လမ်းကလည်း နည်းနည်းပဲ လျှောက်ရပါတယ်။နောက်ကားနဲ့ ခေါ်တော့ ကားနဲ့ရောက်သွားတာ။အဲဒီမှာ ဘာဆက်ဖြစ်လဲ ဆိုတော့…။
၇.၈.၁၉၈၉ မှာ ကျနော် မြောက်ပိုင်းက ပါဂျောင်စခန်းကို ကျနော်ရောက်သွားကြတယ်။ ကိုမျိုးဝင်းရဲ့ တဲထဲမှာ ကျနော်တို့စတည်းကြတယ်။
၈.၈.၈၉ မှာ အဲဒီစခန်းမှာ ကျဗန်းစကားပြောရှိတယ်။ ၈ လေးလုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပေါ့နော်။ ကျနော်လည်း ၀င်ပြိုင်တယ်ပေါ့၊ အဲဒီနေ့က ကျနော် ကျခဲ့တဲ့ ခေါင်းစဉ်ကို ကျနော် ခုထိ မှတ်မိသေးတယ်။
“ကျနော်သာ ဥက္ကဌ ဖြစ်ခဲ့သော်“ တဲ့...အဲဒါပဲ။
ကျနော်က အဲဒီမှာ ပြောတယ်၊ အဲဒီမှာလည်း ကျနော်က ဆုရတယ်ပေါ့လေ၊ ပထမဆုပေါ့။ဒါတွေကတော့ထားလိုက်ပါတော့ဗျာ။ အဲဒါတွေကို ကျနော်သိပ်မပြောချင်ပါဘူး။
ပထမ စခန်းကို စရောက်တဲ့ နေ့ကတည်းက ကျနော် အရမ်းပျော်တယ်။ စိတ်ထဲမှာကို လွတ်လပ်ပေါ့ပါးပြီးတော့ကို ပျော်တာ။ စိတ်ထဲမှာလည်း ကိုယ့်ညီအကိုတွေ၊ ကိုယ်နဲ့ အတွေးတူ အမွေးတူ ကိုယ့်သူငယ်ချင်းတွေပေါ့နော် အဲလို စိတ်ထဲရှိတယ်လေ။ ပျော်တာပေါ့။
ဒါပေမဲ့ နည်းနည်းလေး ကြာတဲ့အခါမှာ သတိထားမိတာက ဘာသွားပြီး သတိထားမိလဲဆိုတော့ စခန်းမှာနည်းနည်းလေး gap ရှိတယ်ဆိုတာ သွားတွေ့တယ်။ ကျနော်တို့နဲ့ သူတို့မှာက …ဘယ်လိုပြောရမလဲ ကျောင်းသားတပ်ဆိုပေမဲ့ လို့ ကျောင်းသားချည်း ရှိတဲ့ တပ်မဟုတ်ဘူးလေ။
အဲဒီ gap ကို ABSDF မြောက်ပိုင်း ပါဂျောင်စခန်းမှာ ကျနော်ရောက်ပြီး နည်းနည်းကြာတဲ့အခါမှာ တွေ့လာရတယ်၊ သတိထားမိလာတယ်ပေါ့။
တကယ်တော့ ကျနော်တို့ အကြောင်းအမျိုးမျိုးကြောင့် စစ်အာဏာရှင် စနစ်ကို တော်လှန်ချင်တဲ့အတွက် ကျောင်းသားအနေနဲ့ ရောက်လာတာတွေ ရှိတယ်။ အချို့က ကျောင်းစာသင်ခန်းနဲ့ ဝေးကွာနေတဲ့ လူမျိုးလေးတွေ ရှိတယ်။ ကျနော်ပြောချင်တာက အဲဒီလိုလူတွေနဲ့ ကျနော်တို့ကျောင်းသားတွေက Knowledge မှာ သွားကွာတယ်ဗျာ။
ဥပမာ ကျနော်တို့က တောထဲမှာ မီးမမွှေးတတ်ဘူး။ မီးမမွှေးတတ်ဘူးဆိုတာ ကျနော်တို့ဆီမှာ မီးမွှေးစရာမလိုဘူးလေ၊ ရန်ကုန်မှာဆိုလို့ရှိရင် Rice-Cooker နဲ့ ချက်ချင် ချက်မယ်၊
Hot-plate နဲ့ချက်ချင် ချက်မယ်။ အဲဒါကို ကျနော်တို့ကို မင်းတို့က ရန်ကုန်ကလာပြီး မီးမမွှေးတတ်ဘူးလား ဆိုတော့ …ဟာ ဟေ့ကောင် ငါတို့က ရန်ကုန်မှာ မီးမွှေးတတ်စရာမလိုဘူး လို့ ငါတို့ ဆီမှာ hot-plate ရှိတယ်၊ ငါတို့က အိုးထဲကို ဆန်ထည့်လိုက် ရေထည့်လိုက် ခလုတ်နှိပ်လိုက် ဒါဆို ထမင်းကျက်တယ်လို့ ပြောတော့ ကန်တော့ပါရဲ့ဗျာ၊ ရန်ကုန်သား စောက်ကြွားတဲ့…။ အဲလိုတွေ ဖြစ်ကုန်ရော။
အဲဒီလိုလေးတွေကနေ စဖြစ်လာတာကို နောက်တော့ မင်းတို့ ရန်ကုန် ဘယ်ရွာကလဲပေါ့။ နောက်ပိုင်းတော့လည်း အဲလိုလေးတွေကနေ အရမ်းရင်းနှီးသွားတာတွေ ချစ်ခင်သွားတာတွေ ရှိပါတယ်။
အဲဒီမှာ အဲလို သွားရင်းနဲ့ ဇာတ်လမ်းက စဖြစ်တာက အပတ်စဉ် (၅) မှာ ဇာတ်လမ်းက စဖြစ်တယ်။ အပတ်စဉ် (၅)မှာ စစ်ရုံးမှာ ရေးထားတဲ့ စာတမ်းရှိတယ်ဗျာ။ ကျနော်မှတ်မိသေးတယ်။ အဲဒီစာတမ်းဖတ်ပြီးကတည်းက ပြဿနာက စတက်တာပဲ။
သူက အိုင်ဒီရောလော်ဂျီမှာ ပြောတာကလည်း ငါတို့ ရန်သူကို စစ်ပညာနဲ့ တိုက်ခိုက်ရတော့မယ်၊ အဲဒီတော့ မင်းတို့ စစ်သားကောင်းဖြစ်ဖို့ လိုအပ်တယ်။ စစ်သားကောင်းဆိုတာ ဘာလဲ ဆိုတော့ အမိန့်နာခံတတ်ရမယ်..တဲ့။ အဲဒါကို ကျနော်လက်ခံလို့မရဘူး။
အဲဒီမှာ ကိုမျိုးဝင်းနဲ့ ကျနော်တို့နဲ့ ဇာတ်လမ်းက စတော့တာပဲ။ ကျနော်တို့တွေက ပြောတာက စစ်သားကောင်းဖြစ်ဖို့ မလိုအပ်ဘူး။ စစ်သားကောင်းဖြစ်ချင်ရင်ငါတို့ ဒီကို မလာဘူး။ တပ်ထဲပဲသွားဝင်မယ်။ စစ်သားဖြစ်ချင်ရင် DSA တို့ဘာတို့သွားမှာပေါ့။ မင်းတို့ ဆီတောင် မလာဘူး။ ငါတို့ လိုချင်တာ တော်လှန်ရေးသမား၊ တော်လှန်ရေးသမားကောင်းဆိုတဲ့ အင်္ဂါရပ်ထဲမှာ စစ်သားလည်း ပါချင်ပါမယ်။ ကျောင်းဆရာလည်းဖြစ်ချင်ဖြစ်မယ်။ တောင်သူလယ်သမားလည်း ဖြစ်ချင်ဖြစ်မယ်။ ငါတို့လိုချင်တာက တော်လှန်ရေးသမား။
တော်လှန်ရေးသမားပဲ ဖြစ်ရမယ်…ဆိုပြီးတော့ အဲဒီမှာ စပြီးတော့စကွဲကြတာ။ ကွဲတဲ့အခါကျတော့ ကွဲတုန်းကတော့ ကျနော်တို့တွေက အားသာတယ်။ လက်ခံကြတယ်။ တော်လှန်ရေးသမားကောင်းဖြစ်ရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ကိုမျိုးဝင်းက ပြောတာ စစ်သားကောင်းတဲ့ဗျာ။
ပိုပြီး ဆိုးကုန်တာက အဲဒီအချိန်မျာ နောက်ထပ် ပြဿနာထပ်ဖြစ်သေးတယ်။
အဲဒီအချိန်မှာ ကျနော်တို့မှာ လက်ထဲမှာ ပိုက်ဆံလည်း တပြားမှ မရှိတော့ဘူး။ ရောင်းစရာလည်း ကုန်သွားပြီ။ ရှိသမျှလည်း ကျနော်တို့ အကုန်ရောင်းပြီးသွားပြီ။ အိမ်ကပါလာတာတွေ အကုန်လုံး ရောင်းစားလိုက်ပြီးလို့ကို တကယ့်ကို ရောင်းစရာ ဘာမှ မရှိတော့တာ။အဲဒါက ကျနော်တို့လို ရန်ကုန်၊ မန္တလေးကနေ သွားကြတဲ့ ကျောင်းသားတိုင်း ကြုံရတဲ့ အခက်အခဲပဲ။
အဲဒီမှာ ကချင်ကလာတဲ့ ကျောင်းသားကြတော့ သူတို့ရဲ့ အိမ်နဲ့ နီးတယ်လေ။ ပြီးတော့ အမြဲတမ်း အဆက်အသွယ်ရှိတော့ ဖျားရင်ပဲဖြစ်ဖြစ် လာပြီးတော့ ကြည့်ရှု့ နိုင်တာပေါ့လေ။ အဲဒီတုန်းက နို့မှုန့်ပေါ့ဗျာ၊ နို့မှုန့်တို့ သကြားတို့ အဲလိုလေး လာပေးနိုင်တယ်။ သူတို့မှာလည်း ပိုက်ဆံလိုရင် အိမ်ကို လှမ်းမှာလို့ရတယ်။
အဲဒီမှာ ထပ်ပြီးတော့ဖြစ်တာက ABSDF ကချင်မှာ စစ်ကိုင်းတိုင်း ယာယီကော်မတီရှိတယ်။ အဲဒီ စစ်ကိုင်းတိုင်း ကော်မတီကလည်း သူ့ကော်မတီကတဆင့် ဖျားတဲ့ သူ နေထိုင်မကောင်းတဲ့ သူကို ထောက်ပံ့ပေးရတာ။
ရန်ကုန်ကကြတော့ ရန်ကုန်မှာက ဘယ်သူမှ မရှိဘူး၊ ကျနော်တို့ဘဲ ရှိတာ။ ဒါပေမဲ့ စစ်ကိုင်းတိုင်းက ကျောင်းသားတို့ ကချင်ပြည်နယ်က ကျောင်းသားတို့က သူတို့ရောက်လာရင် သူတို့ဆီမှာ ရှိရင် အကုန်မျှကျွေးတာ။ ဥပမာ ကချင်ပြည်နယ် ကျောင်းသားက သူတို့ကချင်ပြည်နယ် ကျောင်းသားကို လာပြီးတော့ ပေးတာ မှန်သော်ငြားလည်း ကျနော်တို့ကို တွေ့တော့ ညီလေးရော့..မင်းတို့လည်း သောက်ပေါ့ ဆိုပြီးတော့ ပေးသွားတာပဲ။ အဲလို လူုတွေ မရှိရင် ကျနော်တို့က အငတ်။ တကယ်ကိုငတ်တာ။ ငတ်တာမှ ဘာမှကို စားစရာမရှိတာ။ ကျနော်တို့ စားရတာ အဲဒီတုန်းက ဆန်ပြုတ်ပဲ ရှိတယ်။ အစားအသောက်ကို ကျနော်ပြောချင်တာမဟုတ်ဘူးနော်။ ရိက္ခာက ၅ ရက်တခါပေးတယ်၊ အဲဒီမှာ ချွေချွေတာတာ မစားရင် ၂ ရက်ဆို ကုန်ပြီဗျာ။ ဘာမှ စားစရာမရှိတော့ဘူး။
နောက်ပါဂျာင်က အမြင့်ပေ ၆၆၆၇ ပေရှိတယ်၊ ရေခဲတယ်။အရမ်းအေးတယ်။ ကျနော်တို့ ရောက်တော့ တော်တော်လေးလည်း အအေးမိပြီး ဖျားကြတယ်။
အဲတုန်းက ကျနော့်သူငယ်ချင်း မိုးဟိန်းက ဖျားရော။ ကျနော်က ကိုယ့်သူငယ်ချင်းက ဖျားနေတော့ စကားလုံးကြီးကြီး ကျယ်ကျယ်နဲ့ ပြောရရင် သူနဲ့ ကျနော်နဲ့က သေဖော်သေဖက်ပေါ့ဗျာ။ အဲတော့ကျနော်က သူ့ကို အားပေးတယ်ပေါ့ဗျာ။ ဟိတ်ကောင် စိတ်မပူနဲ့ပေါ့၊ မင်း ဘာမှ စိတ်ပူစရာမရှိဘူးပေါ့၊ ဘာစားချင်လဲ့ ပေါ့။ တကယ်တော့ သူ့ကို အားပေးချင်လို့သာ မေးရတာ ကျနော့်မှာလည်း ဘာမှ မရှိဘူး။
သူကလည်း ငတ်နေတာလည်း ကြာပြီ ဆိုတော့ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ကော်ဖီလေး တခွက်တော့ သောက်ချင်တယ်ကွာလို့ အသံလေးနဲ့ ပြောတယ်။ သူပြောတော့ ကျနော်ကလည်း ဟာရတယ် ဟိတ်ကောင်၊ ကိစ္စမရှိဘူး။ မင်း ကော်ဖီသောက်ရမယ်ပေါ့။
အဲဒီမှာ ကျနော့်မှာ ဘာမှလည်း ရောင်းစ၇ာမရှိတော့ဘူး။လက်ထဲမှာလည်း ပိုက်ဆံ မရှိတော့ဘူး။ ဒါပေမဲ့ သူ့ကို ကျနော် ကော်ဖီလေးတခွက်လောက်တော့ တိုက်ချင်တယ်။ ဘာပဲပြောပြော ဖြစ်အောင်တော့ တိုက်မယ်ဆိုပြီး ဆုံးဖြတ်တာပေါ့။ နောက် ဆုံးပြောရရင် ကျနော် ခိုးတာ။
လိုင်စင်ကုန်းပေါ်တက်ပြီးတော့ အဲဒီက စတိုးဆိုင်လေးကနေ ကျနော်က ခိုးတာ။ အဲဒါကို ပြောရရင် ကျနော်တို့ နှစ်ယောက် သုံးယောက်လောက်က သွားပြီး ရှေ့ကနေတယောက် နှစ်ယောက်က ဟိုပစ္စည်း ပြခိုင်း ဒီပစ္စည်းပြခိုင်းနဲ့ အရောင်ပြတယ်၊ တယောက်က ကော်ဖီထုတ်တွေ ထားတဲ့ နေရာကိုသွားပြီး ခိုးထည့်လာခဲ့တယ်။ အဲ…နောက်ပိုင်းကျတော့ ကျနော်တို့မှာ အဲလို အယောင်ပြဖို့ကို ပိုက်ဆံ မရှိတော့ဘူး။ မရှိတော့ဘူး ဆိုတာ အယောင်ပြတာကလည်း သူယုံအောင်လို့ ဆေးလိပ်တွေ ဘာတွေဝယ်ပြရတာကိုး ကျနော်တို့က။
အဲဒီမှာ အဲဒီဆိုင်အနေအထားကို ပြောရရင် ပါဂျောင်လမ်းက ဆိုင်ထဲကနေ ကျနော်တို့ ခိုးနေတာကို အဲဒီဆိုင်ရဲ့ ရှေ့ကတောင်ကနေ ဆိုင်ရှင်က မြင်နေရတယ်။ ကျနော်က အဲဒါကို မသိဘူး။
ကျနော်က ခိုးတာ ဘာကြောင့်ခိုးတာလဲ ဆိုတော့ ကျနော့်သူငယ်ချင်းက ဖျားနေတယ်။ အဲလိုမှ မခိုးလို့မရဘူးလို့ ကျနော့်စိတ်ထဲ ထင်တယ်။ ဘာဖြစ်လို့ လဲ ဆိုတော့
သူငယ်ချင်းက အရမ်းဖျားနေတယ်။ ဘာမှ လည်း ဆေးတွေဘာတွေလည်း ရှိတာမဟုတ်ဘူး။ပြီးတော့ကျနော်တို့ ရန်ကုန်ကသွားတဲ့ ကောင်တွေကဗျာ။ သိတဲ့အတိုင်းပဲ လက်ဖက်ရည်ကော်ဖီငတ်တယ်ဗျာ။
သူတင်မကဘူး ရှေ့က ကိုပေါက်တို့ ဘာတို့လည်း အဲလို ဖြစ်ခဲ့ဖူးတယ် ဖျားဖူးတယ်၊ မှတ်မှတ်ရရ မိုးဟိန်းဖျားလို့ ခိုးတဲ့ အလှည့်မှာ ကျနော့်ကို မိတယ်။
မိတော့ ကျနော်ကလည်း ဒါကို ချမထားခဲ့နိုင်ဘူး။ မိုးဟိန်းကလည်း အရမ်းသောက်ချင်နေတယ်၊ သူကလည်းဖျားနေတော့ကျနော်ကလည်း သူ့ကို ကော်ဖီလေးတခွက်တော့ တိုက်ချင်တယ်၊ အဲဒါနဲ့ ကော်ဖီထုတ်ကို ယူပြီး ပြေးလာတော့တောပဲ။ ပြေးေsတာ့ သူတို့ နောက်ကနေ လိုက်တယ်။ ပြီးတော့စခန်းကို ပြောတယ်ပေါ့နော်။ အဲဒီမှာ ဘာသွားဖြစ်သလဲ ဆိုတော့ လူတိုင်းကို မဆိုလိုချင်ဘူး အချို့တွေက ရန်ကုန်က သူခိုးတွေ ဖြစ်သွားရော…။ဟီးဟီး..။ ရန်ကုန်သားက သူခိုးဖြစ်ရောပေါ့…သဘောက။ ရန်ကုန်သားက ခိုးမှာပဲ…ဘာကြောင့်ခိုးလဲဆိုတော့ ကျနော်တို့မခိုးလို့မှ မရတော့တာ။ အဲဒီမှာ ကျန်တဲ့ သူငယ်ချင်းတွေကလည်းပြောတယ်ပေါ့ဗျာ။ မင်း ဒီလိုတော့ မဖြစ်သင့်ဘူး။ လိုအပ်တယ်ဆိုရင် ငါတို့ တပ်ထဲမှာ အလံထောင်ပြီး သပိတ်မှောက်မယ်ပေါ့။ အဲဒီကနေ ပြဿနာတွေက စတာ။
တကယ်တော့ အဲလောက်ပြဿနာဆိုတာ ဘာမှ မဟုတ်ဘူး။ အဲဒါကို အသုံးချသွားတာက မျိုးဝင်း။ မျိုးဝင်းက ကောင်းကောင်းကြီး အသုံးချသွားတာပါ ။အဲဒါကိုလည်း ကျနော်နောက်မှ သိခဲ့ရတယ်။
ABSDF_ ကျောင်းသားရဲဘော်ဟောင်း ဘိုဘိုရဲ့ မြောက်ပိုင်း ခရီး(၃)
by May Thingyan Hein on Saturday, September 22, 2012 at 3:01pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၂၂၊ ရန်ကုန်မြို့။
အပိုင်း(၆)
အဲဒီနောက်မှာ ကျနော်တို့ စစ်သင်တန်းတက်ရတယ်။ စစ်သင်တန်းက ကေအိုင်အေ ထရိနင်ပါ။ ကေအိုင်အေ ထရိနင်ဆိုတော့ KIA သီချင်းတွေကို ဆိုရတယ်။ ကျနော်တို့က ထပ်ပြောတယ်။ ကေအိုင်အေ သီချင်းဆိုရတာလည်း ရတယ်၊ ပြသနာ မရှိဘူး။ ဒါပေမဲ့ ကျောင်းသားတပ်ဖြစ်တဲ့အတွက် ကျောင်းသားသီးချင်းလည်း ဆိုသင့်တယ်၊ဆိုရမယ်ပေါ့။ အဲဒီလိုအခြေအနေမျိုးတွေရှိတယ်။
အဲဒီလို ပါဂျောင် စခန်းမှာ အဟ လေးတွေ ရှိနေတဲ့အခြေအနေမှာ မြောက်ပိုင်း စခန်းကို ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေ ရောက်တာပိုများလာတယ်။ ပြောရမယ်ဆိုရင်တော့ ကိုမျိုးဝင်းအနေနဲ့က သူ့အနေနဲ့ ရှေ့မှာ ရောက်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အယူအဆပိုင်းမှာ ဆိုလို့ရှိရင် ရန်ကုန်၊ မန္တလေး ကျောင်းသားတွေက ပိုပြီး သာတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ကျနော်တို့က ဒီ Field ထဲမှာ ဖြတ်လာကြတာကိုး။
နယ်ကျောင်းသားတွေအနေနဲ့က ရန်ကုန်ကျောင်းသားတွေနဲ့ နိုင်ငံရေးပိုင်းမှာ အဟ ကွာနေတယ်။ ကွာတာလေးတွေ ရှိတယ်။ရန်ကုန်မှာ ဆယ်တန်းအောင်တဲ့ သူနဲ့ နယ်မှာ ၁၀ တန်းအောင်တဲ့ သူတွေ ကြားမှာကွာသလို နည်းနည်းလေး ကွာနိုင်တယ်ပေါ့နော်။
အဲဒီတော့ ကျနော်တို့က စစ်သင်တန်း ဆက်မတက်တော့ဘဲနဲ့ သပိတ်မှောက်လိုက်ကြတယ်။ နောက် ဘာတောင်းဆိုသလဲ ဆိုတော့ နောက်ထပ် election လုပ်ပေးဖို့ပေါ့ အဲဒါကို တောင်းဆိုကြတယ်။
ကျနော်တို့ အောက်ခြေကျောင်းသားရဲဘော်တွေ သိခဲ့ရတဲ့ အနေအထားက…။ အဲဒီအနေအထားက…ပြောရရင်တော့….ကိုမျိုးဝင်းက မဲမရဘူး။ ဒါပေမဲ့ ပါလာတယ်။ မဲမရဘူးဆိုတာက လုံးဝ မရဘူးလို့ ပြောတာမဟုတ်ဘူး။ လူကြိုက် မများဘူးလို့ ပြောတာ။
အဲဒီမှာ ကိုမျိုးဝင်းအကြောင်းကို ကျနော် ပြောချင်တယ်။ ကိုမျိုးဝင်းက မိုးညှင်းနတ်စလောရွာက။ အဲဒီတုန်းက သူ့ရွာမှာ အာအိုင်တီ ကျောင်းသားက ၂ယောက်ပဲ ရှိတယ်။ သူက သူ့ရွာမှာတော့ ပညာတတ်ပေါ့ဗျာ။ သူ့ရွာမှာတော့ သူက အာအိုင်တီကျောင်းသားလည်း ဖြစ်တော့တကယ့်ကြီးကြီးပေါ့။
သူက ကွန်မန်ဒို ဖွဲ့တဲ့အခါမှာ အဲဒီမှာသူက သူ့ရွာကနေ တောခိုလာတဲ့ ကျောင်းသားတွေနဲ့ ကွန်မန်ဒိုဖွဲ့ချသွားတယ်။
အဲဒီအခြေအနေကို တိုတိုပြောရရင်တော့ ဖွဲ့စည်းပုံမှာသူက အထွေထွေအတွင်းရေးမှူး ၁ အနေနဲ့ရသွားတယ်။ အဲဒီအချိန်မှာပဲ စစ်ရေးတာဝန်ခံ ကိုသံချောင်းက မျက်စိ ထိလာတယ် ရှေ့တန်းကနေ ထိလာတာ။
မျက်စိထိလာတော့ ဒု- စစ်ရေးတာဝန်ခံတယောက်ခန့်ဖို့ လိုလာတယ်။ ကိုမျိုးဝင်းကို ဒု-စစ်ရေးတာဝန်ခံအနေနဲ့ တင်ပေးလိုက်တယ်။
အဲဒီတော့ မအပရဲ့ ဖွဲ့စည်းပုံက အကုန်လုံး ကေအိုင်အေကို မှီးသွားခဲ့တာချည်းပဲ။ ကေအိုင်အေမှာ ဦးဘရန်စိုင်းက ဥက္ကဋ္ဌ၊ အဲဒီအချိန်မှာ ကေအိုင်အေမှာ ဒုဥက္ကဋ္ဌက ဗိုလ်ချုပ်ထော်မန် သူက စစ်ရေးတာဝန်ခံ CS။ ဒီမှာက ကိုသံချောင်းက စစ်ရေးတာဝန်ခံပေါ့ ကျနော် ပြောချင်တာက သူတို့က ကေအိုင်အေ အတိုင်းကို အကုန်လိုက်လုပ်တာ။
အဲဒီလို သွားတော့ သွားတဲ့ထဲမှာ အခြားဒေသတွေထက် ကျနော်တို့ရဲ့ မအပက တော်တော်လေး အောင်မြင်ခဲ့တယ်။ အောင်မြင်တယ်ဆိုတာက ရှေ့တန်းတွေမှာလည်း ကျနော်တို့ အောင်မြင်တယ်။ပြည်သူက ချစ်တယ်။ ပြည်သူလူထုက ကျောင်းသားတွေကို ချစ်တယ်။
အဲဒါက ကေအိုင်အေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အောင်မြင်တယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှု ရတယ်။
အဲဒီအချိန်မှာ ကျနော်တို့ရဲ့ မြောက်ပိုင်း ABSDF က အရမ်းတက်နေတဲ့အချိန် အောင်မြင်နေတဲ့အချိန် တောင်ပိုင်းနဲ့တောင် မတူပါဘူး။ အဲဒီမှာ သွားနေရင်းနဲ့ကျနော် တာဝန်ထမ်းဆောင်ခဲ့ရတာ ဘယ်မှာ ထမ်းဆောင်ခဲ့ရလဲ ဆိုတော့ ပရိုပဂန်ဒါ (Propagator)မှာထမ်းဆောင်ခဲ့ရတာ။ ကျနော်က သင်တန်းဆင်းပြီးတာနဲ့ ပရိုပဂန်ဒါ တမ်းရောက်တာ။ ကျနော်က အဲဒီတုန်းက အသားဖြူဖြူနဲ့ လူကောင်ကလည်းသေးတယ် အသက်လည်းငယ်။ ဂစ်တာလည်း တီးတယ်။ဟိုမှာ ရောက်ရောက်ချင်း ဂစ်တာ သွားတီးတော့ဟိုမှာ ဂစ်တာတီးမဲ့သူလည်း မရှိဘူးဗျာ။ အဲဒါနဲ့ ကျနော်က ပရိုပဂန်ဒါကို ရောက်ရောဗျာ။
အဲဒီမှာပြောစရာရှိတာက ကိုမျိုးဝင်းနဲ့ ကျနော် စစ်ဆင်ရေး ထွက်ဖူးတယ်။ကိစ္စရပ်လေး တခုကို ကျနော် ပြောပြချင်တယ်ဗျာ့။ အဲဒီမှာ ကျနော့် မသေရတဲ့ အကြောင်းရင်းလေး တခုရှိတယ်။ ကိုမျိုးဝင်း ကျနော့်ကို မသတ်ရတဲ့ အကြောင်းရင်းလို့လည်း ပြောလို့ရတယ်။ ခုန ပြောခဲ့တဲ့ ကျနော်တို့ သင်တန်းတက်နေတာကို သပိတ်မှောက်လိုက်တယ်။
ကျနော်တို့ လုံးဝ သင်တန်းဆက်မတက်တော့ဘူး။ ကုန်းကလည်း ဒီဘက်က ကိုမျိုးဝင်းတို့ ဒီဘက်က သင်တန်းကုန်းပေါ့။အဲဒီတုန်းက ဒီဇင်ဘာလကြီးပေါ့။
ကော်မတီရုံးကလည်း ည ၆နာရီကျော်ရင် ကော်မတီရုံးကို မတက်နဲ့ ပစ်မိန့်ပေးတယ်ပေါ့ဗျာ။ ပစ်မိန့်ပေးထားတယ်။ ဘယ်သူမှလည်း မတက်ဘူး။ တက်တဲ့ သူကို ပစ်လို့ရတာကို။ အဲဒီအချိန်မှာ ကျနော်တို့ကလည်း ဘားတိုက်ထဲမှာ မျိုးဝင်းမကောင်းကြောင်းတွေ ပြောကြတယ်။ ဟာ အဲကောင် လူပါးဝတယ်ပေါ့။ ကိုမျိုးဝင်းကလည်း အဲဒီအချိန်မှာ သူ့တပ်ကို ပြန်ခေါ်ထားတယ်။ ကျနော်က အဲလို အခြေအနေကို မကြိုက်ဘူး။
ကျနော်က ဖြစ်ချင်တာက သင်တန်းထဲက လူတွေကလည်း ကျနော့်အကိုတွေပဲ။ ကိုအောင်ကျော်တို့ ကိုရန်ရှင်းတို့။ ကိုရဲ တို့…ဒါ ကျနော့်အကိုတွေပဲ။ ကိုမျိုးဝင်းလည်း သူလည်း ကျောင်းသားပဲ ကျနော့်ထက် အသက်ကြီးတယ်၊ သူလည်း အိုင်အာတီက ကျောင်းသားပဲ သူလည်းပဲ အကိုပဲပေါ့ ကျနော်အဲလို ခံစားတယ်။ စိတ်ထဲ အတူတူပဲလို့လည်း ခံစားမိတယ်ပေါ့။
အဲလို ခံစားမိတော့ ဒီလိုတွေ အဖွဲ့ခွဲတာ ကျနော် စိတ်ညစ်တယ်။ မြို့ပေါ်မှာ အဖွဲ့ခွဲတာတောင် ကျနော် တော်တာ် စိတ်ညစ်တယ်။ ခုဟာက တောထဲမှာ ဟိုပြီး စိတ်ညစ်တယ်။ အဲဒါကြောင့် ညကြီး ကော်မတီကုန်းကို ကျနော်က တယောက်တည်း တက်သွားတာ။ အဲဒီအချိန်မှာ ကော်မတီကုန်းမှာတာဝန်ကျတာက ဂွတိုနဲ့ ကိန်းမြင့် ဗျ၊ ကျနော်မှတ်မိတယ်။ အဲဒီအချိန်မှာ ဂွဖြစ်ရင်ဖြစ်မယ်၊ ကိန်းမြင့်ဖြစ်ရင် ဖြစ်မယ်။ ကျနော် က ည ၆နာရီတော့ ကျော်သွားပြီးသွားပြီဆိုတာမှတ်မိတယ်။
အဲဒီအချိန်မှာကော်မတီကုန်းတက်သွားတော့အဲဒီထဲက တယောက်က သေနပ်ကို ဗျောင်း ဗျောင်း ဆိုပြီး ချည်ထိုးပြီးတော့မှ ကျနော့်ကို ရပ်ဆိုပြီးတော့ စကားဝှက်လှမ်းမေးတယ်။
ကျနော်က စကားဝှက်မသိဘူး။ ဘယ်သူလဲ ဆိုတော့..ဘိုဘို လို့ ကျနော် ပြောလိုက်တယ်။ ကျနော်က တကယ်တော့သိပ်သတ္တိရှိလို့ တက်သွားတာ မဟုတ်ဘူး။ ကြော က်ကြော က်နဲ့ တက်သွားတာ။
ဘိုဘိုလို့ အကျယ်ကြီး အော်ပြောတယ်။ သုံးခွန်း လှမ်းမေးတယ်။ အဲဒီသုံးခွန်းစလုံး ကျနော် ဘိုဘိုလို့ပဲ အကျယ်ကြီး အော်ပြောတယ်။ ကျနော့်စိတ်ထဲမှာ ကြောက်တယ်။
သုံးခါမေးလို့မှ မရတော့ ပစ်လို့ရပြီကိုး။ ကျနော်ကလည်း တော်တော်ကြောက်နေပြီ။
အဲဒီအချိန်မှာ ကိုမျိုးဝင်းက “ဟေ့ကောင် ခဏနေဦး လွှတ်လိုက်“ လို့ ပြောတယ်။ အဲဒီအချိန်မှာ ကိုမျိုးဝင်းက မှတ်မှတ်ရရ မီးလှုံနေတာ။ အဲဒီရဲ့ အပြင်မှာ ဂွတိုတို့၊ ကိုကိန်းမြင့်တို့ ရှိတယ်။ ကျနော် ရောက်သွားတယ်။ သူက ဘာကိစ္စလဲ လို့မေးတယ်။
“အကို …အကိုလည်း ကျောင်းသားပဲ၊ဟိုမှာလည်း ကျနော့်အကို ကျောင်းသားတွေပဲ ဒါပေမဲ့ ဒီပုံဆန်ကြီးဖြစ်နေတာ““ အဲလို ပြောရင်းပြောရင်းနဲ့ ကျနော် ခံစားလာရပြီး ငိုချင်လာတာ၊ အဲဒါနဲ့ ကျနော် ငိုရင်းနဲ့ သူ့ကို ပြောတယ်။
ညီတယောက်က အကိုတစ်ယောက်ကို ပြောတဲ့ ပုံဆန်ပါပဲ၊ အဲဒီလို ပုံဆန်နဲ့ ကျနော်သူ့ကို ငိုပြီး ပြောတယ်။
“ကျနော် အဲလို မဖြစ်ချင်ဘူး…ကျနော်တို့ ဒီမှာလာတာ စုစုစည်းစည်းနဲ့ သွားချင်တယ်…အဲလိုဖြစ်နေတာ မကောင်းဘူး၊ မှန်ခြင်းမှားခြင်းကိုလည်း ကျနော် မဆိုလိုချင်ဘူး…“လို့ ငိုရင်းနဲ့ ပြောတယ်။
မျိုးဝင်းက အဲဒီမှာ တော်တော်လေး..ဘယ်လိုပြောမလဲ ပြီးတော့ ကျနော့်ကို ချွေးသိပ်ပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီကိစ္စကို ကျနော့်ကို အမှတ်ပေးခဲ့တယ်၊ နောက်ပိုင်း စစ်ကြောရေးမှာ ကျနော့်ကို အဲဒါပြန်ပြောတယ်။
ပြီးတော့ ကျနော်ကလည်း သင်တန်းမှာ ဒီကိစ္စကို ပြန်ပြောတယ်။ သူလည်း ကျောင်းသား၊ ကိုယ်လည်းကျောင်းသားဖြစ်နေတယ် ၊ မှန်ခြင်း မှားခြင်းထက် ခုလိုမျိုး ကွဲနေတာမျိုးတွေ မဖြစ်သင့်ဘူးဆိုတာမျိုး ပြောခဲ့တယ်။
အပိုင်း(၇)
နောက်တခု ကျနော်ပြောချင်တာက စစ်ဆင်ရေး ထွက်တဲ့ အကြောင်းပေါ့နော်။ စစ်ဆင်ရေးထွက်မယ်ဆိုရင် ကျနော်တို့ကတော့ Fighter အနေနဲ့ မထွက်ရဘူး။ ကျနော်တို့သွားမယ်ဆိုရင် ရှေ့မှာ တပ်ခွဲတစ်ခွဲ အရင်သွားရတယ်။ ကျနော်တို့က ရွာတွေဝင် ရောက်တဲ့ ရွာ တိုင်စိုက်အလံထောင် ပြီးရင် သီချင်းဆို အဲဒီပုံစံနဲ့ ကျနော်တို့ သွားလေ့ရှိတယ်။
အဲလို သွားနေရင်းနဲ့ ကျနော်နဲ့ အတူတူ ထွက်ခဲ့တဲ့ စမ်းချောင်းအကသက ကိုဝဏကျော်က တိုက်ပွဲကျသွားတယ်။ သူတိုက်ပွဲ ကျသွားတော့ ကျနော်လည်း တော်တော်လေး ခံစားရတယ်။ ရှေ့တန်းထွက်ဖို့အတွက် တောင်းဆိုတယ်ပေါ့နော်၊ အဲဒီတပွဲမှာတော့ သူက ကျနော်တို့ကို ပေးလိုက်တယ်။
အဲဒီမှာ တခု ကွာတာက ဘာကွာလဲဆိုတော့ ကျနော်တို့ နောက်တန်းမှာတော့ အိုကေတယ်နော်။ ရှေ့တန်းထွက်လို့ရှိရင် ရန်ကုန်-မန္တလေးက ကောင်တွေက သူတို့လောက် မထွက်နိုင်ဘူး။ သူတို့က အကြမ်းသွားနိုင်တယ်။ ကျနော်တို့ ရန်ကုန်xမန္တလေးက ကောင်တွေက အပြောပဲ ရှိတာ သူတို့ကို မီကို မမီဘူး။ တကယ်ကို ခွေခေါက်နေတာပဲ။
ကိုင်းတောကြီး မီးရှို့ထားတဲ့ အလယ်ကနေ ဖြတ်ရတာတို့ မှာ နေကပူ၊ ဘေးက ပူနဲ့ ကျနော်တို့က လမ်းကို မလျှောက်နိုင်တော့တာ။ တကယ်ပဲ ဘယ်လိုကို မရတာ၊ ပြီးတော့ ခါးထက်နည်းနည်းလောက်ပဲ မြင့်တဲ့ တောင်ကဗျက်တောင် ကျနော်က မတက်နိုင်ဘူး။ ကျနော်က ကိုမျိုးဝင်း runner အနေနဲ့ လိုက်သွားတယ်။ ကိုမျိုးဝင်းရဲ့ ကိုယ်ရံတော် တပ်စိတ်ရှိတယ်။ ကိုတောက်ပြောင်တို့ ဦးလှရွှေတို့။ သူဆိုလို့ရှိရင် ကိုမျိုးဝင်းတို့ ရွာကပဲ၊ သူဆိုရင် ကျနော်ရဲ့ ကာဘိုင်ရော၊ ပစ္စည်းတွေရော အကုန်အားလုံး ယူသယ်ပေးတာ။ ကျနော်က လူချည်လျှောက်တာကို မလျှောက်နိုင်ဘူး ဖြစ်နေတာ။ သူတို့က အကုန်လုံး သယ်ပြီး လျှောက်ပေးကြတာ။
အဲတော့ စစ်ဆင်ရေးမပြီးဘူး ကျနော် ၃ လနဲ့ ပြန်လာရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့သွားကိုက်လို့။ ကျနော် ဆင်သား စားတဲ့နေရာမှာဗျာ သွားကိုက်ပြီးတော့ ထမင်း မစားနိုင်တော့ဘူး။ ရှေ့တန်းလည်းရောက်နေတယ် ထမင်းလည်း မ၀င်တော့ပိုဆိုးတာပေါ့။ အဲတော့ ၃ လနဲ့ ကျနော်ပြန်ရောက်လာတယ်။ ပြန်ရောက်လာပြီးတော့ သီချင်းပဲ ဆိုနေရတာပေါ့ဗျာ။ ကျနော်က ဂစ်တာတီးလိုက်၊ သီချင်းဆိုလိုက်နဲ့ ဒီအလုပ်တခုပဲ လုပ်နိုင်တယ်။
အဲဒီလို အခြေအနေကနေ ကျနော်တို့ကို ထောက်လှမ်းရေး ဆိုပြီးတော့ စပြီး စွပ်စွဲပြီး ဖမ်းတာက သြဂုတ်မှာစဖမ်းတာ။ခုနှစ်ကတော့ သေချာ မသိတော့ဘူး ခုနှစ် သြဂုတ်လလောက် ထင်တယ်။
ဘယ်ကနေစဖြစ်တာလဲ ဆိုတော့ ကိုသံချောင်းက တိုက်ပွဲမှာ လက်သွားထိတယ်။ ဗန်းမော် တိုက်ပွဲမှာ အဲဒီ စစ်ဆင်ရေးမှာ ကျနော်ပါတယ်။ ၁၇ မိုင်နားမှာဖြစ်တော့ ကိုသံချောင်းလက်ထိသွားတယ်။ ညာဘက်လက်လား မသိဘူးဗျ။ အဲဒီမှာ သွားထိခဲ့တယ်။
အဲဒီမှာ ကျနော် နည်းနည်းစဉ်းစားရင်း ရောနေတာ ရှိတယ်။ အဲဒီ တိုက်ပွဲမတိုင်ခင်မှာ ကိုမျိုးဝင်းက စစ်ရေးတာဝန်ခံဖြစ်တာလား၊ ဒီတိုက်ပွဲပြီးမှ ဖြစ်တာလား ကျနော် ရောနေတယ်။ ဒါပေမဲ့ သေချာတာကတော့ ကိုမျိုးဝင်းက စစ်ရေးတာဝန်ခံဖြစ်ခဲ့တယ်။ ပြီးတော့ ထောက်လှမ်းရေး တာဝန်ခံကလည်း ရှေ့တန်းမှာ ကျသွားတယ်။ထောက်လှမ်းရေး တာဝန်ခံ ကိုဖေက မိုးညှင်းဘက်မှာ တိုက်ပွဲ ကျတာ။
အဲဒီမှာ ထောက်လှမ်းရေး section ကို ကိုမျိုးဝင်းက တိုက်ရိုက်ကိုင်တာ။ပြီးတော့ကိုမျိုးဝင်းက အဲဒီမှာ ကွန်မန်ဒိုဖွဲ့တယ်။ သူ့လူတွေနဲ့ချည်းပဲ ဖွဲ့ချသွားခဲ့တာ။ ကိုမန်ဒိုနဲ့ ရိုးရိုး တပ်ရင်းနဲ့က ဘာကွာလဲ ဆိုတော့ ရိုးရိုးတပ်ရင်းအနေနဲ့ ပြန်ဝင်လာပြီ ဆိုရင် လက်နက်အပ်ရတယ်။ ကေအိုင်အေမှာလည်း အဲဒီပုံအတိုင်းပဲ။ကွန်မန်ဒိုက ၂၄ နာရီ အမြဲ သေနပ်နဲ့ အတူ ရှိနေလို့ရတယ်။ ကေအိုင်အေမှာ ကွန်မန်ဒို ကုန်းက သီးသန့်ရှိတယ်။ ကျနော်တို့ ကျောင်းသားတပ်မှာတော့ ကွန်မန်ဒို ကုန်းက သီးသန့်မရှိဘူး။ အကုန်ရောနေတာပေါ့ဗျာ၊ ဒါပေမဲ့ များသောအားဖြင့် ကွန်မန်ဒိုက ရှေ့မှာပဲ နေနေရတာများတယ်။ ဗဟိုတက်တယ်ဆိုရင် ခဏပဲ၊ ပြီးတာနဲ့ ရှေ့တန်းပြန်ထွက် အဲလိုပဲ ရှိတာကိုး။
အဲတော့ကိုမျိုးဝင်းက ကွန်မန်ဒိုကိုင်တယ်၊ ကွန်မန်ဒို ဖွဲ့တဲ့အခါမှာလည်း လုံးဝ သူ့စိတ်တိုင်းကျ သူ့ရွာထဲက လူတွေနဲ့ချည်း ဖွဲ့ချသွားတယ်။ သူက အဲဒီတုန်းက ဒု- စစ်ရေးတာဝန်ခံဖြစ်နေတော့ လုပ်လို့ရတာပေါ့။ တပ်ရင်းတွေမှာကြတော့ ကိုင်ရတဲ့ သေနပ်တွေက မီးကျိုးမောင်းပျက်တွေပဲ များတယ်။ ကွန်မန်ဒိုမှာတော့ တကယ့်အကောင်းတွေ ပေးထားတာ။ ထားပါတော့နော်၊ အဲဒါတွေကို သိပ်တော့ မပြောချင်ဘူး။
အဲဒီမှာ ကျနော်တို့ကို ထောက်လှမ်းရေးကို စပြီးစွပ်စွဲပြီး ဖမ်းခံရတာက…သြဂုတ်မှာ၊ ၁၉၉၁စပြီး ဖမ်းတာက ကိုစိုးမင်းအောင်ကို စဖမ်းတာ။ ကိုစိုးမင်းအောင်က ကိုရဲ..ရဲ့ ရန်လ်ဒါ။ နောက်တော့ … ထွက်ပြေးသွားတယ်လေ။(ထလရလို့ စွပ်စွဲ ဖမ်းဆီးတာတွေ ဗျူဟာ၂ ဗန်းမော်ခရိုင်မှာ ၆ ရက် သြဂုတ်လ ၁၉၉၁ မှာ စတင်ခဲ့တာ ။ ပါဂျောင်မှာ က စိုးမင်းအောင်ရဲ့ ထွက်ချက်တွေကနေ ဆွဲယူလာပြီး ၉ သို့မဟုတ် ၁ဝ ရက် သြဂုတ်လ ၁၉၉၁ ခုနှစ်မှာ စဖမ်းတာ - မနန်းအောင်ထွေးကြည်)
အဲဒီမှာ ကိုမျိုးဝင်းတို့အဖွဲ့က ကိုစိုးမင်းအောင်ရဲ့ ထွက်ချက်တွေကိုယူသွားတာ။ အဲဒီတုန်းက ကျနော်တို့က ပွဲလုပ်နေတဲ့ အချိန်ဗျ။ ကိုစိုးမင်းအောင်ကို ဖမ်းတာကိုသိတယ်။ စစ်နေတာကိုလည် သိတယ်။ ဒါပေမဲ ကျနော်တို့ ဆီမှာ စစ်တာမဟုတ်ဘူး။ ကိုစိုးမင်းအောင်ကို ထောက်လှမ်းရေး ဆိုပြီးစဖမ်းတော့ ဟာ…ဒါ ကျောင်းသားတယောက်ပဲ ဖြစ်တယ်၊ ခုလိုမျိုး မလုပ်သင့်ဘူးဆိုတဲ့ အတွေး ကျနော့်မှာ လုံးဝ မရှိဘူး။ တကယ်ကို မရှိတာ။ ဖမ်းတယ် စစ်တယ် အဲလောက်ပဲ သဘောထားတယ်။ကိုယ့် Section ကလည်း မဟုတ်ဘူး။
ပြီးတော့မှ အဲဒီ ကိုစိုးလင်းအောင် ဆီကနေ list တွေ တက်လာတာ။ အဲဒီ List မှာ ကျနော်တို့ နာမည်တွေ ပါတယ်ဆိုတော့ ကျနော်တို့က ရီနေကြတာ။ အဲဒီမှာ list တက်လာပြီးတော့ မချို တို့ကို စဖမ်းတယ်။ မချိုကို ဖမ်းပြီလို့ ကြားတော့ ကျနော်က တော်တော်ကို ပြာတောက်သွားတာ။
ဘာလို့ လဲဆိုပြီး တော်တော်လေးကို စိတ်မကောင်းလည်း ဖြစ်သွားတယ်။ ပြာလည်း ပြာသွားတယ်။နောက် မငယ်တို့လည်း ပါတယ်ကြားတော့ ပိုဆိုးသွားတယ်။ မငယ်နဲ့ ကျနော်တို့က Section တခုတည်း propagator မှာ တူတူပဲ အလုပ်လုပ်နေကြတာ။
မချိုနဲ့က ကျနော်နဲ့ တော်တော်ရင်းနှီးတယ်၊ သူက ကျနော့်ကို အမြဲ မုန့်ဖိုးပေးတယ်။ တကယ်တော့ သူတို့နဲ့က ကျနော်က မောင်နှမရင်းတွေလို ဖြစ်နေတာဗျ။ ကျနော်က ရေချိုးရမှာ ပျင်းတယ်။ ရာသီဥတုကလည်း အေးတော့ ရေမချိုးဘူး။ သူက ကျနော်ရေချိုးချင်အောင် မုန့်ဖိုးပေးတယ်။
ဟဲ့ အမဆီက မုန့်ဖိုးယူ ပြီးရင်ရေချိုး ဆိုပြီး ကျနော် ရေချိုးအောင် လုပ်ပေးတယ်။ပြီးတော့ ဒယ်ပိုင်းလေးထဲမှာ ရေနွေးတယ်ပြီး ရေးချိုးဖို့ ရေနွေးပေးတယ်။
ကျနော်က အဲဒီလိုနဲ့ သူ့ဆီကနေ မုန့်ဖိုးယူ၊ ရေနွေးလည်းယူပြီး ရေးချိုးတယ်လေ။ ကျနော့်စိတ်ထဲမှာလည်း သူတို့က ကျနော့်အမတွေလိုပဲ မှတ်တယ်။ ခံစားရတယ်။ ဟိုမှာ တကယ့်အမလိုပဲ ဖြစ်နေတာကို။သူတို့ကလည်း ကျနော့်ကို မောင်ငယ်တယောက်လိုပဲ ဆက်ဆံခဲ့ကြတယ်။
အဲလိုနေတော့ မချိုကို ဖမ်းပြီဆိုတော့ ကျနော် ရှော့်ရသွားတယ်။ စိတ်ထိခိုက်သွာတာဗျ။ နောက် ...စစ်ကြောရေး စစ်တဲ့အဖွဲ့ထဲမှာ ကျနော်ပါတယ်။
ရှေ့ဆက်ဖော်ပြပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Posts (Atom)
