Saturday, December 22, 2012

မြောက်ပိုင်းကျောင်းသားများသတ်ဖြတ်ခံရမှုနှင့် ABSDF ၏အခန်းကဏ္ဏအကြောင်း လေ့လာမိသမျှ.....

မြောက်ပိုင်းကျောင်းသားများသတ်ဖြတ်ခံရမှုနှင့် ABSDF ၏အခန်းကဏ္ဏအကြောင်း လေ့လာမိသမျှ..... by Min Nyein Thit on Monday, December 17, 2012 at 10:10pm · အခုရက်ပိုင်း ABSDF လက်ရှိဥက္ကဋ္ဌ ကိုသံခဲ၊ ဒုဥက္ကဋ္ဌ ကိုမျိုးဝင်းနဲ့ ကိုယ်စားလှယ်အချို့ တာဝန်ရှိသူ တစ်ချို့နဲ့ဆွေးနွေးဘို့ ပြည်တွင်းကို ရောက်ရှိလာတော့မယ်လို့ သတင်းထွက်ပေါ်လာတာနဲ့ တစ်ချိန်တည်းမှာ ဘဲမြောက်ပိုင်းပြသနာနဲ့ ပတ်သက်ပြီး အမှန်တရားလိုလားသူတွေကြားမှာကော သတင်းလောကမှာပါ ပြောဆိုနေတဲ့ အသံတွေကြားလာရပါတယ်။ မြောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးလို့စွပ်စွဲပြီး ၁၉၉၁-၉၂ မှာ ကျောင်းသားလူငယ်၁၀၀ကျော်ကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်…ကျောင်းသားလူငယ် ၃၈ဦးသေဆုံးခဲ့ရပြီး ဥက္ကဋ္ဌကိုထွန်းအောင်ကျော်အပါအ၀င်၁၅ဦးကတော့ ၁၉၉၂ ဖေဖေါ်ဝါရီလ၁၂ ရက်နေ့မှာ တပြိုင်တည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပါတယ်…ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ၂၀၁၁ခုနှစ်ဒီဇင်ဘာအကုန်လောက်ကစလို့ အင်တာနက်စာမျက်နှာ တွေပေါ်မှာ စတင်ရေးသားလာကြတာတွေ့ရပြီး တိမ်မြုတ်နေတဲ့ မတရားပြုမူခံခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ တစတစ ရုပ်လုံးပေါ်လာတာတွေ့မြင်ရပါတယ်…. မြောက်ပိုင်းကျောင်းသားဟောင်းတွေအနေနဲ့ ၂၀၁၂ခုဖေဖေါ်ဝါရီလ၁၂ ရက်နေ့မှာ မြောက်ပိုင်းကျောင်းသားများ ကြွေလွင့်ခြင်း အမှတ်တရနေ့ ဆိုပြီး ရန်ကုန်၊မန္တလေး၊မြို့ကြီးများမှာ ကျင်းပခဲ့တာတွေ့ရပြီး သူတို့ရဲ့အမှန်တရားဖေါ်ထုတ်မှုတွေကို ပြုလုပ်ခဲ့တာတွေ့ရပါတယ်…. တချိန်တည်းမှာဘဲ ဒီမိုကရေစီရေးလိုလားသူ အမှန်တရားလိုလားသူ ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်အဖွဲ့အစည်းများကလည်း မြောက်ပိုင်းမှာသေဆုံးခဲ့ရတဲ့ ရဲဘော်များအတွက် အောက်မေ့ဘွယ်၊ဂုဏ်ပြု အခန်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်…အမှန်တရားဖေါ်ထုတ်ရေးနဲ့ တာဝန်ရှိသူတွေကို တာဝန်ခံရေးဆိုတဲ့ လမ်းကြောင်းကိုအခြေခံတဲ့ ရေးသား၊အကြံပေး၊ဆွေးနွေးချက်တွေ လုပ်ခဲ့ကြတာတွေ့ရပါတယ်…၀ိုင်းဝန်း ဖေါ်ထုတ် ရေးသားခဲ့ကြတာတွေ့ရပါတယ်… ၂၀၁၂ခုနှစ် နှစ်ဆန်းကစပြီး တစတစပွင့်လင်းလာတဲ့ ပြည်တွင်းမီဒီယာ အခြေအနေကနေတဆင့် မောင်မောင် (ရွှေကရ၀ိတ် ) ရေးတဲ့ ခေတ်သစ်ဟင်္သာကိုးသောင်း ပုံပြင် စာအုပ်ထွက်ရှိလာခဲ့ပြီး မြောက်ပိုင်း သတ်ဖြတ်မှုဖြစ်စဉ်များကို ပြည်သူတွေ တအံ့တသြ ဖတ်ရှူ့ခဲ့ကြရပါတယ်… ရက်စက်မှုမတရားမှုတွေ ကိုမြင်တွေ့ခဲ့ကြရပါတယ်… မိသားစုဆုံးရှုံးခဲ့ရတဲ့သူတွေထဲက မြောက်ပိုင်းမှာသေဆုံးခဲ့ရတဲ့ ဗဟိုကော်မတီဝင် ဦးစိန်ရဲ့သမီး ဒေါ်စန်းစန်းအေးက ABSDF မြောက်ပိုင်းဥက္ကဋ္ဌ ရော်နယ်အောင်နိုင်ပါ(၈) ဦးကို တရားဥပဒေအရအရေးယူပေးဘို့ မြောက်ဥက္ကလာရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာတွေ့ရပါတယ်… တဆက်တည်းမှာဘဲ ၂၀၁၂ခုသြဂုတ်လ ၃၁ ရက် တော်ဝင်နှင်းဆီမှာလုပ်တဲ့ မြောက်ပိုင်းကျောင်းသားဟောင်းတွေရဲ့ ၉၂ - ပါဂျောင်ရှင်းတမ်း ကြောင့် ၁၉၉၂ မြောက်ပိုင်းသတ်ဖြတ်မှု ကိုကျူးလွန်ခဲ့ကြသူတွေအကြောင်း ပိုမိုသိရှိလာကြပါတယ်….ထိုနေ့မှာဘဲပြည်တွင်းကို ပြန်ရောက်လာခဲ့တဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ရဲ့အတိတကာလက ပြစ်မှုတွေကို ရုပ်လုံးကြွလာစေခဲ့တာတွေ့ရပါတယ်…. ဆက်လက်ပြီး ပြည်တွင်းသတင်းဂျာနယ်တွေရဲ့ ရေးသားချက်တွေ၊သတင်းစီးဆင်းမှုတွေကြောင့် အဲဒီကာလက သတ်ဖြတ်မှုတွေမှာ တာဝန်ယူခဲ့၊ တာဝန်ခံခဲ့ တဲ့ကိစ္စတွေဟာ မြန်မာပြည်သူတွေကို အံ့သြ တုန်လှုပ်စေခဲ့ပါတယ်။ မရှေးမနှေင်းမှာဘဲ ပြည်တွင်းကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန် ဟာလဲ အမိမြေငြိမ်းချမ်းရေးအဖွဲ့နဲ့အတူ ခေတ္တပြန်ရောက်လာခဲ့ပါတယ်…. ကိုမိုးသီးဇွန်အနေနဲ့ မြောက်ပိုင်းဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ဆက်စပ်ပြီး သူတာဝန်ယူခဲ့တဲ့ ABSDF အခြမ်းမှာ ဖမ်းဆီးမှုအနည်းငယ်ရှိခဲ့တာတွေ့ရပါတယ်….ဒေါက်တာနိုင်အောင်ဘက်ခြမ်းမှာလည်း မြောက်ပိုင်းကရော်နယ်အောင်နိုင်တို့နဲ့ ချိတ်ဆက်ပြီး ကိုစိုးလင်း၊ဆရာနေ၀င်းအောင် တို့ကိုဒေါက်တာနိုင်အောင်က ဖမ်းဆီးထားခဲ့ပါတယ်….ကိုစိုးလင်းနဲ့ဆရာနေ၀င်းအောင်တို့ရဲ့အစစ်ခံချက်အရ ဆိုပြီး မိုးသီးဘက်ခြမ်းမှာ ကိုဋ္ဌေးနိုင်ကိုဖမ်းဆီးခဲ့ပါတယ်….၄ လနီးပါးမြေတိုက်ထဲမှာ ချုပ်နှေင်ထားပြီး သေဆုံးသွားခဲ့ တယ်လို့ ဖတ်ရှူ့ရပါတယ်… ကိုဋ္ဌေးနိုင်သေဆုံးရမှုနဲ့ပတ်သက်ပြီး ကိုဝင်းနိုင်ဦး( ယခု BBC ကိုရင်မောင် ) ကမိုးသီးဇွန်အမိန့်အရ ဆေးထိုးသတ်လိုက်တယ်လို့ ပြောဆိုမှုတွေ ရှိလာပါတယ်…သတ်ဖြတ်ခဲ့ခြင်းမဟုတ်ကြောင်းလဲ မိုးသီးဇွန်နဲ့ ပတ်သက်ခဲ့သူတချို့က ငြင်းချက်ထုတ်တာလဲတွေ့ရပါတယ်…ကိုဋ္ဌေးနိုင်ကို ကယ်တင်ဘို့လာတဲ့ ကိုလှဝင်းဆိုသူဟာလဲ သတင်းအစပျောက်၊သေဆုံးသွားခဲ့ရတယ်လို့ ရေးသားတာတွေ ဖတ်ခဲ့ရပါတယ်… ကိုဋ္ဌေးနိုင်ကိုဖမ်းဆီးဘို့ ဒေါက်တာနိုင်အောင်က သက်သေခံအဖြစ်ပေးလိုက်တဲ့ ဆရာနေ၀င်းအောင်နဲ့ကိုစိုးလင်းတို့ရဲ့ အသံဖမ်းခွေကို အဲဒီအချိန်က ကိုမိုးသီးဘက်ခြမ်းမှာ ဒုဥက္ကဋ္ဌလုပ်ခဲ့တဲ့ ကိုအောင်သူငြိမ်း ( ယခု/ပြည်တွင်းအကြံပေးအဖွဲ့ ) လက်ထဲကို ဒေါက်တာနိုင်အောင်က ထည့်ပေးလိုက်တာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်…. ကိုဋ္ဌေးနိုင်သေဆုံးရတာနဲ့ပတ်သက်ပြီး ကိုမိုးသီးဇွန်က မန္တလေးမှာ မိမိကိုယ်သတ်သေသွားတာ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်….ထိုအချိန်က လုံခြုံရေးတာဝန်ကျခဲ့တဲ့ ကိုရဲလင်း ( တပ်ရင်း၂၀၄-၂၀၅ ) ( ယခုပြည်တွင်း ) ကသက်သေခံပြောကြားရာမှာ ကိုဋ္ဌေးနိုင်က မိမိလည်ပင်းမိမိချိုးပြီး သတ်သေသွားတာသာဖြစ်ကြောင်း ကိုမိုးသီးဇွန်နဲ့အတူပြောကြားခဲ့ပါတယ်…ကိုမိုးသီးဇွန်ရဲ့ဖြေရှင်းချက်နဲ့ ပတ်သက်ပြီး ABSDF ရဲဘော်ဟောင်းများ၊ကိုဋ္ဌေးနိုင်မိသားစု၊ နဲ့အမှန်တရားလိုလားသူများက ယုံကြည်ခြင်း /လက်ခံခြင်းသိပ်မရှိတာတွေ့ရပါတယ်…လည်းကောင်းတို့အနေနဲ့ ဒီထက်ပိုပြီး အမှန်တရားကို သိချင်/မြင်ချင်/ ဖေါ်ထုတ်ချင်ကြတာ ကြားနေရပါတယ်…ဖြေရှင်းချက်တွေဟာ ရှေ့နောက်ကွဲပြားမှုတွေ ရှိနေကြောင်း ပြောဆိုကြပါတယ်… ဒေါက်တာနိုင်အောင်အနေနဲ့လည်း ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့မှုမှာ သူ့မှာအပြစ်မရှိကြောင်း ပြောဆိုခဲ့ပါတယ်…အဖြစ်မှန်တွေကို ပြောကြားပေးဘို့ ပျက်ကွက်ခဲ့တာတွေ့ရပါတယ်….မြောက်ပိုင်းသတ်ဖြတ်မှု နဲ့ပတ်သက်ပြီး ဒေါက်တာနိုင်အောင်ရဲ့ အပိုင်းကို လေ့လာမိတော့ ၁၉၉၁ အောက်တိုဘာလကုန်မှာ မြောက်ပိုင်း ဥက္ကဋ္ဌ ရော်နယ်အောင်နိုင်ရဲ့ အကြောင်းကြားစာအရ မြောက်ပိုင်းကော်မတီဝင်ကိုစိုးလင်းကို ABSDF ဗဟိုမှာဖမ်း ဆီးပါတယ်..အဲဒီအချိန်က ABSDF မြောက်ပိုင်းမှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ဗဟိုကော်မတီဝင်၅ဦး အပါအ၀င် ကျောင်းသား၁၀၀ကျော်ကို စွပ်စွဲဖမ်းဆီးထားချိန်ဖြစ်ပါတယ်…. စစ်ကြောရေးဒဏ်နဲ့ သေဆုံးမှုတွေ ရှိနေတဲ့အချိန်ဖြစ်ပါတယ်… ဆရာနေ၀င်းအောင်ရဲ့ ၁၉၉၆ခုနှစ် ABSDF ဗဟိုစစ်ကော်မရှင်ကို တင်ပြတဲ့စာအရ ကိုစိုးလင်းကို ဒေါက်တာနိုင်အောင်နဲ့ ဗဟိုကော်မတီဝင်များ ဆုံးဖြတ်ချက်အရ ဖမ်းတယ်လို့သိရပါတယ်….၁၉၉၂ဧပြီလ ၂၀ ရက်မှာတော့ ဒေါက်တာနိုင်အောင်က ဆရာနေ၀င်းအောင်ကို ထပ်မံဖမ်းဆီးခိုင်းခဲ့တာဖြစ်ပါတယ်… စတင်ဖမ်းဆီးချိန်က မာနယ်ပလောမှာ ဗဟိုဦးဆောင်ကော်မတီ အစည်းဝေးလုပ်နေတုံး CEC များရှေ့မှာတင် အတွင်းရေးမှူး ( ၂ ) ကိုလှဋ္ဌေး(မြောက်ပိုင်းမှဗဟိုသို့ရောက်နေသူ)၊ ကိုကျော်ကျော် ( မြောက်ပိုင်း မှဒုဥက္ကဋ္ဌ - ၂ )တို့မှ ဖမ်းဆီးခဲ့ပြီး ဆရာနေ၀င်းအောင်ကို ရက်စက်စွာ စစ်ဆေးခဲ့တယ်လို့ ဆရာနေ၀င်းအောင်ရဲ့ ၁၉၉၆ စစ်ကော်မရှင်သို့ရေးတဲ့စာမှာ ဖတ်ရပါတယ်… တဆက်တည်းမှာဘဲ အတွင်းရေးမှူးမျိုးဝင်း (ABSDF – ဒေါက်တာနိုင်အောင်ဘက်ခြမ်း) / ယခုလက်ရှိ ABSDF ဒုဥက္ကဋ္ဌ ကလည်း ဆရာနေ၀င်းအောင်ရဲ့ အကျိုးသင့်အကြောင်းသင့်ပြောကြားချက်များကို လက်မခံဘဲ နေ့ရောညပါ ညှင်းပန်းနှိပ်စက်မှုတွေလုပ်ပြီး မရရအောင်ဝန်ခံခိုင်းခဲ့တယ်လို့ သိရပါတယ်….ဆက်လက်ပြီး ကိုမြင့်ဦး၊ကိုထင်ကျော်၊ ကိုအောင်သူတို့ကိုဖမ်းဆီးခဲ့ပြီး ကျောင်းသားရဲဘော်ကိုအောင်သူဟာ အသတ်ခံရ/(သို့) စစ်ကြောရေးမှာသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်…. အဲဒီလိုဖမ်းဆီးမှုတွေ/စစ်ဆေးတာတွေကို ဒေါက်တာနိုင်အောင် ၊ ကိုကျော်ကျော်(ယခုမြောက်ပိုင်းကိုဦးဆောင်နေသူ)၊ ကိုလှဋ္ဌေး(ယခုအိန္ဒိယနယ်စပ်)၊ ကိုမျိုးဝင်း (ယခု ABSDF ဒုဥက္ကဋ္ဌ ) ၊ ဗဟိုစစ်ကော်မရှင်တို့ မှပြုလုပ်ခဲ့တာ တွေ့မြင်နေရပါတယ်… ထူးခြားတာတစ်ခုက ၁၉၉၂ဧပြီ ၂၀မှာ ဆရာနေ၀င်းအောင်ကိုဖမ်းဆီးစဉ်မှာ ဒေါက်တာနိုင်အောင် တစ်ယောက် ၁၉၉၂ ဧပြီလ ၁၉ ရက်နေ့မှာ မြောက်ပိုင်း ABSDF ပါဂျောင်စခန်းကို ရောက်နေတယ်လို့ ဒေါက်တာနိုင်အောင်ရဲ့ ၂၀၁၂ခု မတ်လ၂၅ ရက်နေ့ တောင်းပန်စာ(ကြေညာချက်)မှာ ဖတ်ရပါတယ်…. ဒေါက်တာနိုင်အောင်က ၁၉၉၂ဖေဖေါ်ဝါရီ၁၂ရက်နေ့ ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကျောင်းသား၁၅ ဦးကိုသတ်ဖြတ်လိုက်ချိန်မှာ သူမရောက်ရှိသေးပါဘူးလို့ ပြောကြားခဲ့ပါတယ်…သို့ပေမယ့် ဒေါက်တာနိုင်အောင် သတ်ဖြတ်ခြင်းမပြုမှီကတည်းက ရောက်နေခဲ့ပါတယ်လို့ ပြောကြားတာတွေလဲ ဖတ်ရပါတယ်…. မည်သို့ပင်ဖြစ်ပါစေ ABSDF ဗဟိုက ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်နဲ့ ဗဟိုကော်မတီဆုံးဖြတ်ချက်အရ တောင်ပိုင်း ဗဟိုကိုရောက်နေတဲ့ ကိုကျော်ကျော်(ဒုဥက္က- ၂ / မြောက်ပိုင်း ) ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဘို့ မြောက်ပိုင်းကိုပြန်လည်စေလွှတ်လိုက်တယ်ဆိုတာ ဒေါက်တာနိုင်အောင်ရဲ့ စာအရသိရပါတယ်…. ကိုကျော်ကျော်က မြောက်ပိုင်းပါဂျောင်ကို ၁၉၉၂ခုနှစ်ဇန္န၀ါရီမှာပြန်ရောက်သွားပြီး ၁၉၉၂ဖေဖေါ်ဝါရီ၁၂ ရက် ၁၅ဦး သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်….ကိုကျော်ကျော်ဟာ မြောက်ပိုင်းဥက္ကဋ္ဌရော်နယ်အောင်နိုင်၊ စစ်ရေးတာဝန်ခံသံချောင်း၊မြောက်ပိုင်းအတွင်းရေးမှူးမျိုးဝင်း၊လှဆိုင်း၊ နေဒွန်း၊စိန်အေး၊အောင်ကြီးတို့နဲ့ ၁၅ဦးသတ်ဖြတ်မှုမှာဆုံးဖြတ်ချက်ချခဲ့ပြီး လည်းကောင်းတို့အားလုံးဟာလဲ သတ်ဖြတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြ ပါတယ်… ABSDF မြောက်ပိုင်း ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်တွေမှာ ဒေါက်တာနိုင်အောင်၊ အတွင်းရေးမှူးမျိုးဝင်း (ယခု ABSDF ဒုဥက္ကဋ္ဌ ) ၊ဗဟိုကော်မတီ၊စစ်ကော်မရှင်တို့ဟာ ပါဝင်ပတ်သက်ခဲ့တာ ထင်ရှားနေပါတယ်… ထိုအချိန်က ဒေါက်တာနိုင်အောင်ဘက်ခြမ်း မှာအတွင်းရေးးမှူး-၂ လုပ်တဲ့ ကိုလှဋ္ဌေး(ယခုအိန္ဒိယနယ်စပ်) ဟာလဲ ကိုကျော်ကျော်နဲ့အတူ ပူးပေါင်းပါဝင်ခဲ့တာလဲတွေ့ရပါတယ်… လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲ ကတော့ ဒီမြောက်ပိုင်းဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တာ မရှိပါဘူး…. အဲဒီအချိန်က သူဟာ အိန္ဒိယနယ်စပ်မှာရှိနေခဲ့တာဖြစ်ပြီး ၁၉၉၃ မတ်လခန့်မှာ လက်နက်ကိုင်တပ်ဖွဲ့စည်းရေး၊ အိန္ဒိယနယ်စပ်မှာရှိနေတဲ့ ကျောင်းသားတွေနဲ့ပတ်သက်ပြီး အလုပ်လုပ်ဘို့ မြောက်ပိုင်း ABSDF ကိုသွားရောက်ခဲ့ တာ ဖြစ်ပါတယ်…မြောက်ပိုင်းမှာ စစ်ရေးတာဝန်ခံ သံချောင်း(ယခုသာယာဝတီထောင်)၊ ရော်နယ်အောင်နိုင်တို့နဲ့ တွေ့ဆုံမှုရှိခဲ့တာပါ…ထိုအချိန်က တော့ ကိုသံချောင်းကိုလေးစား ခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်…. နောက်ပိုင်း ၁၉၉၆- ၉၇ ခန့်မှာတော့ မြောက်ပိုင်းကျောင်းသူ မခင်ရွှေလှိုင်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်… နောက်ပိုင်း ABSDF ရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ….၂၀၁၂ခုနှစ် မြောက်ပိုင်းသတ်ဖြတ်မှုတွေ ဖေါ်ထုတ်လာကြတဲ့ အချိန်မှာ ဥက္ကဋ္ဌကိုသံခဲအနေနဲ့ ဝေဖန်ပြောကြားတာမရှိခဲ့ပါဘူး…. ….ထိုအတွက် ဝေဖန်ပြောကြားတာတွေ ခံခဲ့ရပါတယ်…..မြောက်ပိုင်းမှာ ခံစားခဲ့ကြရတဲ့ အဖမ်းခံ/ကျဆုံးခဲ့သူတွေအပေါ် မစာနာပြောဆိုခဲ့တဲ့ မြောက်ပိုင်း ကျောင်းသူ မခင်ရွှေလှိုင်ရဲ့ ခင်ပွန်းဖြစ်နေတာဟာလဲ သူ့ရဲ့ပုံရိပ်ကို ထိခိုက်စေခဲ့ပါတယ်…. ABSDF အဖွဲ့ကိုလည်း တာဝန်ယူမှု တာဝန်ခံဖြေရှင်းပေးမှုမရှိဘူးဆိုပြီး ပြစ်တင်ပြောဆိုတာတွေ တွေ့လာရပါတယ်….ABSDF ကမြောက်ပိုင်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းဘို့ ဖွဲ့စည်းပေးလိုက်တဲ့ အမှန်တရားနှင့်တရားမျှတမှုကော်မတီ ကိုလည်း အယုံအကြည်မရှိတာမျိုးတွေ တွေ့ရပါတယ်…ဘာကြောင့် လဲဆိုတော့ လက်ရှိ ABSDF ရပ်တည်နေရတဲ့ အခြေအနေ အခင်းအကျင်းတွေ ကြောင့်ပါဘဲ…လက်ရှိ ABSDF က ဒေါက်တာနိုင်အောင်ရဲ့ အထောက်အပံ့ကို ရယူနေရတယ်လို့ သတင်းတွေထွက်ပါတယ်….လက်ရှိ အမှန်တရားနှင့်တရားမျှတမှုကော်မတီ ကအချို့ပုဂ္ဂိုလ်တွေ ABSDF အထောက်အပံ့ နဲ့ကျောင်းတက်နေရတာတွေရယ်…တစ်ဦးကတော့ ဒေါက်တာနိုင်အောင်ဘက်ခြမ်းက သေဆုံးခဲ့ရတဲ့ ကိုအောင်သူ နဲ့ပတ်သက်ပြီး တာဝန်ရှိနေတယ်လို့ သတင်းထွက်နေပါတယ်…. အရေးကြီးဆုံးကတော့ လက်ရှိ ABSDF ဒုဥက္ကဋ္ဌ ကိုမျိုးဝင်း ရဲ့ထိုအချိန်က ပါဝင်ပတ်သက်ခဲ့မှုတွေဟာ လည်း ရှိနေခဲ့တာကြောင့် ပါဘဲ….ဒါကြောင့် ABSDF ကဖွဲ့စည်းပေးလိုက်တဲ့ အမှန်တရားနှင့်တရားမျှတမှု ဖေါ်ထုတ်ရေးကော်မရှင် ကို သံသယနဲ့စောင့်ကြည့်နေကြပြီး အယုံအကြည်မဲ့နေတာဖြစ်ပါတယ်…. ၂၀၁၂ခုနှစ် စက်တင်ဘာမှာ ABSDF က မြောက်ပိုင်းသတ်ဖြတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ခံစားခဲ့ရသူများနှင့် မိသားစုများကို တောင်းပန်ပါကြောင်း ကြေညာချက်ထွက်လာခဲ့ပေမဲ့ …ကာယကံရှင်တွေ ရဲ့ အပြီးသပ် ကြေနပ်မှုမျိုးကို မရရှိခဲ့ပါဘူး… ABSDF အနေနဲ့ အဓိကတာဝန်ရှိသူတွေကို ABSDF စည်းမျဉ်းအရ ဖေါ်ထုတ်၊အရေးယူ၊ တာဝန်ခံစေတာမျိုး၊ တွေမရှိခဲ့လို့ သာဖြစ်တယ်လို့ တွေးဆနိုင်ပါတယ်… ဥက္ကဋ္ဌ ကိုသံခဲအနေနဲ့ ဒေါက်တာနိုင်အောင်၊မိုးသီးဇွန်၊ လက်ရှိဒုဥက္ကဋ္ဌ ကိုမျိုးဝင်း၊ လက်ရှိABSDF မြောက်ပိုင်း ကိုဦးဆောင်နေတဲ့ ၁၉၉၂ဖေဖေါ်ဝါရီ ၁၂ ရက် လူသတ်တရားခံ ကိုကျော်ကျော်နဲ့ကိုလှဆိုင်းတို့ အပါအ၀င် ၁၉၉၂ ကာလတွေမှာတာဝန်ရှိခဲ့တဲ့ ကိုလှဋ္ဌေး ( ယခုအိန္ဒိယနယ်စပ်ကျောင်းသားအဖွဲ့ကို ဦးဆောင်နေသူ) တို့အပေါ်မှာ တစ်စုံတစ်ရာပြောဆိုခြင်း၊ ABSDF စည်းမျဉ်းစည်းကမ်းနဲ့အညီ ကိုင်တွယ်ခြင်း မပြုလုပ်နိုင်သေးတာဟာလဲ အားနဲချက်အဖြစ်မြင်နေရပါတယ်…. ပိုပြီးဆိုးဝါးစေခဲ့တဲ့ အကြောင်းကတော့ မြောက်ပိုင်းလူသတ်တရားခံ ကျော်ကျော်၊လှဆိုင်း တို့ဦးဆောင်နေတဲ့ ABSDF မြောက်ပိုင်းကို မိမိသြဇာ ထူထောင်ထားခြင်းပါဘဲ….မြောက်ပိုင်းသတ်ဖြတ်မှု ပြသနာတွေ အကြီးအကျယ် ရှိနေစဉ်ကာလမှာဘဲ ကိုသံခဲဟာမြောက်ပိုင်းကိုသွားရောက်ခဲ့ပြီး ၁၉၉၂ ဖေဖေါ်ဝါရီ၁၂ ရက် လူသတ်မှုကိုကျူးလွန်ခဲ့တဲ့ ကိုကျော်ကျော်၊ကိုလှဆိုင်းတို့နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်…. တကယ်တော့မြောက်ပိုင်း ABSDF ကို KIA က ငြိမ်းချမ်းရေး ပျက်စီးတဲ့ ၂၀၁၂ နှစ်ဆန်းမှာ ပြန်ပြီး အသက်သွင်းခဲ့တာပါ…ယခင်၁၉၉၆ KIA ငြိမ်းချမ်းရေးယူစဉ်က ABSDF ကိုနေထိုင်ခွင့်မပေးတော့ဘဲ မောင်းထုတ်ခဲ့ တာပါ…. ယခု ၂၀၁၂ခုနှစ်ဆန်းကျမှ KIA က သူတို့ အကျိုးစီးပွားအတွက် သူတို့KIA နဲ့ အလျှင်းသင့်တဲ့ မြောက်ပိုင်း ABSDF လူသတ်ကောင်လှဆိုင်း (ကချင်လူမျိုး) ၊ကိုကျော်ကျော်တို့မှတဆင့် ABSDF မြောက်ပိုင်းဆိုပြီး ပြန်လည်အသက်သွင်းခဲ့တာပါ….မြောက်ပိုင်းABSDF ကျောင်းသားဆိုလို့ ဦးဆောင်နေတဲ့ သူ ၅ယောက်လောက်သာရှိတာပါ…..တပ်ဖွဲ့ဝင်ရရှိရေးနဲ့ပတ်သက်လို့ကတော့ မရေးလိုတော့ပါဘူး…. ဒီလိုအခင်းအကျင်းမျိုးရှိနေတဲ့ အနေအထားမှာ ABSDF ဥက္ကဋ္ဌ ကိုသံခဲအနေနဲ့ အများကြီးတာဝန်ရှိလာနိုင်ပါတယ်….မြောက်ပိုင်းသတ်ဖြတ်မှုတရားခံတွေ ကိုဆက်ဆံ၊လက်ခံနေတဲ့ကိစ္စရယ်.. ABSDF ရဲ့သမိုင်းဆိုင်ရာ ဆိုးဝါးမှုကို လက်ခံအတည်ပြုပေးသလို သက်ရောက်နေပါတယ်…. ဒီလိုအချိန်တွေမှာဘဲ ပြည်တွင်းကိုပြန်ဝင်လာပြီး အစိုးရနဲ့တွေ့ဆုံမှုတွေလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး ခံစားခဲ့ရတဲ့ မြောက်ပိုင်းကျောင်းသားတွေအနေနဲ့ စိုးရိမ်မှု၊ အမှန်တရားဆုံးရှုံးမှု၊ အပြစ်ရှိသူ၊ တာဝန်ရှိသူတွေ အနာဂတ်နိုင်ငံရေးမှာ ပါဝင်လာမှာတွေကို စိုးရိမ်လာနေကြပါတယ်…. သူတို့ရဲ့သမိုင်းကို နောက်တစ်ကြိမ် ခြေဖျက်ခံကြရမှာကို စိုးရိမ်နေကြပါတယ်….ဒါကြောင့်လဲ ဒေါက်တာနိုင်အောင်။မိုးသီးဇွန် တို့ ပြန်လာကြစဉ်က မြောက်ပိုင်းကျောင်းသားဟောင်းတွေက သူတို့ရဲ့ သမိုင်းကို သူတို့ ခုခံကာကွယ်ခဲ့ကြတာတွေ့ရပါတယ်…. လက်ရှိ ABSDF ကဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ရဲ့ အမှန်တရား ဖေါ်ထုတ်မှုအဖြေဟာ ABSDF ရဲ့ သိက္ခာနဲ့ သမိုင်းကြောင်းကို ကာကွယ်ရင်း မြောက်ပိုင်းမှာ အသက်ပေးခဲ့ရသူတွေနဲ့ လွတ်မြောက်ခဲ့သူရဲဘော်ဟောင်းတွေရဲ့ သမိုင်းကို အလဲအလှယ်လုပ်ယူသလို ဖြစ်သွားမှာကိုလည်း သတိကြီးစွာနဲ့ စောင့်ကြည့်နေကြတာ တွေ့ရပါတယ်…. ပြီးခဲ့တဲ့ ၁၃.၁၂.၂၀၁၂ နေ့ကလည်း ABSDF မိုးဦးဇွန်ဘက်ခြမ်းမှာ သေဆုံးခဲ့ရတဲ့ ကိုဋ္ဌေးနိုင်ရဲ့မိခင် ဒေါ်ခင်မေမြင့်က မြောက်ဒဂုံရဲစခန်းမှာ တရားဥပဒေကြောင်းအရ ကိုမိုးသီးဇွန်နဲ့ အဖွဲ့ကို အရေးယူပေးဘို့ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိလိုက်ရပါတယ်….တကယ်တော့ဒီပြသနာတွေဟာ အမှန်တရားတစ်ခု ပေါ်ပေါက်လာတဲ့ အချိန်မှာ အမှားတွေကို တာဝန်မခံ၊တာဝန်မယူရဲဘဲ၊ မိမိတို့ရဲ့ဂုဏ်သိက္ခာ ကို မျက်စေ့မှိတ်ကာကွယ်လိုမှု တွေကြောင့် ပြသနာဟာကြီးထွားလာတယ်လို့မြင်ပါတယ်…. ရိုးသားစွာနဲ့ ဖြစ်စဉ်အမှန်ကိုဝိုင်းဝန်းဖေါ်ထုတ်။ပြောကြားကြပြီး မိသားစုတွေရဲ့ ဘ၀တွေကို ဖေးမ ကြရမယ့်အချိန်မှာ မိမိတို့ အတ္တတွေကိုရှေ့တန်းတင်ပြီး မာန်မာနတွေ မချခဲ့လို့သာ မလိုလားအပ်တဲ့ ကိစ္စတွေ ဆင့်ကဲပေါ်ပေါက်လာတာပါ… မြောက်ပိုင်းကျောင်းသားဟောင်းတွေရဲ့ ၁၂.၂.၂၀၁၂ ကြေညာချက်အမှတ် ၁/၂၀၁၂ ကိုကြည့်ရင်လဲ အမှန်တရား ဖေါ်ထုတ်ရေး၊သက်ဆိုင်သူတွေတာဝန်ခံရေး၊ နဲ့ ကျဆုံးခဲ့ရသူများ/နဲ့ သူတို့တတွေရဲ့ သမိုင်းတန်ဘိုး တွေအတွက်သာ ရည်ရွယ်ပြီး အမှန်တရားဖေါ်ထုတ်ခဲ့ကြတာ ဖြစ်ကြောင်းပေါ်လွင်ပါတယ်…အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ကြိုဆိုကြောင်း ပြောကြားထားတာတွေ့ရပါတယ်…. တော်ဝင်နှင်းဆီမှာပြုလုပ်ခဲ့တဲ့ ၃၁.၈.၂၀၁၂သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အမှတ် ၂/၂၀၁၂ မှာလဲ မြောက်ပိုင်းကျောင်းသားတွေအနေနဲ့ သက်ဆိုင်သူမိသားစုတွေရဲ့ တရားဥပဒေကြောင်းအရ ဖြေရှင်းမှုကို ထောက်ခံကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားရေးမဏိုင်တောင့်တင်းခိုင်မာစေရေးအတွက် မြောက်ပိုင်းပြသနာကို မှတ်ကျောက်တစ်ခုအနေနဲ့ ရည်ညွှန်းထုတ်ပြန်ပြောဆို သွားတာတွေ့ရပါတယ်…. မည်သို့ဆိုစေ မြန်မာပြည် နိုင်ငံရေးသမိုင်းနဲ့ ကျောင်းသားတွေရဲ့ သမိုင်းမှာတော့ မြောက်ပိုင်းပြသနာ ဟာ ဆိုဝါးတဲ့ မှတ်တမ်းတစ်ခုအနေနဲ့ ရှိလာခဲ့ပါပြီ....တကယ်တော့ မြောက်ပိုင်းပြသနာတွေ စတင်ပြီး ဖြေရှင်းလာကတည်းက မြန်မာပြည်နိုင်ငံရေး လောကက အဖွဲ့အစည်းတွေ ဟာဒီပြသနာကို လက်ရှောင်ခဲ့ကြပါတယ်… ဒါးခုတ်ရာလက်ဝင်လျှိုတဲ့အဖြစ်မျိုး မရောက်ချင်ကြတဲ့အတွက် နှာစေးနေခဲ့ကြတာပါ… မြောက်ပိုင်းကျောင်းသားတွေဟာ သူတို့သမိုင်းကိုသူတို့ ဝေဖန်ပြောဆိုမှုတွေကြားကနေ ရေးခဲ့ကြပါပြီ…. သူတို့လိုချင်ခဲ့တဲ့ အားလုံးအတွက်အမှန်တရားတစ်ခုကို ပြန်လည်ရယူခဲ့ကြပါပြီ….ရှေ့ဆက်ပြီး သက်ဆိုင်ရာကာယကံရှင်မိသားစုတွေရဲ့ တရားမျှတမှုဆိုတဲ့ လမ်းကြောင်းကတော့ ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ မင်းငြိမ်းသစ် ( ၁၈.၁၂.၂၀၁၂ )

No comments:

Post a Comment

Positive comments welcome.
အပြုသဘောဆောင်သော အကောင်းမြင်ဝါဒဖြင့် ဝေဖန်အကြံပေးမှုများအားလုံးကို
ကြိုဆိုပါ သည် ။